Showing posts with label အက်ဆေး. Show all posts
Showing posts with label အက်ဆေး. Show all posts

“သင်စိတ်ဆန္ဒရှိလျှင် အခါခါ ပွင့်လန်းနိင်ပါတယ်”

21 March 2012

32 comments


နောက်ဆုံးတော့ ဒီနေ့ကို ရောက်ခဲ့ပါပြီ။ တကူးတကစောင့်နေတာ မဟုတ်ပေမယ့် ဒီနေ့ကိုရောက်ဖို့  နေ့စဉ်နေ့စဉ်  ဖြတ်သန်းပြီး ကျနော်  ကြိုလင့်ခဲ့တာ။ ဒီနေ့က ပန်းကလေးပွင့်တဲ့နေ့ပေါ့။ ပန်းပွင့်တာက အထူးအဆန်းမဟုတ်ပေမယ့် ကျနော်ရည်ညွှန်းတဲ့ ပန်းကလေးနဲ့ပါတ်သတ်ပြီး သာမန်ထက်ပိုတဲ့ စိတ်ခံစားချက်မျိုး ရှိနေခဲ့တယ်။ အဲဒီအကြောင်းကို ပြောပြချင်တာပါ။

ကျနော် ရည်ညွှန်းတဲ့ ပန်းကလေးက သစ်ခွ ပန်းကလေးပါ။ ရှားပါးသစ်ခွ မဟုတ်သလို တန်ဖိုးကြီး သစ်ခွမျိုးလည်း မဟုတ်ပါဘူး။ သာမန်သစ်ခွ ပန်းပင်ကလေးမှာ အဖြစ်အပျက်တစ်ချို့ရှိပါတယ်။ လွန်ခဲ့တဲ့ ၈လ ကျော်လောက်က သူငယ်ချင်းအိမ် သွားလည်ရင်း ကျနော့်သူငယ်ချင်းရဲ့ အစ်မဖြစ်သူ စိုက်ထားတဲ့ အဲဒီသစ်ခွပန်းပင်လေးကို တွေ့ခဲ့တာ။ တခြားပန်းပင်တွေနဲ့အတူ စိုက်ထားပေမယ့် လုံလောက်တဲ့ ဂရုစိုက်မှုမျိုး မရှိတော့  သစ်ခွပင်လေးက အရိုးငုတ်တိုနဲ့ အရွက်တွေ အမြစ်တွေ ခြောက်ကပ်နေတယ်။ 

စိုက်စဉ်ကတော့ စိတ်ပါလို့ စိုက်ခဲ့ပုံပါပဲ။ နောက်ပိုင်းတော့ စိတ်လျော့သွားပုံရပါတယ်။ တခြားအပင်တွေကတော့ နေရောင်ခြည်အောက်မှာ ထိုက်သင့်သလောက် ပွင့်လန်းနေပေမယ့် ဒီသစ်ခွပင်လေးကတော့ နဂိုချိတ်ထားတဲ့ နေရာမှာပဲ မလှုပ်မယှက် ငြိမ်သက်နေတယ်။ ကျနော် အပင်နားကို တိုးကပ်ကြည့်ရင်း

“အစ်မ သစ်ခွပင်က သေတော့မယ်နဲ့တူတယ်”
“သိပါဘူးဟာ ငါလည်း ဝယ်လာခါစက ရေတွေ မှန်မှန်လောင်းပေးတာပဲ။ အပင်က မျိုးမကောင်းဘူးနဲ့တူတယ်ဟ။ အရွက်တွေရော အမြစ်တွေပါ ပုပ် သလိုဖြစ်လာတာနဲ့ ဒီအတိုင်းပဲ ထားလိုက်တော့တာ။”

ဒီအတိုင်းထားလိုက်တော့တာ ဆိုတဲ့စကားက ထုတ်မပြောရင်တောင် သိသာနိင်လောက်အောင် သစ်ခွပင်ပုံစံက သက်သေခံနေတယ်။ အိုးအတွင်းဘက်မှာ ခြောက်ကပ်စပြုနေတဲ့ အမြစ်တွေအချင်းချင်း လိမ်ယှက်နေတယ်။ မျှော်လင့်ချက်ဆိုလို့ လက်ကျန် အမြစ်လေး  နှစ်ခု သုံးခုရဲ့ အရင်းပိုင်းမှာ အစိမ်းရောင် နဲနဲ သန်းနေသေးတာလေးပဲ ကျန်တယ်။ ကျနော့်ကို စိတ်ဝင်စားသွားစေတာလည်း အဲဒီ  အစိမ်းရောင်ဖျော့ဖျော့လေးပါပဲ။ အဲဒီမှာ ကျနော့်ရဲ့ ဗီဇ က နိုးထလာတော့တယ်။

“ သေမယ့်အတူတူ ဒီအပင်လေး ကျနော့်ကို ပေးဗျာ”
“ဟဲ့.. ဘာလုပ်မတုန်း”
“ အမြစ်ခြောက်နေပုံလေးကို ဓါတ်ပုံ ရိုက်ချင်လို့ ”
“အမလေးဟဲ့ ဘာများလဲလို့ နင်လည်း ရောဂါပဲ”

ဗိုလ်ချုပ်အတွက် (သို့) တိုင်းပြည်အတွက်

19 January 2012

33 comments
ဒီပို့စ်လေးနဲ့ ပါတ်သတ်ပြီး အနည်းငယ် စကားဦးသန်းချင်ပါသည်။ ဒီပို့စ်လေးက ကျနော် ပထမဆုံးရေးဖြစ်တဲ့ ဓါတ်ပုံအက်ဆေးလေးပါ။ ဓါတ်ပုံအက်ဆေးသဘော မပီပြင်ခဲ့လျှင်လည်း ကျွန်တော့်ရဲ့ လိုအပ်ချက် ဖြစ်ပါလိမ့်မည်။ လွန်ခဲ့သည့် သုံး နှစ်ပါတ်ဝန်းကျင်က ကျွန်တော့်ဘလော့ဂ်ပေါ်မှာ ဓါတ်ပုံလေးတွေ တင်ပြီး မျှဝေဖူးခဲ့သော်လည်း နောက်ပိုင်းတော့ ဓါတ်ပုံတွေ မတင်ဖြစ်တော့။ ယခုဒီပို့စ်ထဲတွင် ဓါတ်ပုံတော်တော်များများ ပြန်တင်ဖြစ်သည်။ ရည်ရွယ်ချက်ရှိပါသည်။ ထိုရည်ရွယ်ချက်ကို ပြောချင်၍လည်း ဤကဲ့သို့ စကားဦးသန်းမိခြင်း ဖြစ်သည်။

ကျွန်တော်လက်ရှိခေတ္တနေထိုင်သည့် ထိုင်ဝမ်နိင်ငံ ထိုင်ပေမြို့တွင် ဟိုဒီသွားလာရင်း နေရာတစ်ခုတည်းကို သုံး ၊ လေး ကြိမ်ရောက်ဖြစ်သည်။ ထိုနေရာက Chiang Kai Shek Memorial Hall ဖြစ်သည်။ ချန်ကေရှိတ် က ထိုင်ဝမ်နိင်ငံတည်ထောင်ခဲ့သည့် ခေါင်းဆောင် ဖြစ်သည်။ ထို့ကြောင့် ထိုရင်ပြင် ဗိမ္မာန်နေရာကို နိင်ငံဖခင် အောက်မေ့ဖွယ်ဗိမ္မာန်ဟုလည်း အမည်ခေါ်ဝေါ်ကြသည်။ သူ့နိင်ငံတည်ထောင်ခဲ့လို့ သူတို့နိင်ငံဖခင်ကြီးဟု ကင်မွန်းတပ်ကြသည်က  သဘာဝကျသည်။ မထူးဆန်း။ ကျေးဇူးသိတတ်ကြသည်ကိုး။ ထူးဆန်းနေသည်က ကျွန်တော်...။

ထို ချန်ကေရှိတ်အောက်မေ့ဖွယ် ဗိမ္မာန်က ကျွန်တော် နေသည့်နေရာနှင့် သိပ်မဝေး။ သွားလျှင် နာရီဝက်ခန့် အချိန်အတွင်း ရောက်သည့်နေရာဖြစ်သည်။ သည်တော့ ရောက်ဖြစ်သည်။ ပထမတကြိမ်ရောက်သည်။ နှံ့နှံ့စပ်စပ်လျှောက်ကြည့်သည်။ ထူးဆန်းသည့်ခံစားချက်တစ်ခုက ဝင်လာသည်။ ဒါပေမယ့် ထိုခံစားချက်ကို သိပ်အလေးအနက် မထားခဲ့မိ။ ထို့နောက် အချိန်အတန်ကြာတော့ နောက်တစ်ကြိမ် ထပ်ရောက်ပြန်သည်။ မြင်ဖူးပြီးသား ပြခန်းတွေ ပြကွက်တွေကို ပြန်ကြည့်မိပြန်သည်။ ပထမအကြိမ်တုန်းက ခံစားချက်ထက်ပိုပြင်းထန်သည့် စိတ်ခံစားချက်က ထပ်ဝင်လာပြန်သည်။ ဒါကိုလည်း အသာထားလိုက်သည်။ 

သည်လိုနှင့် တတိယအကြိမ်ရောက်သည့်အခါမှာတော့ ကျွန်တော့်ခံစားချက်တို့က ထိန်းမရတော့။ သိပ်ကို အားကောင်းလွန်းနေတော့သည်။ ထိုခံစားချက်က ချန်ကေရှိတ်၏ အသုံးအဆောင် ၊ ဆုတံဆိပ် ၊ အဝတ်အထည် ၊ လက်ရေးစာမူ ၊ စီးခဲ့သည့်ကား ၊ ဆွဲခဲ့သည့်ပန်းချီ စသည့် ပြခန်းထဲတွင် ပြသထားသမျှ အမှတ်တရပစ္စည်းများကို ကြည့်မိတိုင်း ဗိုလ်ချုပ်အောင်ဆန်း အသုံးအဆောင်တွေသာဆိုလျှင်ဟု အစားထိုးမြင်နေမိသည့်ခံစားချက်ဖြစ်သည်။ ထိုခံစားချက်က ပထမအကြိမ်၊ ဒုတိယအကြိမ် ရောက်ဖြစ်သည့်အကြိမ်တွေထက် ပို၍အားကောင်းသော ခံစားချက်ဖြစ်နေတော့သည်။  ဒို့ဗိုလ်ချုပ်သာဆိုလျှင် ဆိုသည့်အတွေး ၊ ဒို့ဗိုလ်ချုပ်အသုံးအဆောင်တွေကိုလည်း ဒီလို ခမ်းခမ်းနားနား ထားစေချင်သည့် စိတ်များဖြစ်ပြီးရင်း ဖြစ်နေမိတော့သည်။ မည်သည့်ပစ္စည်းကို ကြည့်မိကြည့်မိ ဗိုလ်ချုပ်ကိုတွဲမြင်နေမိသည်။ 

ထိုစိတ်ခံစားချက်တွေကြောင့် ကျွန်တော် တွေးမိသွားသည်။ ငါတို့နိင်ငံမှာရော ဘာလို့အဲဒီလို မလုပ်နိင်ရမလဲ။ လုပ်ရင် ရရမှာပေါ့။ ရန်ကုန်မြို့မှာ နေရာကျယ်ကျယ် လွယ်လွယ်ကူကူ ရှိနိင်သလား စဉ်းစားမိတော့ ပြည်သူ့ရင်ပြင်ကို မြင်မိသည်။ ဤချန်ကေရှိတ်ရင်ပြင်နှင့် ဗိမ္မာန်တည်ရှိပုံကလည်း  ပြည်သူ့ရင်ပြင်နှင့် ခပ်ဆင်ဆင်။ တောအုပ်လေးတွေလည်း ရှိသည်။ ရေကန်လေးတွေလည်းရှိသည်။  နေရာအခက်အခဲ မရှိဘဲ ပြည်သူ့ရင်ပြင်တွင် ဗိုလ်ချုပ်ပြတိုက်အတွက် နေရာတစ်ခုယူ၍ တည်ဆောက်လျှင် ဖြစ်နိင်ကြောင်း ကျွန်တော်တွေးမိသည်။ ဖြစ်စေချင်လွန်းလှသည်။

ထို့ကြောင့် ဒီဓါတ်ပုံအက်ဆေး လေးကို တင်ဖြစ်ခြင်းဖြစ်သည်။ ကြည့်မိသူများအတွက် ဒေသန္တရဗဟုသုတ ဖြစ်စေ ၊ ကျွန်တော့်ကဲ့သို့ ဘယ်ပုံကိုကြည့်ကြည့် ဗိုလ်ချုပ်အောင်ဆန်း၏ အမှတ်တရပစ္စည်းလေးတွေကို ဒီလို ခမ်းခမ်းနားနား ထားစေချင်သည့် စိတ်အားတက်ကြွမှုဖြစ်စေ၊ ရစေချင်၍ သည်ပို့စ်ကို တင်ပါသည်။ ပြည်ပအားကိုး အထင်တကြီးစိတ်မျိုးမဟုတ်ပါ။ ကောင်းသည့်အချက်များကို ကိုယ့်နိင်ငံတွင်လည်း ရှိစေချင်သော စိတ်ဆန္ဒသက်သက်သာ ဖြစ်ပါသည်။


CKS (ချန်ကေရှိတ်) ပြတိုက်အဝင်မုဒ်ဝ ဖြစ်သည်။ ထိုင်ဝမ်အလံက မြန်မာပြည်အလံဟောင်းနှင့် ဆင်တူလွန်းသည်။

ဆွေမျိုးများထဲမှ

08 October 2011

33 comments
စာမရေးဖြစ်သည်မှာ ကြာလာတော့ အာရုံတွေက ငြိမ်သက်အေးခဲနေ၏။ စိတ်ကူးထဲမှာ ဇာတ်လမ်းများကိုပုံဖော်သလောက် လက်ကလိုက်မရေးချင်သည့်အခါ စာရေးချင်စိတ်ပင် လျော့ပါးစပြုလာသည်။ ဒီအတိုင်းဆို ကြာလေပိုဆိုးလေဖြစ်တော့မည်ကို တွေးမိ၍ ပေါ့ပေါ့ပါးပါး တစ်ပုဒ်ရေးကာ စာရေးချင်စိတ်ကို အရှိန်ပြန်ယူလိုက်ပါရသည်။ ဆွေမျိုးများထဲမှာ ထူးခြားသည့် စရိုက်ရှိသူများအကြောင်း ရေးမည်ဟု စိတ်ကူးရမိပြီး ယခုပို့စ်လေးကို ရေးမိခြင်းဖြစ်သည်။ 

ပထမဆုံးရေးချင်သည့် သူအကြောင်းက ကျွန်တော့်အဘိုးအကြောင်းဖြစ်သည်။ အဘိုးက ခုခေတ်စံချိန်စံညွှန်းများနှင့်တိုင်းလျှင် ထူးခြားသော စရိုက်ရှိသူတစ်ယောက်ဟု သတ်မှတ်ရမည်ထင်သည်။ သူယုံကြည်ရာကို ဆွဲကိုင်ပြီး နေထိုင်ရှင်သန်သွားသူဖြစ်သည်။  အဘိုးနာမည်က ဦးထွန်းအောင် ဟုခေါ်သည်။ 

ကျွန်တော် သိတတ်စ အရွယ်ရောက်မှ အဘိုးက ကျွန်တော့်အဘိုးအရင်း မဟုတ်မှန်း သိခဲ့ရ၏ အဘိုးက အဘွား၏ နောက်အိမ်ထောင်ဖြစ်သည်။ ကျွန်တော့်ဖေဖေ ကလေးဘဝကတည်းက သူ့ဖခင် ဆုံးပါးခဲ့ရတာကြောင့် အဘွားက နောက်အိမ်ထောင် ထပ်ထူလိုက်ခြင်းဖြစ်သည်။ မပြောမဖြစ် ပြောဖို့လိုသည့်အချက်က အဘိုးက ဗုဒ္ဓဘာသာဝင် မဟုတ်။ ဘာသာခြားဖြစ်သည်။ သူ ကျွန်တော့်အဘိုးအရင်း မဖြစ်ခဲ့သည့် အချက်များထဲတွင် ထိုအချက်သည် ကျွန်တော့်ကို စိတ်သက်သာရာ ရစေသော အချက်လည်းဖြစ်၏။

မွေးနေ့စာတမ်း

22 May 2011

47 comments

မနက်စောစော ဖုန်းသံတစ်ခုကြားလိုက်ရသည်။ နားထောင်လိုက်သည့် အခါ ဂစ်တာသံ ခပ်တိုးတိုး ထွက်လာ၏။ သီချင်းတစ်ပုဒ် တီးနေခြင်းမဟုတ်။ တီးလုံးသံစဉ်တစ်ခုကို ကြိုးစားပမ်းစား တီးနေသည့် အသံဖြစ်သည်။ ဂစ်တာကြိုးတစ်ချောင်းချင်းကို ဖြေးညင်းစွာဖိ၍ ဂရုစိုက် တီးနေသည်ကို ခံစားမိသည်။ သို့သော် တီးလုံးသံက ပီပီသသ ထွက်ပေါ်နေသည်။ ဟတ်ပီးဘက်ဒေး ဆိုသည့် တီးလုံးသံဖြစ်သည်။ တစ်ခါတရံ ကြိုးမှားဖိမိဟန်ဖြင့် အသံကြောင်သွားသေးသည်။ အံ့သြစိတ်ဖြင့် ဖုန်းနံပါတ်ကို ပြန်ကြည့်မိသည်။ နံပါတ်မမှားပါ။ တီးလုံးသံသာ ခပ်တိုးတိုးထွက်ပေါ်နေသည်။ နောက်မှ အကြောင်းစုံသိရသည်။ ထိုသီချင်းကို တီးတတ်ရန် လွန်ခဲ့သည့် တစ်ပါတ်ထဲက ဂစ်တာတစ်လက်ဝယ်၍ ဂစ်တာသင်တန်းတွင် သွားသင်ထားခြင်းဖြစ်သည်။ ထိုသံစဉ်လက်ဆောင်အတွက် ကျေးဇူးတင်မိသည်။

ထို့သို့ မနက်ခင်းကို နှိုးထလာခဲ့ပြီး နောက်တွင် အိမ်ကိုဖုန်းဆက်ဖြစ်သည်။ ဖုန်းကိုင်ကိုင်ချင်းမှာပဲ တစ်ဘက်က မွေးနေ့ဆုတောင်းပေးသံများ ထွက်လာသည်။ ကျွန်တော် ကြည်နူးသွားမိ၏။ ကိုယ့်ကိုသတိတရ ရှိနေကြပါလား ဆိုသည့်နွေးထွေးမှုမျိုး လွှမ်းခြုံခံလိုက်ရ၍ဖြစ်သည်။ မေမေ.. အစ်မကြီး.. အစ်မလတ်..အစ်မငယ် တို့၏ဆုတောင်းပေးသံများကြားမှာ ကျွန်တော် လူငယ်လေး တဒင်္ဂပြန်ဖြစ်သွားသည်။ လူငယ်လေး....ထိုစကားစုသည် ကျွန်တော်နှင့် ခပ်ဝေးဝေးမှာ ကျန်နေခဲ့တာ ကြာပြီ။ ရှေ့သို့လျှောက်ရင်း နောက်သို့ မကြာခဏ ပြန်လှည့်ငေးမိသည်မှာ ထိုလူငယ်ဘဝကို ဖြစ်သည်။ သို့သော် ကျန်ရစ်ခဲ့ပြီ။ 

မနေ့ညက ကျွန်တော့်စိတ်ထဲ မှိုင်းမှိုင်းညို့ညို့ ဖြစ်မိသည်။ မကြာခင်... မကြာခင်  ဆိုသည့် စကားစုက မကြာခဏ အချက်ပေး၏။ ကျွန်တော်က သံယောဇဉ်ကြီးတတ်သူ ဖြစ်သည်။ ရပ်တည်နေသည့်ရပ်ဝန်း ၊ ခင်မင်သည့် အပေါင်းအသင်း၊ စွဲလန်းနှစ်သက်သည့် အရာဝတ္ထု စသည့် သက်ရှိသက်မဲ့များ တစ်ခါတစ်ရံ ဘာမျှအသုံးမဝင်သည့် သက်မဲ့အရာဝတ္ထုလေးကိုပင် သံယောဇဉ်ကြီးတတ်သူဖြစ်သည်။ မနေ့ညကလည်း ချန်ထားခဲ့ရတော့မည့် အရာတစ်ခုကို အနည်းငယ် လွမ်းဆွတ်မိပြန်သည်။ ဖမ်းဆုပ်၍မရသော်လည်း ထိုအရာဖြင့် ကျွန်တော် ရက်ပေါင်း သုံးထောင်ကျော် ရင်းရင်းနှီးနှီး ပါတ်သတ်ခဲ့ဖူးသည်။ ထိုအရာသည် ကိန်းဂဏန်းတစ်ခုသာဖြစ်သည်။ 

သရက်သီးကောက်ရာသီ

23 April 2011

33 comments

ငယ်စဉ်ဘဝအကြောင်းလေးတွေ ပြန်တွေးမိတိုင်း အတွေးထဲဝင်လာလေ့ရှိသည်မှာ ကျေးလက်တောရွာ၌ နေခဲ့စဉ်က အကြောင်းလေးတွေပဲ ဖြစ်သည်။ မြို့ပေါ်မှာမွေး၊ မြို့ပေါ်မှာ ကြီးပြင်းခဲ့သော်လည်း ဆွေမျိုးတွေရှိသည့် တောရွာကလေးကို ကျွန်တော်ခင်တွယ်လွန်းပါသည်။ နွေရာသီ ကျောင်းပိတ်ရက်တိုင်း နှစ်စဉ်သွားလည်ဖြစ်ခဲ့သည်။ ကျွန်တော့်မေမေ တစ်ယောက်သာ အိမ်ထောင်ကျပြီးမြို့ကို ရောက်လာခဲ့သော်လည်း မေမေ၏ ဆွေမျိုးများအားလုံးကကျေးလက်တောရွာတွင်သာ နေထိုင်ကြသည်။ ဆုံးပါးသွားသည့် အဖိုးက လွဲလျှင် အဖွား ၊ ဦးလေးနှစ်ယောက် နှင့် ဒေါ်လေးတို့ မိသားစုရှိနေကြသည်။ ဒါက ဆွေမျိုးအရင်းအချာကြီးတွေ။

တွံတေးတူးမြောင်းအလွန်တွင်ရှိသော ကရင်ချောင်းအစမှသည် တွံတေးတောကြီးတန်းရွာအထိ ချောင်းရိုး အတိုင်း တည်ထားသော ရွာစဉ်တစ်လျှောက်တွင် အဖိုးလေး၊ အဖွားလေးနှင့် ဦးလေး၊ အဒေါ်တစ်ဝမ်းကွဲတွေ ၊ ညီအကို နှစ်ဝမ်းကွဲ သုံးဝမ်းကွဲစသည့် ဆွေမျိုးတို့က များပြားလှသည်။ မော်တော်က တွံတေးတူးမြောင်းကို ဖြတ်သန်းပြီးသည်နှင့် ကရင်ချောင်းထဲသို့ဝင်လာပြီ။ ကျွန်တော်က မော်တော်ပေါ်ကနေ ကရင်ချောင်း အဝင်ဝမှစ၍ ချောင်းကမ်းနဖူး အိမ်များကို ကြည့်ငေးသွားသည်။

ရေချိုးဆင်းနေသည့် ဆွေမျိုးများ၊ အိမ်ပြတင်းပေါက်မှ လှမ်းကြည့်နေသော ဆွေမျိုးများ၊ နောက်ဖေး ရေကပြင်တွင် တခုခု ဆေးကြောနေသော ဆွေမျိုးများကို တစ်ယောက်မဟုတ် တစ်ယောက် တွေ့ရတတ်သည်။ နွေရာသီတွင် ကရင်ချောင်းက သိပ်မကျယ်လှ။ ဒီတော့ ဆွေမျိုးတစ်ယောက်ယောက်ကို တွေ့လျှင် မော်တော်ပေါ်က လက်လှမ်းပြမိသည်။ သူတို့ကလည်း ပြန်လည်ပြီးလက်ပြကြ၊ လှမ်းအော်နှုတ်ဆက်ကြသည်။
“ ဝေး...ငါတို့ဘက် လာခဲ့အုံးနော့”


ထိုစကားကို ကရင်သံဝဲဝဲလေးဖြင့်အော်၍ဖြစ်စေ၊ လက်ဟန်ခြေဟန်ဖြင့် ဖြစ်စေ ဖော်ပြကြသည်။ အဖွားနေသောရွာကို ရောက်ပြီး ရက်အနည်းငယ်ကြာလျင် ပဲ့ထောင်စက်လှေဖြင့် ဆွေမျိုးများက ကိုယ်တိုင် လာရောက်ခေါ်ကြသည်။ ဟန်ပန်တွေမရှိ၊ ဆင်းရဲချမ်းသာ ထည့်မတွေးဘဲ ရွာရောက်တုန်းရောက်ခိုက် ကျွေးမွေးဧည့်ခံချင်၍ဖြစ်သည်။ ထိုသို့သော ဖော်ရွေခြင်း၊ ဖြူစင်ခြင်းတွေကြောင့် အမေ့ဘက်က ဆွေမျိုးတွေကိုသာ ကျွန်တော်ချစ်သည်။ သတိတရရှိသည်။ ရွာဓလေ့ ရွာအငွေ့အသက်ကို အခုချိန်ထိ ခံစား၍ ရတုန်းဖြစ်သည်။

စီးလာသည့်မော်တော်မှာ ကရင်ချောင်းထဲသို့ တဖြေးဖြေး ဝင်လာသည်။ ဘယ်သူ့ကိုများ တွေ့လေမလဲဟု ဆွေမျိုးများအိမ်ကို ကြည့်ငေးရင်းဖြင့် ကျွန်တော့်တွင်ပျင်းရိငြီးငွေ့စိတ်တို့ မရှိတော့။ ထိုသို့ဖြင့် ကမ်းနံဘေး ရွာတလျှောက်ကို ဖြတ်သန်းရင်း မေမေ့ကို မွေးဖွားခဲ့သည့် ကျုံဖား ကျေးရွာအပိုင်းကို ရောက်သွားတော့သည်။ ဖွားစိမ်းဟု ခေါ်ကြသည့် ကျွန်တော့်အဖွား၏ ရေချိုးဆိပ်တွင် မော်တော်ကပ်ပေးသည်။ ကမ်းမကပ်ခင်ထဲက ကျွန်တော်က အထုပ်အပိုးတွေဆွဲကာ ဆင်းရန် မော်တော်ဦးပေါ်တွင် အဆင်သင့်ဖြစ်နေတော့သည်။ မော်တော်ဆိုက်ကပ်တာ မြင်သည်နှင့် ညီအကိုတွေ ဦးလေးတွေ အဒေါ်တွေက ကမ်းနဖူး ဆင်းလာကြိုကြပြီ။

 

Posts Comments

©2006-2010 ·TNB