Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

မြစ်ဆုံဆည်စီမံကိန်းကို လုံးဝ ကန့်ကွက်ပါသည်

23 September 2011

37 comments


 ကျွန်တော်အပါအဝင် နိင်ငံရပ်ခြားကို ရောက်နေသူတိုင်း ရောက်ရှိသည့် နိင်ငံအနေအထားကိုကြည့်၍ ကိုယ့်နိင်ငံအတွက် အားမလို အားမရဖြစ်ကြမြဲဖြစ်သည်။ ကိုယ့်မြန်မာနိင်ငံလောက် သယံဇာတ မထွက်ရှိ နေရာအကျယ်အဝန်း သေးသေးလေးပေါ်တွင် တည်ရှိလျှက်နှင့် ချမ်းသာကြွယ်ဝ ခေတ်မှီသည့် အနေအထားထိ ရောက်အောင် သူတို့နိင်ငံအစိုးရများက ကြိုးစားနိင်ကြသည်။ ကိုယ့်နိင်ငံက သယံဇာတပေါင်း မြောက်မြားစွာ ပိုင်ဆိုင်လျှက်နှင့် ဘာကြောင့် ကျွန်တော်တို့က မိဝေးဖဝေး၊  မိသားစုအဝေး ၊ ချစ်သူခင်သူများ အဝေးကို လာပြီး အချိန်တွေ ကုန်ရတာလည်းဟု အခါခါ တွေးမိသည်။ အဖြေက ရှင်းရှင်းလေး ဖြစ်လျှက်နှင့် ကျွန်တော်တို့ရဲ့ ကံပါပဲဟု ဖြေတွေး တွေးပေးခဲ့သည်။

မြန်မာလူမျိုးဆိုသည်မှာ ခွင့်လွှတ်လွယ် ကျေအေးလွယ် မေ့ပျောက်လွယ်သည့် လူမျိုးဖြစ်သည်။ ပင်ကိုယ် စိတ်သဘောထားနုညံ့သလို နားလည်ပေးတတ် ဖြည့်တွေးပေးတတ်ကြသည့် လူမျိုးလည်းဖြစ်သည်။ အဆိုးနှင့်ကြုံလျှင်တောင် ကိုယ့်ကံကြောင့် သည်လိုကြုံရလေခြင်းဟုသာ ဖြေတွေးတွေးလေ့လည်း ရှိကြသည်မှာ ကျွန်တော် ကိုယ်တိုင်အပါအဝင်ဖြစ်သည်။


ပိုင်ဆိုင်သမျှ မြေပေါ်မြေအောက် သံယဇာတွေကို လူမိုက်ဈေးရောင်းနည်းနှင့် ရောင်းနေခဲ့တာတောင် ကိုယ့်ဘဝ ကိုယ်အကြောင်းဟုသာ တွေး၍ မျက်ကွယ်ပြုခဲ့သည်။ မချိသော်လည်း မသိအောင်သာ နေနေခဲ့သည်။ သို့သော် ဘယ်လိုမှ မျက်ကွယ်ပြုလို့ မရသည့် အဖြစ် ၊ မေ့ထား၍ မရသည့် ရောင်းချမှုတစ်ခုကို  ထပ်တိုးကာ လုပ်ဆောင်လာကြပြန်သည်။  မြန်မာနိင်ငံ၏ အသက်သွေးကြော၊ မြန်မာလူမျိုးတို့၏ ဂုဏ်ယူဖွယ်ရာ ပြယုဂ်၊ တနိင်ငံလုံး၏ အလေးအနက်ထားရာ ဧရာဝတီမြစ်ကြီး၏ လွတ်လပ်စွာ စီးဆင်းခွင့်ကို သတ်ပြစ်ဖို့အထိ  လုပ်ဆောင်လာကြသည့်အခါမှာတော့ ကျွန်တော်ကိုယ်တိုင် ဖြေတွေးလည်း မတွေးပေးနိင် ၊ နားလည်ခွင့်မလွှတ်ပေးနိင်တော့ပါ။ ဒါက အမျိုးသားရေးလက္ခဏာဖြစ်သည်။ ပြန်လည်အစားထိုးမရသည့် အကြီးမားဆုံး ဆုံးရှုံးမှုလည်းဖြစ်သည်။ ကိုယ့်လက်ထက်ရောက်မှ သမိုင်းရိုင်းရလေခြင်းဟု ဘဝ၏ နောက်ဆုံးအချိန်ထိ ဝမ်းနည်းရမည့် အဖြစ်လည်းဖြစ်သည်။


တပါးသူနိင်ငံတောက်ပ လင်းလက် ဖို့အတွက် ကိုယ့်နိင်ငံ၏ အရှက်တရား ၊ သိက္ခာတရားနှင့် နိင်ငံသမိုင်းကို ချနင်းကာ စတေးဝံ့သူတို့ကို  ကျွန်တော် အံ့သြမဆုံးတော့ပါ။ အမိဧရာဝတီမြစ်ကြီးအတွက် ကျွန်တော်၏ ရပ်တည်ချက်နှင့် ခံယူချက်ချက်က ရှင်းရှင်းလေးပါပဲ။ အိပ်မောကျနေချိန် လာနှိုးပြီးမေးလျှင်တောင် သွေးပွက်ပွက်ဆူကာ ပြန်ဖြေမည့် အဖြေကတော့ 


“ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝကန့်ကွက်ပါသည်။”

~~~~~~~~~~~~~~~~~~~~~~~~~~~

မြန်မာလူမျိုးတိုင်း လက်တွဲညီညီဖြင့် အမိဧရာဝတီကို ကာကွယ်ကြပါစို့။

ဘလော့ဂ်ရေးသူများသို့စာလေးတစ်စောင် - နုနုရည်(အင်းဝ)

10 May 2011

22 comments




စာပေချစ်သူ

06 May 2011

37 comments

ဒီရက်ပိုင်းမှာ စိတ်ကြည်နူးဖွယ် သတင်းတစ်ပုဒ်ကြည့်လိုက်ရသည်။ ထိုင်ဝမ်နိင်ငံက သတင်းဆိုသော်လည်း စာပေချစ်သူတိုင်း ခံစားလို့ရနိင်မည်ဟု ထင်မြင်မိသည်။ အဓိကကတော့ ဆိုင်ရှင် ပြောပြသည့် စကားလေးတစ်ခွန်းကို သဘောကျလွန်းတာကြောင့် ဒီပို့စ်လေးရေးဖြစ်ပါသည်။

စာအုပ်ဆိုင်လေးတစ်ဆိုင် ရှိပါသည်။ ဆိုင်၏တည်နေရာက လူစည်ကားရာ၊ တက္ကသိုလ်တွေ၏ အနီးအနားက လမ်းသွယ်လေးထဲမှာ ဖြစ်သည်။ ထိုဆိုင်က စာအုပ်အသစ်တွေ ရောင်းခြင်းမဟုတ်။ စာအုပ်အဟောင်းများကိုသာ ပြန်ရောင်းခြင်းဖြစ်သည်။ အသုံးပြုပြီးစာအုပ်များဖြစ်လို့ ဈေးနှုန်းလည်း သက်သာသည်။ စာအုပ်အဟောင်းရောင်းသည့် ဆိုင်များမှာ နိင်ငံတကာတွင် ရှိပါသည်။ ထို့ကြောင့် ယခုဖော်ပြချင်သည့် ဆိုင်ကလေးအကြောင်းက ထူးဆန်းသည်ဟု မဆိုသာ။ သို့သော် ဆိုင်ရှင်၏ စိတ်ကူးစိတ်သန်း နှင့် ယုံကြည်ချက်ကတော့ ထူးခြားလှပါသည်။


ဆိုင်ဖွင့်ထားသော်လည်း ဆိုင်ရှင်မရှိသည့် ဆိုင်ဖြစ်သည်။ ဆိုင်ထဲတွင် စာအုပ်စင်ပေါင်းများစွာ ၊ စာအုပ်ပေါင်း ထောင်ချီကာ ရှိနေသည်။ သို့သော် ဆိုင်ရှင်က မရှိပါ။ ဆိုင်ရှင်အစား ဆိုင်အဝင်ဝတွင် ဆိုင်းဘုတ်လေး တစ်ခု ထောင်ထားသည်။ ဆိုင်းဘုတ်တွင် ရေးထားသည်က

“ဆိုင်ရှင် ဆိုင်တွင်မရှိပါ။
ကျသင့်ငွေကို မိမိဘာသာ တွက်ချက်ပြီး ရှင်းပါ။

ဒီဆိုင်လေးကို ကိုယ့်အိမ်လို သဘောထားပြီး မိတ်ဆွေသူငယ်ချင်းများနဲ့ ပျော်ပျော်ရွှင်ရွှင် စားသောက် စကားပြောနိုင်ပါတယ်။ သူငယ်ချင်း အချင်းချင်း ချိန်ဆိုရာမှာလည်း ဒီဆိုင်လေးမှာ ချိန်းဆိုနိုင်ပါတယ်။ တစ်ယောက်တည်းပျင်းတဲ့အခါမှာလည်း ဒီဆိုင်လေးမှာ လာရောက် စာအုပ်ဖတ်ရင်း အပျင်းဖြေနိုင်ပါတယ်။ အထူးသတိပြုရမှာတော့ စာအုပ်ဝယ်ပြီး ဆိုင်ထဲက ထွက်သွားမယ်ဆိုရင် ပိုက်ဆံရှင်းဖို့ မမေ့ပါနဲ့။ ဒါဟာ ဒီဆိုင်လေးကို ကူညီပေးတဲ့ အဓိက အချက်ပါ။”

ထိုဆိုင်းဘုတ်လေး နံဘေးတွင် အိုးတစ်လုံးချထားပေးသည်။ ထိုအိုးထဲတွင် ပိုက်ဆံများရှိနေသည်။ စာအုပ်ရောင်းရသည့် ငွေများဖြစ်သည်။ ထိုအိုးလေး ဘေးမှာတော့ စာအုပ်တစ်အုပ်နှင့် ဘောပင်တစ်ချောင်း ထားပေးသည်။ စာအုပ်ဝယ်သူတွေက သူတို့ ဘယ်စာအုပ်ဝယ်သွားပါတယ်။ ကျသင့်ငွေ ဘယ်လောက်ထားခဲ့ပါတယ် ဆိုပြီး ထိုစာအုပ်လေးထဲတွင် ရေးထားခဲ့ကြသည်။ ဆိုင်ရှင်မရှိသည့်ဆိုင်ထဲက ငွေသိမ်းသည့် အိုးလေးထဲတွင် စာအုပ်ရောင်းရငွေများ ရှိနေသည်မှာ မြင်နေကျ မြင်ကွင်းမျိုး မဟုတ်တာ သေချာသည်။ ဆိုင်ရှင်မရှိသလို လုံခြုံရေး ကင်မရာများ တပ်ထားခြင်းပင် မရှိ။ အံ့သြဖွယ်ရာပင်။

အွန်လိုင်းရွှေဝတ္ထုတိုဆု ရရှိသူများ

18 April 2011

11 comments
ပထမအကြိမ် အွန်လိုင်းရွှေဝတ္ထုတိုဆုအတွက် ဆုရသူများစာရင်းကို ကြေငြာပါပြီ။ ဆုရရှိသည့်စာမူများ အတွက်ရော၊ ဆုဖြင့်လွဲချော်ခဲ့သည့် စာမူများအတွက်ပါ ဝါရင့် စာပေ ဆရာ၊ ဆရာမ တို့၏ စာမူတစ်ပုဒ်ချင်းစီ အတွက် စေတနာဖြင့် အကဲဖြတ် ဝေဖန် သုံးသပ် မှတ်ချက်များလည်း ပါဝင်ပါသည်။ စာရေးသူဝါသနာရှင်များရဲ့ စာမူတစ်ပုဒ်ချင်းစီအပေါ် ဆရာ၊ ဆရာမတို့၏ မှတ်ချက်များကို တစ်နေရာထဲတွင် တစ်စုတစ်စည်းထဲ ရရှိဖို့ဆိုသည်မှာ (စာပေလောကတွင်) ခက်ခဲသော ကိစ္စဟု ထင်မြင်မိပါသည်။ 

ပဏာမရွေးချယ်ရေးအဖွဲ့မှ ရွေးချယ်ပေးလိုက်သော ဆန်ခါတင် စာမူ (၇) ပုဒ်အပေါ် အကဲဖြတ်ဒိုင် ဆရာ ၊ ဆရာမ တို့ပေးသော အမှတ်များ၊ မှတ်ချက်များဖြင့် ပထမအကြိမ် အွန်လိုင်းရွှေဝတ္ထုတိုဆုကို ကြေငြာနိင်ခဲ့ပါပြီ။

မည်သည့်စာမူများ ဆုရသည်၊ မည်သို့ မှတ်ချက်များပေးထားသည်ကို ဤနေရာတွင် ကလစ်နှိပ်၍ဖြစ်စေ (www.thebestnovel.com ) သွားရောက်ဖတ်ရှုနိင်ပါပြီ။ ဒုတိယအကြိမ် ဆုပေးပွဲအတွက် စည်းကမ်းချက်အသေးစိတ်များကိုလည်း မကြာခင် ထပ်မံကြေငြာပါမည်။

ခင်မင်သောအားဖြင့် 
မြစ်ကျိုးအင်း
 

Posts Comments

©2006-2010 ·TNB