Showing posts with label ပေါ့ပေါ့ပါးပါး. Show all posts
Showing posts with label ပေါ့ပေါ့ပါးပါး. Show all posts

Hidden Cam

15 May 2010

43 comments

ကျွန်တော် ဘလော့ဂ်စရေးပြီး အရှိန်နဲနဲ ရလာချိန်မှာ အခန်းဖော် မိတ်ဆွေတွေကို နာမည်ဝှက်လေးတွေ ပေးပြီး သူတို့ရဲ့ အကြောင်းတွေကို တဖွဲ့တနွဲ့ ရေးဖြစ်ခဲ့တယ်။ မိတ်ဆွေတစ်ယောက်ကတော့ သူရဲ့ ငယ်ဘဝက အဖြစ်လေးတွေကို ပြောပြတာနဲ့ ကျွန်တော်က အနီးစပ်ဆုံး ပုံပေါ်အောင် ရေးပေးခဲ့တယ်။ သူ့ရဲ့ နာမည်ဝှက် ကိုတော့ ညောင်ရမ်း လို့ပေးထားတယ်။ ညောင်ရမ်း ဆိုတဲ့ခေါင်းစဉ်အောက်မှာ သူ့အကြောင်း တော်တော် များများ ရှိပါတယ်။ ဘာပဲလုပ်လုပ် အတိုင်းအဆ မရှိ အရမ်းလုပ်တတ်လို့ ခေါ်လို့ကောင်းအောင် ညောင်ရမ်းလို့ နာမည်ပေးခဲ့တာပါ။


ညောင်ရမ်းထက်ပိုစောပြီး ဘလော့ဂ်စာမျက်နာပေါ် ရောက်လာသူကတော့ အဖြူလေး ပါပဲ။ အဖြူလေးမှာလည်း ရာဇဝင်ရှိတယ်လို့ ပြောရမယ်။ သူကတော့ ဘယ်ကိစ္စဖြစ်ဖြစ် သူမသိသလို မဆိုင်သလိုနဲ့ အဖြူထည်လေး ၊ ဖြူစင်သူလေး လုပ်တတ်လွန်းလို့ အဖြူလေး လို့နာမည်ပေးဖြစ်ခဲ့တယ်။ တကယ်ရိုးအ တာလား ဟန်ဆောင်တာလားတော့ အစောပိုင်းက မဝေခွဲတတ်ခဲ့ဘူး။ တစ်ခုခုဆွေးနွေးပြီဆို သူဘာမှ မသိတဲ့ ပုံစံမျိုးလေးနဲ့ မေးတတ်လွန်းတယ်။ ကျွန်တော်တို့က ဒီကိစ္စလေးတောင် မသိရကောင်းလား ဆိုပြီး အားမလိုအားမရနဲ့ ဝိုင်းအော်ကြရင် သူက ဘာမှမသိတဲ့ အမူအရာမျိုးနဲ့ နေပြတတ်ပြီး နောက်ကွယ်ရောက်မှ ရယ်နေတတ်တဲ့သူပေါ့။ ကြာကြာပေါင်းဖြစ်တော့လည်း အကြောင်းသိလာတယ်ပြောရမယ်။


အဖြူလေးရဲ့ နေပုံထိုင်ပုံလေး တွေကို စာအဖြစ်လည်း ရေးခဲ့ဖူးတယ်။ ဟိုအရင်တုန်းက အဖြူလေး ရဲ့ အမူအရာတွေကို အနီးစပ်ဆုံး မြင်လွယ်အောင် ပြောရရင် Mr.Bean ဇာတ်လမ်းတွဲ ကြည့်နေရသလိုပါပဲ။ အဖြူလေးကြောင့် ကျွန်တော်တို့ ညတွေတော်တော်များများ တဝါးဝါး တဟားဟားနဲ့ ရယ်ခဲ့ရဖူးတယ်။ ခင်မင်ရတဲ့သူတွေကို သူရဲ့ ဖျော်ဖြေဟန်လို့ပဲ ပြောရမယ်။ နောက်ပိုင်းတော့ သူလည်း သူ့ခံစားချက်လေးတွေ ရေးတဲ့ အဖြူလေး ဆိုတဲ့ဘလော့ဂ်ဂါ တစ်ယောက်ဖြစ်လာတော့တယ်။ ကျွန်တော်တို့တွေ စုစုဝေးဝေး ရှိခဲ့စဉ်က မရပ်မနား ရယ်မောခဲ့ရတဲ့ အဖြစ်လေးတစ်ခုကို ပို့စ်အဖြစ် တင်လိုက်ပါတယ်။


ဟိုးအရင်ကဆို ကျွန်တော်တို့တွေ ညစာစားပြီးရင် အပျင်းပြေ poker ကစားကြပါတယ်။ အနိင်အရှုံးလည်း နဲသလို တစ်စုတဝေးထဲ စကားထိုင်ပြောလို့ ကောင်းတဲ့ ကစားနည်းဖြစ်လို့ ညစဉ်နီးနီး ပိုကာဒေါင်းဖြစ်ကြတယ်။ တစ်ညတော့ ထမင်းစားပြီးလို့ poker ကစားမယ်ဆိုပြီး ပြင်ဆင်နေတုန်းမှာ အဖြူလေးကို ဂျောက်ချဖို့ အကြံတခုရလာတယ်။ ဒါနဲ့တခြားသူတွေကို တိုးတိုးတိတ်တိတ် တိုင်ပင်လိုက်တော့ အားလုံးကလည်း တက်ကြွစွာနဲ့ သဘာတူကြတယ်။

လမိုင်းမကပ်တဲ့ ပွဲ

10 April 2010

45 comments


ဒီစာကိုတော့ ရာသီစာလို့ပဲ ဆိုရမယ်ထင်တယ်။ ကိုယ်ကိုတိုင်လည်း အခုချိန်မှာ သင်္ကြန်အငွေ့အသက်တွေကို ခံစားနေမိပြီ ဆိုတော့ ဖြတ်သန်းခဲ့ဖူးတဲ့ ပျော်ရွှင်ခြင်းတွေကို ပြန်သတိရလာပြန်တယ်။ သင်္ကြန်မှာ လူငယ်သဘာဝ ပျော်ခဲ့ မော်ခဲ့တာလေးတွေ စိတ်ထဲ ပြန်ရောက်လာမိပြီပေါ့။သင်္ကြန်အကြောင်း ပြန်တွေးလိုက်တိုင်း အတွေးထဲ အရင်ဆုံး ဝင်လာတတ်တဲ့ အကြောင်းအရာတွေထဲက ရယ်ရယ်မောမော အဖြစ်အပျက်လေးကို ပြန်ပြောပြချင်ပါတယ်။

လွန်ခဲ့တဲ့ ၈ နှစ်လောက်က အကြောင်းအရာဖြစ်ပေမယ့် အခုထိ ပြက်ြပက်ထင်ထင် မြင်ယောင်နေဆဲပါပဲ။ အမြဲတမ်း သတိရနိင်လောက်အောင်လည်း အဖြစ်အပျက်က ထူးခြားတယ်လေ။ သေချာတာက ဒီဇာတ်လမ်းက ကျွန်တော့်စိတ်ကူးနဲ့ ဖန်တီးပြီး ရေးထားတာ မဟုတ်ဘူးဆိုတာပါပဲ။ အဲဒီလောက်စနစ်တကျ အလွဲတွေကိုလည်း ဖန်တီးဖို့ မလွယ်ပါဘူး။ ကံကြမ္မာစီထားတဲ့ ဇာတ်က လူရေးတာထက် ပိုအကွက်စေ့ပါတယ်။

.....................................................................။

သင်္ကြန်ရောက်ခါနီးပြီဆို ကျွန်တော်တို့ သူငယ်ချင်းတွေ ရန်ကုန်တဖက်ကမ်းက ဒလ ဘက်ကိုဆင်းပြီး ဂျစ်ကား သွားငှားလေ့ရှိတယ်။ အဲဒီနှစ်ကလည်း ဂျစ်ကားငှားပြီး စရံငွေ ပေးခဲ့ကြတယ်။ အကြိုနေ့မရောက်ခင် ညနေမှာပဲ ငွေအကျေချေပြီး ဂျစ်ကားရော ကားဆရာနှစ်ယောက်ရော ဇက် နဲ့ကူးပြီး သွားခေါ်လာကြတယ်။ အကြိုနေ့ မတိုင်ခင် ညနေဆိုရင် ပန်းဆိုးတန်း ဘောတံတားမှာ ဒလဘက်က တက်လာတဲ့ ဂျစ်ကားတွေ တန်းစီနေတာပါပဲ။ သင်္ကြန်ကာလအတွင်း ကားဆရာတွေကို ကျွန်တော့်အိမ်မှာပဲ နေဖို့ စားဖို့ပါ စီစဉ်ပေးရတယ်။ ကိုယ်က တာဝန်ခံပြီး ငှားတော့ အိမ်မှာပဲ ထားထားရတာပေါ့။

ဒီလိုနဲ့ သင်္ကြန်အကြိုနေ့မှာ ဘယ်မှ လျှောက်မလည်ဘဲ သူငယ်ချင်းတွေ စုပြီး စားကြသောက်ကြ ဂျစ်ကားကိုပါ ကြောင်ကြောင်ကျားကျားတွေ ဆေးမှုတ်ကြတယ်။ ကားသမားတွေကလည်း သင်္ကြန်ပြီးရင် ကားဘော်ဒီ ပြန်ကိုင်လေ့ရှိတော့ လုပ်ချင်ရာလုပ် အေးအေးဆေးဆေးပါပဲ။ ကားဆရာ နှစ်ယောက်က မနှစ်ကလည်း သူတို့ကားပဲ ငှားဖူးတယ်ဆိုတော့ တော်တော်ရင်းနှီးနေတယ်။ ကိုယ်နဲ့ ရင်းနှီးတဲ့ ကားကို ငှားတာ အကောင်းဆုံးပါပဲ။ ဘာကြောင့်ဆိုတော့ ကားငှားတဲ့အခါ စာချုပ် ချုပ်တော့ ၁၇ ယောက်ပဲ တင်ခွင့်ရှိတယ်လို့ ကားပိုင်ရှင်ဘက်က ထည့်ချုပ်လေ့ရှိတယ်။ တစ်ချို့ကလည်း ၁၈ ယောက်ပေါ့။ ကျွန်တော်တို့က ၁၇ ယောက်လည်း အိုကေတယ်ဆိုပြီး စာချုပ် ချုပ်ကြတယ်။ ဒါကလည်း အထာ ရှိတယ်လေ။

စာချုပ်ထဲမှာ ၁၇ ယောက်ဆိုပေမယ့် ကားတကယ်ထွက်ရင် အယောက် ၂၀ ပါပဲ။ ကားသမား ဆိုတာလည်း ကိုယ်နဲ့ရင်းနှီးနေတော့ အိုကေပါတယ်။ ဒီတော့ သူတို့ကို လ္ဘက်ရည်ချိန် လ္ဘက်ရည် တိုက်ရတယ်။ လည်တဲ့သူ ၂ ယောက် ၃ ယောက်လောက် တိုးလာရင် တော်တော်သိသာပါတယ်။ စားဖို့သောက်ဖို့ အသုံးစရိတ် ပိုထွက်လာတယ်ပေါ့။ ဒီလိုနဲ့ သင်္ကြန် အကျနေ့ စလည်ဖြစ်ကြတယ်။ အဲဒီနေ့ကတော့ အေးအေးဆေးပါပဲ။ ဘာပြဿနာမှ မဖြစ်လိုက်ဘူး။ ကျွန်တော်တို့ သင်္ကြန်လည်ရင် ပြဿနာ ဖြစ်လေ့မရှိပါဘူး။ လည်တဲ့သူတွေက အေးဆေးသမားတွေများတော့ တစ်ခါမှ ပြဿနာ မဖြစ်ခဲ့ဖူးဘူး။

ဒီလိုနဲ့ သင်္ကြန်အကျနေ့ ကျော်လွန်ပြီး အကြတ်နေ့ ရောက်လာတယ် ။ပုံမှန်လည်နေကျ နေရာတွေ သွားရင်း မနက်(၁၀) နာရီလောက်ရောက်တော့ ကျွန်တော်တို့ ဂျစ်ကား စံပြ ရုပ်ရှင် ရုံရှေ့ က အဖြတ်မှာ အရက်မူးသမား နှစ်ယောက်က ကျွန်တော်တို့ ကားလာနေတာကို ဂရုမစိုက်ဘဲ အတင်းကို ဇွတ်တိုးဖြတ်ဝင်လာတယ်။

စိတ်

28 March 2010

37 comments


လူတွေရဲ့ သဘောသဘာဝလေးကို ပြောပြချင်တယ်။ သိပ်ဆန်းဆန်းပြားပြားရယ်တော့ မဟုတ်ပါဘူး။ လူတွေ ဖြစ်တတ်တဲ့စိတ်ထားလေးပါ။ ကိုယ်လည်း ပါနိုင်ပါတယ်။ လူတွေက သူတို့လက်မခံတဲ့အခါမှာ ခါးခါးသီးသီး ဖြစ်သလောက် ကြည်ဖြူသွားပြီဆိုရင်လည်း အရာရာက အေးဆေးပါပဲ။ ဥပမာ လူတစ်ယောက်နဲ့ တစ်ယောက် မသိကျွမ်းခင်နဲ့ ချစ်သူရည်းစား ဖြစ်ပြီးချိန် ပြောင်းလဲပုံမျိုးကို ဥပမာပေးရင် သိသာထင်ရှားပါတယ်။

မသိကျွမ်းခင် အနားလာကပ်ရင် အော်ထုတ်မယ် ငြူစူမယ် ဒါပေမယ့် ချစ်သူရည်းစား ဖြစ်ပြီးရင်တော့ အဲဒီလူရဲ့ ပွေ့ဖက်တာက အစ လက်ခံပါတယ်။ အဲဒီသူနဲ့ ပါတ်သတ်မှုကို အတွင်းစိတ်က လက်ခံလိုက်ပြီ ၊ ခွင့်ပြုလိုက်ပြီ ၊ ကြည်ဖြူသွားပြီ။ ဒါသဘာဝ လို့ပဲပြောရင်ရမယ်။ တကယ်တော့ ဒီဥပမာက အကြမ်းထည် ဥပမာ မျိုးပါ။ မြင်သာထင်သာ ရှိတဲ့ စုတ်ချက် ကြမ်းကြမ်း မျိုးပါ။ ကိုယ်ကိုတိုင်တောင် မသိလိုက်ဘဲ နုညံ့သိမ်မွေ့တဲ့ ပြောင်းလဲမှုမျိုးလေးတွေ ကျွန်တော်တို့ စိတ်ထဲမှာ အချိန်တိုင်း ရှိနေကြပါတယ်။ နုညံ့စွာ ပြောင်းလဲသွားတဲ့ စိတ်ခံစားချက်လေးကို ရေးပြချင်တာပါ။ ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး။

လွန်ခဲ့တဲ့ ဆောင်းရာသီက အလုပ်နေရာ အသစ်တစ်ခုကို သွားရတယ်။ လုပ်ဖော်ကိုင်ဖက်တွေအားလုံး ကားတစ်စီးထဲနဲ့ သွားဖြစ်တယ်။ ကျွန်တော်တို့ အဲဒီ အလုပ်နေရာကို ရောက်ဖို့ express way တွေပေါ်က နေ့စဉ်ဖြတ်ပြီး သွားရတယ်။ ရာသီဥတု အေးနေချိန်တုန်းကတော့ ကားမှန်ကိုအလုံပိတ်ပြီး နွေးနွေးထွေးထွေး သွားကြပေမယ့် နဲနဲလည်း ပူလာရော ပြင်ပလေ ဝင်လာအောင် ကားမှန်ပြတင်းတွေ ဖွင့်ရတော့တယ်။ ပြတင်းပေါက်စဖွင့်တဲ့နေ့မှာပဲ ပြသာနာတစ်ခု စဖြစ်တယ်။ သိပ်ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ အနံ့တစ်ခုပါ။ လမ်းရဲ့ တစ်နေရာရောက်တော့ ကားထဲမှာ အနံ့ဆိုး တစ်ခုက ထောင်းခနဲထွက်လာတယ်၊ လေလည်တဲ့ အနံ့မျိုးပေါ့။

အနံ့က ဆိုးရွားတော့ အော်တဲ့သူကအော် ၊ နှာခေါင်းကိုလက်ကိုင်ပဝါနဲ့ ပိတ်တဲ့ သူကပိတ်ကြတယ်။ တစ်ယောက်က ရှူဆေးထုတ်ပြီး ရှူတယ်။ စိတ်ထဲမှာလည်း ဒါဘယ်သူ့လက်ချက်လည်း မသိဘူး တွေးနေမိတယ်၊ ကျန်တဲ့သူတွေလည်း ကိုယ့်လိုတွေးကြမှာပါပဲ။ အဲဒီအနံ့ဆိုးက တော်တော်နဲ့ မပျောက်ဘူး လေလည်တယ် ဆိုတဲ့အတိုင်း ကားထဲမှာ ဝေ့ကာ ဝိုက်ကာ လိုက်လည်နေတယ်လို့ ပြောရမှာပဲ။ ဒီလိုနဲ့ ကားကဆက်မောင်းနေတော့ ခဏအကြာမှာ အနံ့က ပျောက်သွားတယ်။

ညနေ အလုပ်က ပြန်လာတော့လည်း တစ်ခါထပ်ပြီး အနံ့ဆိုး ရပြန်တယ်။ နှာခေါင်းတွေ ပိတ်ကြ ၊ ရှူဆေးတွေ ထုတ်ရှူကြရပြန်တယ်။ဒီတခါတော့ အနံ့ရှူရတဲ့သူတွေရဲ့ အသံနဲနဲ ထွက်လာတယ်။ နံလိုက်တာကွာ ၊ ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီး မကျေနပ်သံ တစ်ယောက် နှစ်ယောက်စီက ထွက်လာတယ်။ ဒီလောက်နဲ့ မပြီးဘဲနဲ့နောက်တစ်နေ့ အလုပ်သွားတော့လည်း ထပ်နံပြန်ရော။ ဒီတစ်ခါတော့ လူတွေရဲ့ သီးခံနိင်စွမ်းလည်း ကုန်လုနီးနီး ဖြစ်သွားရပြီ။ ဒါနဲ့တစ်ယောက်ကစပြီး မနေနိင်ရင်လည်းပြောကွာ နှာခေါင်းကြိုပိတ်ရအောင်လို့ ပြောတော့ ကျန်တဲ့သူတွေကလဲတစ်ယောက်တစ်ပေါက် ဘယ်သူ့ကိုမှန်းမသိဘဲ ဝိုင်းပြောကြတယ်။ ဒီလိုနေရာမျိုးမှာ ငြိမ်နေရင် ကိုယ့်ထင်သွားမှာစိုးရတော့ ကျွန်တော်လည်း တစ်ခွန်းဝင်ပြောလိုက်ရတယ်။ ကားထဲမှာ ရှိတဲ့ လူအကုန်လုံးက သူတို့ မဟုတ်တဲ့ အကြောင်း ပြောနေတော့ စိတ်ထဲမှာ တစ်ခုခုတော့လွဲနေသလို ခံစားရတယ်။

တစ် ကိုး ကင်း

23 February 2010

49 comments


တစ်ချို့သောသူတွေအတွက် ကျောင်းသားဘဝမှာ အမှတ်ရစရာတွေ အများကြီး ရှိခဲ့ကြမယ်။ ထူးထူးခြားခြား အဖြစ်အပျက်လေးတွေမို့လို့ အမြဲတမ်း မှတ်မိနိင်တာ ရှိသလို တချို့အဖြစ်လေးတွေက အကြောင်းတခုခု တိုက်ဆိုင်မှ ပြန်သတိရပြီး ပြုံးမိတာတွေလည်း ရှိတတ်တယ် မဟုတ်လား။ သေချာတာတော့ ကျောင်းသားဘဝက ကြည်နူးဖွယ်ရာလေးတွေ ပြန်တွေးဖြစ်ရင် စိတ်တွေက နုပျိုသွားတတ်ကြတယ်။ အမှတ်တရ အဖြစ်အပျက် တခုခုကို သူငယ်ချင်း တယောက်ယောက်နဲ့သာ ထိုင်ပြောခွင့် ရခဲ့ရင် အဲဒီစကားဝိုင်းက အင်မတန် သွက်လက်နေတော့တာပါပဲ။ ကိုယ်မေ့နေတာတွေ သူကအစဖော်ပေး ၊ သူပြောလို့ လိုတာတွေကို ကိုယ်က ဖြည့်ပေးနဲ့ ငယ်ဘဝကို ပုံပေါ်သထက် ပုံပေါ်အောင် ရုပ်လုံးဖော်ရင်း ငယ်မူပြန်ဖြစ်ကြမယ်လေ။ အဲဒီလိုလေး ပြောလိုက်ရတာကိုက တငြိမ့်ငြိမ့်ဖြစ်စေတဲ့ ရသလေးပဲ မဟုတ်လား။ ပြန်မရနိင်တဲ့ ဘဝတခုကို အရိပ်အယောင်လေး နဲ့ ရသလောက် တည်ဆောက်ကြည့်တာပဲ မဟုတ်လား။

မကြာသေးခင်တရက်က သူငယ်ချင်းတယောက်က Gmail အကောင့်အသစ်လေးတခု Add လာပြီး ငါ မေးလ် လိပ်စာအသစ်ပြောင်းထားတယ်တဲ့ ဆိုပြီး ပြောလာတယ် ။ ဒါနဲ့ သူ့ Gmail အကောင့်နာမည်လေးကို ဖတ်ကြည့်ပြီး ကျနော်ပြုံးလိုက်မိတယ်။ အဲဒီမှာပဲ ကျနော့်ရဲ့ ကျောင်းသားဘဝက အဖြစ်အပျက်လေးတခုကို ချက်ချင်းပြန် သတိရမိတော့တာပါပဲ။ ထူးထူးခြားခြား အဖြစ်အပျက်မဟုတ်ပေမယ့် သူငယ်ချင်းတွေနဲ့ ရယ်ရယ်မောမော ပြန်ပြောဖြစ်ခဲ့တဲ့ အဖြစ်လေးဆိုတော့ တယောက်ယောက်ကို ပြောပြချင်တာနဲ့ပဲ blog ပေါ်မှာ ဖွလိုက်မိပြီ။

ကျနော်တို့ ကိုးတန်းကျောင်းသား ဘဝက အတန်းထဲကို ကျောင်းသူ အသစ်လေးတယောက် ရောက်လာခဲ့တယ်။ သိပ်အချောကြီး မဟုတ်ပေမယ့် ဆံပင် အရှည်လေးနဲ့ ဆိုတော့ ကြည့်ကောင်းတယ် ပြောရမှာပါပဲ။ ကိုးတန်းရောက်နေတာရယ် ကျောင်းသူအသစ် ဆိုတာရယ်ကြောင့် သူ့ကို ကျနော်တို့ အဖွဲ့က စကြနောက်ကြတယ်။ သူအတန်းထဲ ရောက်လာပြီး ပထမဆုံး စာသင်ချိန်မှာပဲ သူ့ရဲ့နာမည်ကို သိလာတယ်။ သူ့နာမည်က ခင်လေးစိုး တဲ့။ ကျနော်တို့ကလည်း ထုံစံအတိုင်း သူ့ကို နာမည်ဝှက်တခု ပေးလိုက်ကြတယ်။ သိပ်ခက်ခက်ကြီးတော့ မဟုတ်ပါဘူး။ ခင်လေးစိုး ဆိုတော့ ခွန်လေးကိုး (၇၄၉) လို့ နာမည်ဝှက် ပေးလိုက်တယ်။ ဒီလိုနဲ့သူ့နာမည်က ကျနော်တို့ အဖွဲ့ထဲမှာ ခွန်လေးကိုး ဖြစ်လာတော့တယ်။

သူ့အကြောင်းပြောရင် ခွန်လေးကိုး လို့ သုံးပြီးပြောဖြစ်သလို သူ့ကိုလည်း မသိမသာနဲ့ ခွန်လေးကိုး လို့ပြောပြီး စဖြစ်တယ်။ ကျနော်တို့က နာမည်ပြောင် နာမည်ဝှက်ပေးတဲ့နေရာမှာ တော်တော်လေးကို ပေါက်ပေါက်ရှာရှာ အထိပေးခဲ့ဖူးတယ်။ နမူနာတခုပြောရရင် မရင့်ကျက်သေးတဲ့ လူငယ်ဘဝမှာ မှာ မိန်းခလေးတွေရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ ပါတ်သတ်ပြီး နာမည်ဝှက်တွေ ပေးခဲ့ကြတယ်။ ဘယ်အပိုင်းဆိုရင် မာန ၊ ဘယ်အပိုင်းဆိုရင် အတ္တ ဆိုပြီး အချင်းချင်း နာမည်ဝှက် ပေးထားတယ်။ ဒီတော့ ကောင်မလေးတွေ အရှေ့က ဖြတ်သွားတာနဲ့ ဒီကောင်မလေးကတော့ အတ္တမရှိရှာဘူး ဒီ အလန်းလေးကတော့ မာနကြီး တခွဲသားနဲ့ပါလား ဆိုပြီး လ္ဘက်ရည်ဆိုင်ရဲ့ စကားဝိုင်းမှာ မာနတွေ အတ္တတွေ ပလူပျံခဲ့ဖူးတယ်။ ဒါကငယ်စဉ်က ကလေးအထာလေးတွေပါ။ မဟုတ်တရုတ်စာတွေ ရေးတယ် မထင်စေချင်ပါဘူး လူငယ်ဘဝ ဖြတ်သန်း ခဲ့တာလေးကို ပြန်ပြောပြတဲ့ သဘောမျိုးပါပဲ။ ၉ တန်း ကျောင်းသားဘဝကို ပြန်ဆက်ရရင် ခင်လေးစိုးကို ခွန်လေးကိုးလို့ ခေါ်တာကြာလာတော့ သူလည်း မိန်းခလေးတို့ရဲ့ မွေးရာပါ ပညာရပ်အရ သူကို ပြောနေတယ် ဆိုတာ သိလာတော့တာပါပဲ။

ကျနော်တို့ အခန်းထဲမှာက စာသင်ခုံတွေကို နှစ်တန်းယှဉ်ပြီး ထားတယ်။ မြင်လွယ်အောင် ပြောရရင် မိန်းခလေးက တဖက် ယောကျာင်္းလေးက တဖက်ပုံစံမျိုးပေါ့။ ခွန်လေးကိုးနဲ့ ကျွန်တော်နဲ့က လမ်းလေးပဲခြားပြီး ဘေးချင်းယှဉ်လျှက် ထိုင်ဖြစ်တယ်။ ဒီတော့ ဂွင် ကြုံတိုင်း မထိတထိ စနောက်တော့တာပေါ့။ ဂွင်မကြုံလည်း ဂွင်ဆင်ပြီး နောက်တာပါပဲ။ ပြဿနာ တက်လောက်အောင် တော့ မနောက်ဖြစ်ဘူး။ ပြဿနာ တက်ရင် လွတ်လမ်းရှိမယ့် အထာလေးတွေနဲ့ပဲ နောက်ဖြစ်တာ များပါတယ်။ ဒီလိုနဲ့ တနေ့ကျတော့ ဆရာမ,မ၀င်လာခင် အချိန်လေးမှာ ကျနော်က သူ့ကို ဟိတ် လို့ အသံပေးတော့ သူလှည့်ကြည့်လာတယ်။ အဲဒီတော့မှ စိတ်မကောင်းတဲ့ မျက်နာ ပုံစံဖမ်းပြီး

သူခိုးဖမ်းချင် လက်ညိုးထောင်

08 November 2009

43 comments


ငယ်စဉ်က ကျောင်းပိတ်ရက်တွေဆို အဘွားနေတဲ့ရွာ သွားလည်တာလေးတွေ ပြန်တွေးရင်း ဆွေမျိုးတွေ အကြောင်းပါတွေးမိသွားတယ်။ ကျေးလက်လူနေမှု ပုံစံအတိုင်းပါပဲ တချို့တွေများ ပေပုံရွတ်ပုံတွေ
အောချယူရတယ်။ တရွာစီမှာနေတဲ့ ညီအကိုဝမ်းကွဲတွေ စုံပြီဆိုရင် တယောက်နဲ့ တယောက် စကားနိင်လုကြ ပေါက်ပေါက်ရှာရှာ ပြိုင်ကြနဲ့ တော်တော်ပျော်ဘို့ ကောင်းခဲ့တယ်။

ညီအကိုတွေ ကလည်း ခပ်ရွတ်ရွတ်တွေ ဆိုတော့ လောင်းစရာမရှိရင် အရက်တိုက်ကြေး ဆိုပြီးတယောက်နဲ့ တယောက် လက်ကောက်ဝတ်ချင်းပွတ်ကြတာ အရေခွံတွေစုတ်တဲ့အထိ အလျော့မပေးကြဘူး။ ဘေးက မနေနိင်တဲ့အဒေါ်တွေက တော်ပါတော့ ငါတို့ပဲကြားကနေ အရက်ဖိုး ပေးပါ့မယ်ဆိုပြီး ထုတ်ပေးမှ ညီအကိုတွေ ပခုံးဖက်ပြီး အရက်သွားသောက်ကြတာ။ တယောက်နဲ့တယောက် စိတ်လည်းမဆိုး တတ်ကြသလို ဂျောက်ချ ဘို့လည်း အမြဲ တွေး နေတတ်ကြတာပါပဲ။

ရွာရောက်တိုင်း အချင်းချင်း ပြောတတ်ကြတဲ့ ခိုင်းနှိုင်းတဲ့ စကားဆန်းဆန်းလေးတွေ ၊ထူးထူးခြားခြား အကျင့် စရိုက်တွေ ကိုအခုချိန်ထိ အမှတ်ရနေမိတယ် ။ထူးထူးခြားခြား အကျင့်ရှိသူတွေထဲမှာ ကျွန်တော့်အကိုဝမ်းကွဲ တယောက် လည်းပါ တယ်။ သူ့ကို ကျွန်တော်တို့က အကိုလေးလို့ခေါ်ပြီး သူ့ရဲ့အကျင့်က နည်းနည်း ထူးဆန်းတယ်ပြောရမယ်။

သူကညအိပ်ရင် ယောင်တတ်တာပဲ။ သူယောင်ပုံက သူများတွေ ထက်ထူးတယ် ။သူအကျင့်က အိပ်နေရင်းနဲ့ အိပ်မက်ထဲမှာနေ့လည်က ကစားခဲ့တဲ့ငှက်ဖမ်းတာတွေ လိပ်ပြာဖမ်းတာတွေ ကိုပြန်ယောင်ရင်း လမ်းထ လျှောက်တတ်တာ။သူအိပ်မောကျနေပြီဆိုအသံထွက်လာပြီ “ဟိုမှာ တစ်ကောင်.....ဒီဖက်မှာလည်း တစ်ကောင်ဟေ့...မိအောင်ဖမ်းဟ ငါတော့ တစ်ကောင်မိပြီ”ဆိုပြီး ခြင်ထောင်ထဲက ထွက်ပြီး အိမ်ထဲမှာ လိုက်ဖမ်းတော့တာပဲ။

ရွာတွေမှာက ခြေတံရှည်အိမ်တွေဆိုတော့ သူညအိပ်ရင်းနဲ့ ယောင်ပြီး အောက်ပြုတ်ကျမှာစိုးလို့ ညတွေဆိုတံခါး တွေအလွယ်တကူ ဖွင့်မရအောင် သေသေချာချာ ပိတ်ထားရတယ်။ တခါတလေ သူက ခြင်ထောင်ထဲမှာ ငှက်လိုက် ဖမ်းနေပြီဆိုသူ့အမေကျွန်တော်တို့အဒေါ်က ခြင်ထောင်အပြင်ကနေ လက်ချောင်းလေးတွေကို စုပြီး ခြင်ထောင်ကို ထိုးထားပေးတယ် ခြင်ထောင်ထဲကကြည့်ရင် ငှက်လိုလိုပေါ့ ။

အဲဒါမျိုးဆို သူကငှက်ထင်ပြီး အဲဒီလက်ကို ဖမ်းတော့တာပဲ။အဲဒါကိုကြည့်ပြီး ကျန်တဲ့သူတွေက ရယ်နေကြရတယ်။ သူယောင်တတ်တာလည်း မျိုးရိုးလိုက်တာလားတော့ မသိဘူး ။ သူ့အမေကိုယ်တိုင်လည်း ယောင်တတ်တာပဲ။ တခါများဆို ညသန်းခေါင် အိမ်အောက်ဆင်းသွားပြီး။ အိမ်အောက် ရောက်တော့ ထမင်းအိုး တအိုးတောင် တည်လိုက် သေးတယ်ဆိုပဲ။ ထမင်းအိုး ကျက်သွားတဲ့အထိ အိပ်ယာမနိုးဘူး တဲ့လေ။အခုထိကို ပြောစမှတ်တွင်တယ်။

အကိုလေးအကြောင်း ပြန်ဆက်ရရင် တခါတော့ အယောင်ကောင်းလို့ သေမလို ဖြစ်သေးတယ်။ ကျွန်တော်တို့ ရွာဘက်တွေက သရက်ပင် ငှက်ပျောပင် စိုက်ကြတယ်။ သီးလာတဲ့ ငှက်ပျောခိုင်တွေ သရက်သီး တွေကိုလည်း ရန်ကုန်မှာရှိတဲ့ ကုန်စည်ဒိုင် တွေကို မော်တော်တွေနဲ့ သွားရောင်းကြရတယ်။

တခါတော့ ကုန်းစိမ်းရောင်းသွားရင်း နဲ့ အကိုလေးက ရန်ကုန်လိုက်သွားတယ်။ ညရောက်တော့ ရန်ကုန် ကီလီဘောတံတားဆိပ်မှာ မော်တော်ရပ်ထားပြီး မော်တော်ပေါ်မှာပဲ ညအိပ်ရတာပေါ့။ ညသန်းခေါင်လည်းရောက်ရောအိပ်မက်ထဲကနေယောင်ပြီး ရေထဲခုန်ချပါလေရော။ ကီလီဆိပ်ကမ်းမှာမော်တော်တွေက တန်းစီရပ်ထားတော့ မော်တော် တွေအောက်ထဲရောက်သွားရင် ပြန်ထွက်ဘို့မလွယ်သလို ဆိပ်ကမ်းဘောတံတားအောက် ရောက်သွားရင်လည်း ထွက်ဘို့ မလွယ်ဘူး။

အဲဒီအချိန်မှာ ကံကောင်းတာက ဆိပ်ကမ်းမှာသူခိုးတွေရှိတတ်တော့ ဆိပ်ကမ်းစောင့်ရဲတွေ ကင်းလှည့် နေကြ တာပဲ။ ရေထဲကို လူခုန်ချတဲ့ ၀ုန်းခနဲအသံကြားတော့ ရဲတွေကသူခိုးထင်ပြီ လက်နှိပ်ဓါတ်မီးတွေ ထိုးထားပြီး မော်တော်တွေကိုလည်းအော်ပြီး သတိပေးတော့ မော်တော်ပေါ်ကလူတွေလည်း နိုးလာကြတယ်။ ရေထဲကို လက်နှိပ် ဓါတ်မီးတွေ ၀ိုင်းထိုးကြတော့ ရေကူးနေတဲ့ အကိုလေးကို တွေ့ကြတာပါပဲ ။ ဦးလေးလည်း သူ့သားမှန်း သိတော့ ရေထဲကိုခုန်ချပြီး ဆယ်လိုက်ရတယ်။ ဦးလေးလည်း ကြောက်သွားပြီး နောက်အခေါက်တွေ မခေါ်ရဲတော့ဘူး ဖြစ်သွားရတယ်။ နောက်ပိုင်းအသက်တွေကြီးပြီး မိန်းမရတော့ အဲဒီယောင်တတ်တဲ့ အကျင့်လည်း ပျောက်သွား တော့တယ်။(ဆေးတည့်သွားလို့နဲ့တူတယ်)

ရွာအကြောင်းတွေ ပြန်စဉ်းစားရင် မမေ့နိင်တဲ့ သူခိုးဖမ်းပွဲတခုကို သတိရမိတယ်။ ကျွန်တော်တို့က နွေရာသီ ကျောင်းပိတ်ရင် အဖွားနေတဲ့ရွာကို သွားလည်လေ့ရှိတယ်။ ရွာရောက်တဲ့အခါ ညီအကိုတွေ အဖော် အပေါင်းတွေနဲ့တနေကုန်ကစားကြတာပဲ။ အဲဒီအချိန် ရွာမှာကတချို့သူငယ်ချင်းတွေက ဘုန်းကြီး ကျောင်းမှာနေပြီး စာသင်ကြတယ်။ သူတို့ကကျောင်းမှာပဲ ညအိပ်ကြရတယ်။ ကျွန်တော်တို့က မနက်၉နာရီ လောက်ဆို ဘုန်းကြီးကျောင်းသွားပြီး ကစားလေ့ရှိကြတယ်။ 


ရွာဦးကျောင်းကလည်း ခြေတံရှည်ပါပဲ။ ကျောင်းအောက်မှာ လောင်းလှေလို့ခေါ်တဲ့ ပြိုင်တဲ့လှေတွေကို
 မှောက်ပြီးထားတယ်။ရွာအချင်းချင်းလှေပြိုင်ပွဲတွေလုပ်ရင် အဲဒီလှေတွေနဲ့ ပြိုင်ကြတာပေါ့။ ဘုန်းကြီးကျောင်းက ကျောင်းတိုင်လုံးတွေကလည်း တော်တော်ကြီးပါတယ်။ တစ်မနက်ခင်း ကျွန်တော်ရောက် သွားတော့ဘုန်းကြီးကျောင်းမှာ ပြဿနာသေးသေး တခုဖြစ်နေပြီ။ ပြဿနာကကျောင်းရဲ့ တိုင်ခြေရင်းမှာ ဘယ်သူမှန်း မသိဘဲ မစင်စွန့်သွားခဲ့တာပဲ။ 

ဘုန်းကြီးကျောင်းသားတွေတက်ဖို့ အိမ်သာကို ခပ်လှမ်းလှမ်းမှာ ဆောက်ထားပေးပေမယ့် ညဘက် တယောက်ယောက်ကကြောက်ပြီး အိမ်သာအထိ မသွားနိင်ဘဲတိုင်ခြေရင်းမှာပဲ ကိစ္စပြီးလိုက်ပုံရတယ်။ ပြဿနာက ဘယ်သူ့လက်ချက်မှန်း ဖော်မရဘူး ဖြစ်နေတာပါ။ 

ကျောင်းသားကြီးတွေက အီးကျုံးရတော့မှာဆိုတော့ တရားခံကိုဖော် ထုတ်ချင်နေတယ်..။ခက်တာက ဘယ်သူကမှ ကိုယ့်လက်ချက်ပါလို့ ၀န်မခံကြတာပဲ ။ အဲဒီတော့ တယောက်နဲ့တယောက် မင်း မဟုတ်လား ဘယ်သူမဟုတ်လားနဲ့ စွပ်စွဲနေကြပေမယ့် တကယ့်တရားခံ အစစ်ကို မဖော်ထုတ်နိင်ဘူး ဖြစ် နေတယ်။ နောက်တော့ တယောက်က သူကြားဖူးတာလေး ၀င်အကြံပေးတယ်။ (ဂျေက်ချတာလည်း ဖြစ်နိင်ပါတယ်) 

အဲဒီအီးပုံကို ငရုတ်သီးနဲ့ထိုးရင် ကာယကံရှင်ရဲ့ဖင်မှာ ငရုတ်သီးနဲ့ အပွတ်ခံရသလို ပူမယ်တဲ့။ ဒီတော့အခု ၀န်မခံရင် အီးပုံကိုငရုတ်သီး နဲ့ ထိုးမယ်ဆိုပြီး ခြောက်ပေမယ့် ဘယ်သူကမှ ၀န်မခံကြဘူး။ အဲဒါနဲ့ပဲ အီးပုံကိုငရုတ်သီးနဲ့ ထိုးမယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြတယ် ။ ထိုးမယ့်သူ ရွေးတော့ နေရာတကာ ပါတတ်တဲ့ ၀ဏ္ဏက သူထိုးမယ် ဆိုပြီး သူရဲကောင်း ၀င်လုပ်တော့တာပဲ။ ဒါနဲ့ တယောက်က ကျောင်းပေါ်တက်ပြီး ငရုတ်သီး သွားယူတယ်။ ဖင်မပူမှာစိုးလို့တဲ့ ကုလားအော် သီး ယူချလာတယ်။ 

ဝဏ္ဏလည်း ငရုတ်သီးကိုင်ပြီး နေရာယူတော့ အကြံပေးတဲ့သူက ထပ် ပြော တယ်။ ဒီအတိုင်းထိုးလို့ မရဘူးကွ မျက်လုံးမှိတ် အသက်အောင့်ပြီး ထိုးရမှာတဲ့ စိတ်ထဲမှာလည်း လာလေရော့ဆိုပြီး ရွတ်နေရမယ်တဲ့ ဆိုပြီး ထပ်ချွန်တယ်။ ၀ဏ္ဏလည်း အဲဒီအတိုင်း လုပ်မယ်ဆိုပြီး အီးပုံနားမှာ ထိုင်လိုက်တယ်။ ငရုတ်သီးကိုင်ပြီးထိုးဘို့ အဆင်သင့် ဖြစ်နေပြီ။ ကျန်တဲ့သူတွေကလည်း စိတ်ဝင်တစား ၀ိုင်းကြည့် နေတာပေါ့။ ၀ဏ္ဏကအီးပုံကို တချက်ကြည့်ပြီး မျက်လုံးမှိတ်လိုက်တယ်။ ပြီးတော့ အီးပုံကိုငရုတ်သီးနဲ့ထိုးချ လိုက်ပါလေရော။ 

စိတ်ထဲမှာ လာလေရော့ ရွတ်ထားလို့နဲ့တူတယ် အီးပုံထိုးတဲ့ လက်ဆပြင်းပြီး လက်ချောင်းအဖျားတွေပါ အီးပုံထဲ ရောက်သွားပါလေရော ။ ကြည့်နေတဲ့ သူတွေလည်း ဟာခနဲ တသံထဲထွက်ပြီး ရယ်ကြပါလေရော ။ ၀ဏ္ဏလည်းသူဘာဖြစ်သွားပြီဆိုတာသိတာနဲ့“ငါ့ခွီးထဲမှပဲ” လို့အော်ပြီး မြစ်ဆိပ်ကို ပြေးပြီး  
ရထဲခုန်ချတော့တာပဲ ။ ကျွန်တော်တို့လည်း မြစ်ဆိပ် အထိ လိုက်သွားကြပြီး ၀ဏ္ဏ ကို ဟေ့ရောင် အီးပုံထိုးလို့ ၀ိုင်းအော် ကြတာ နာမည်ပါ တွင်သွားရော။ 

နောက်နေ့ တွေ ဘယ်သူကမှ ဖင်ပူတယ်လို့ သတင်းမထွက်လာတော့ ၀ဏ္ဏခမျာ နာမည်တလုံး အဖတ်တင် ကျန်ခဲ့ တော့တယ်။ နောက်ပိုင်း နှစ်တွေ ရွာသွားလည်လို့ ဒီ့ကောင့် တွေ့ရင် ၀ဏ္ဏရေ လာလေရော့ လို့ ပြောလိုက်တာနဲ့ ဒီကောင် တဟားဟား အော်ရယ်နေတော့တာပဲ ။ ပေါက်တတ်ကရတွေ အလွဲတွေနဲ့ ငယ်ဘ၀က ပျော်ဘို့ ကောင်းခဲ့တယ်။ 

ကဲ...လာလေရော့ ....!

ကျောင်းတော်ကြီးနှင့်စာရင်းရှင်းတမ်း

02 August 2009

44 comments



ဘ၀လမ်းကြောင်းမှာ ပြန်မကြည့်ချင်ဆုံးမှတ်တမ်းက ပညာရေးမှတ်တမ်းပါပဲ...။ ပညာရေးနဲ့ ပါတ်သတ်ပြီး အမြင့်ဆုံးမရောက်ခဲ့တာ ငယ်စဉ်ထဲကပါပဲ...။ဆုတခုမှ မရခဲ့ဖူးပါဘူး...။ ဆုမရခဲ့ဖူးလို့ ၀မ်းနည်းတဲ့ လူစားမျိုးလည်း မဟုတ်ပြန်ဘူး.။ငယ်ငယ်ထဲက ပြင်ပစာတွေ ဖတ်ဖို့ ပိုအားသန်မိတယ်။ ကိုယ်တကယ် နှစ်သက်တဲ့ ဦးပုညရဲ့ ရေသည်ပြဇာတ်ကိုတော့ အထပ်ထပ်အခါခါ ဖတ်ဖြစ်တယ်။ ပြောရရင် ရသပါတဲ့ စာတွေဖတ်ရတာ ငယ်ငယ်ထဲက နှစ်သက်ခဲ့တယ်...။ အတန်းပညာကို အများကြီး အလေးအနက် မထားခဲ့မိပါဘူး...။ စာမေးပွဲ နီးလာရင်သာ စာကျက်ပြီးဖြေလိုက်တာပဲ...။ ဒီလိုနဲ့ တတန်းပြီးတတန်း တရွေ့ရွေ့နဲ့ ဖြတ်သန်းလာခဲ့တယ်..။

လူငယ်ပီပီ ပေါ့ပေါ့ပါးပါးနေတာလောက်ကလွဲရင် အရမ်းဆိုးသွမ်းတဲ့အထဲမှာလည်း မပါခဲ့ဘူး...။ ဒီတော့ ပညာရေးနဲ့ ပါတ်သတ်ရင် ဆုမရခဲ့ဖူးသလို ဆူးဖြစ်တဲ့ စိတ်ဒဏ်ရာလည်း မရခဲ့ဖူးဘူး...။ ပညာရေးမှာ ပုံမှန်ပဲ ရှင်သန်ခဲ့တယ်...။ ဒီလိုနိဒါန်းတွေ ချီနေရတာက သူငယ်ချင်း ရီနိုက ကျောင်းပညာနဲ့ ပါတ်သတ်ပြီး ရခဲ့တဲ့ဆု နဲ့ရခဲ့တဲ့ဆူး ဆိုပြီး ရေးပေးဘို့ တဂ်လာလို့ပါပဲ..။


ခေါင်းပူအောင်စဉ်းစားပေမယ့် ပြောပြစရာ ရခဲ့တဲ့ဆုမရှိခဲ့သလို ရင်ဖွင့်စရာဆူးလည်းမရှိပါဘူး..။ ကျောင်းသားဘ၀က ရည်းစားများအကြောင်းဆိုရင်တောင် ဒီ့ထက်တော့ ပြည့်ပြည့်စုံစုံ ပြောနိင်သေးတယ် (အစဆွဲလိုက်မိပြီ)။ အဲဒီလိုဆိုတော့ တဂ်ပို့ကဒီမှာတင်ပဲ အဆုံးသတ်ရမယ့်ကိန်းဖြစ်နေတော့တယ်..။ အဲဒီလို ဆိုပြန်တော့လည်းသူငယ်ချင်းဖြစ်သူကို အားနာဘို့ ကောင်းနေပြန်တယ်...။ သူ့ကို အရေးတယူ မရှိဘူးလို့လည်း မကြားတကြားများပြောနေမလားမသိဘူးဆိုပြီး တွေးမိသေးတယ်..။


ဒါနဲ့ပဲ ကျောင်းနဲ့ပါတ်သက်တဲ့ ထူးထူးခြားခြားအဖြစ်အပျက်ကို တွေးကြည့်တော့ ဆယ်တန်းကျောင်းသားဘ၀ကပျော်ရွှင်စရာအဖြစ်အပျက်လေးအကြောင်းရေးထားတာ သတိရမိတယ်..။ တဂ်ထားတဲ့ ခေါင်းစဉ်နဲ့ သိပ်မဆိုင်နိင်ပေမယ့် အနီးစပ်ဆုံး ဒါပဲ ရှိတာမို့လို့ အဲဒီပို့စ်အဟောင်းလေးပဲ ပြန်တင်လိုက်ပါတယ်...။ ဒီလောက်နဲ့ပဲ ကျေနပ်ပါလို့ သူငယ်ချင်းရီနိုကို ပြောချင်ပါတယ်။


ကျွန်တော် မှတ်မိသလောက်ဆို ကျွန်တော်တို့ ၁၀ တန်းရောက်တဲ့ ၉၈ ခုနှစ်ကမှ ကျောင်းသားစုံညီ ပွဲတော်ကို စလုပ်တာလို့ ထင်တာပါပဲ..။ကျောင်းဝင်းထဲမှာ ကျောင်းသားတွေဖွင့်တဲ့ မုန့်ဆိုင်တွေ ကျောင်းသားတွေ တီးတဲ့ စတိတ်ရှိုးတွေနဲ့ ပျော်ပွဲရွှင်ပွဲ လုပ်တဲ့သဘောပါပဲ...။ဇန်န၀ါရီလ ၃ ရက်နေ့မှာ လုပ်တာထင်ပါတယ်...။ ကျောင်းမှာ ဆရာမတွေက အဲဒီပွဲ လုပ်ရမယ်ဆိုတော့ ကျွန်တော်တို့ အဖွဲ့ကိုလည်း ကျောင်းမှာစည်စည်ကားကား ဖြစ်အောင်လို့ အစီအစဉ် တခုခု လုပ်ဘို့တာဝန်ပေးလာတယ်..။ ဒါနဲ့ ကျွန်တော်တို့အဖွဲ့လည်း ဘာလုပ်ရင် ကောင်းမလဲဆိုတာတိုင်ပင်ကြရတော့တယ်...။


တခြားကျောင်းသား ကျောင်းသူတွေလို မုန့်ရောင်း တာမျိုးလည်း ကျွန်တော်တို့က မလုပ်ချင်ဘူး။ ထူးထူးခြားခြား လည်း ဖြစ်အောင် လုပ်ဘို့တိုင်ပင်ပေမယ့် ပွဲတော်စဘို့ နှစ်ရက်လိုတဲ့ ဇန်န၀ါရီ(၁)ရက်နေ့ အထိ ဘာအကြံမှ ထွက်မလာသေးဘူး...။ အချိန်က ကပ်နေပြီဆိုတော့ တဖွဲ့လုံးလည်း စိတ်လျှော့ ထားလိုက်ကြတော့တယ်...။ သူများရောင်းတဲ့မုန့်ပဲ သွားဝယ်စားကြတာပေါ့လို့ တချို့တွေက ညိုနေကြပေမယ့် ကျွန်တော်ကတော့ ကြိတ်ကြံနေတုန်းပဲ....။ စဉ်းစားရင်းနဲ့ ပြီးခဲ့တဲ့ ခရစ်စမတ်က ကျွန်တော်တို့ မြို့ရဲ့ ကျီးပင်လမ်းထဲမှာ လုပ်တဲ့ ဟောက်စီ ဆိုတဲ့ကစားနည်းကို သတိရသွားမိတယ်...။ အဲဒီတုန်းကတော့ ကျွန်တော်တို့က ထိုးသားအနေနဲ့ ကစားခဲ့ကြဖူးတယ်။


အဲဒီကစားနည်းကို သတိရ လိုက်တော့ တော်တော်ပျော်သွားတယ်...။ ဖြစ်နိင်ချေ ရှိမရှိ စဉ်းစားတော့ ကျွန်တော်တို့ လိုချင်တဲ့ ထူးထူးခြားခြားအစီအစဉ်နဲ့ ကွက်တိ ဖြစ်နေတယ်...။ဒါနဲ့အိုကေပြီ ဆိုပြီး အသေးစိတ် ထပ်စဉ်းစားတယ်...။ မနက်မိုးလင်းတော့ အရင်လုပ်ထားတဲ့သူတွေရဲ့ အိမ်ကို စုံစမ်းပြီး သွားတွေ့ဖြစ်တယ်...။

ပင်လယ်ည ပင်လယ်နေ့

24 July 2009

44 comments



ချစ်သူကို ပင်လယ်နဲ့ တင်စားသလို ကျွန်တော်ရဲ့ စိတ်ခံစားချက်ထဲမှာလဲ ပင်လယ်ကို သွားရတာ နှစ်သက်ပါတယ်..။

ပင်လယ်သွားရမယ်ဆို ကျွန်တော့်ကို နှစ်ခါညှိစရာမလိုပါဘူး...။အဓိကကတော့ အဆုံးမရှိတဲ့ ပင်လယ်ကို ကြည့်ရင်စိတ်ထဲက မွန်းကျပ်တဲ့ အရာတွေ ပွင့်ထွက်သွားသလို ခံစားရလို့ပါပဲ...။မြန်မာပြည်မှာ ရှိနေတုန်းကတော့ ပင်လယ်ကိုနှစ်သက်ရကောင်းမှန်း မသိခဲ့ဘူး။။ မိဘအရိပ်အောက်မှာ ဆိုတော့လဲ ဖွင့်ထုတ်လောက်စရာ မွန်းကျပ်မှုတွေ မရှိလို့နဲ့တူပါရဲ့....။

ဒီလိုနဲ့ ဒီနိင်ငံရောက်ပြီး ၆ လလောက်နေတော့ ပင်လယ်ကို ချစ်တတ်လာတယ်...။ပင်လယ်ချစ်တတ်လာတဲ့
ကျွန်တော့်အတွက် ဒီနိင်ငံက အဆင်ပြေပါတယ်...။မျက်နာမူရာကို ဦးတည်ပြီးသာ လျှောက်သွားလိုက်ရင်
နောက်ဆုံးတော့ ပင်လယ်ဆီရောက်တာပဲ...။

ဒီကျွန်းနိင်ငံမှာ လက်ညိုးထိုးမလွဲအောင် တောင်တန်းတွေ ရှိနေသလို အဲဒီတောင်တန်းတွေရဲ့ အလွန်မှာလည်း ပင်လယ်က ရှိနေခဲ့တယ်...။အဲဒီပင်လယ်တွေဆီကိုလည်း ကျွန်တော်မကြာမကြာ ရောက်ဖြစ်ပါတယ်...။
ဒီနှစ်အတွက်တော့ ကျွန်တော့်ရဲ့ ပင်လယ်ခရီးကို ပြီးခဲ့တဲ့ စနေညမှာပဲ စတင်ဖြစ်တယ်...။


ကျွန်တော်တို့ရဲ့ ပင်လယ်ခရီးမှာ စကာင်္ပူက အလည်ရောက်နေတဲ့ သူငယ်ချင်း ဇနီးမောင်နှံရယ် အဖြူလေး
ညောင်းရမ်းတို့အပါအ၀င် စုစုပေါင်း ၁၂ ယောက် သွားခဲ့ကြတယ်..။ မနက်စောစောထသွားရင် ရပေမယ့် ပင်လယ်ည ရဲ့ ရသကို လိုချင်လို့ စနေညမှာပဲ ခရီးထွက်ဖြစ်တယ်...။

အလုပ်ပြန်လာတဲ့သူတွေ စောင့်နေရင်းနဲ့ အချိန်အနည်းငယ်နောက်ကျသွားတော့ ဘူတာကြီးမှာ တနာရီခွဲလောက် ရထားစောင့်လိုက်ရသေးတယ်...။ခေတ်လူငယ်တွေ ဆိုတော့လည်း အချိန်ဖြုန်းနည်းကောင်းတွေ ရှိတယ်လေ..။ ကျွန်တော်တို့ ယောကျာင်္းလေးအဖွဲ့က ဖဲထိုင်ရိုက်နေကြသလို မိန်းခလေးတွေကလည်း ဓါတ်ပုံတွေ ရိုက်ကြတာပဲ...။ ဘူတာမှာ ဘာရှုခင်းကောင်းမှ ကျွန်တော်တော့ မမြင်မိပါဘူး ဒါလည်း တဖျတ်ဖျတ်နဲ့ ရိုက်နေကြတာပါပဲ..။

တည်းမယ့်နေရာရောက်ရင် တဖွဲ့လုံး ဖဲရိုက်ကြဘို့ အတွက် ကျွန်တော်တို့က သွေးပူလေ့ကျင့်ခန်းလုပ်သလို
မိန်းခလေးတွေကလည်း ပင်လယ်မှာ အပြိုင်ကျဲရမယ့် ဓါတ်ပုံရိုက်ပွဲကြီးအတွက် ပွဲမ၀င်ခင် အပြင်ကကျင်းပဆိုသလို ကစားကွက်တွေ စတိုင်အနေအထားတွေနဲ့ တယောက်နဲ့တယောက် ခြေစမ်းပွဲ လုပ်နေကြတယ်နဲ့တူပါရဲ့...။

ရထားထွက်ဘို့ မိနစ် ၂၀ ကျော်လောက်လိုတော့ သွေးပူလေ့ကျင့်ခန်းတွေရပ် ခြေစမ်းပွဲတွေ ရပ်ပြီး အနားက 7-eleven ဆိုင်မှာ မုန့်တွေ ၀ယ်ကြတယ်...။ ကျွန်တော်နဲ့ ကျွန်တော့်ချစ်သူလည်း စားစရာနဲ့ ကော်ဖီဝယ်ရင်း သူကဘူးလေးတဘူး ကိုင်ပြပြီး ဒါဝယ်သွားမယ် ပင်လယ်မှာ ဒါလိုအပ်တယ်တဲ့..။နေပူခံဘို့လူးတဲ့ lotion ဖြစ်မှာပါဆိုပြီး ကျွန်တော်လည်း သေသေချာချာ ကြည့်မနေတော့ပါဘူး။ နှစ်ဘူး ၀ယ်လိုက်ပြီး စီးရမယ့်ရထားမှတ်တိုင်ကို သွားကြတယ်..။

တနာခွဲလောက်စောင့်ရကျိုးနပ်တာက ဒီတခါဝယ်တဲ့လက်မှတ်တွေက ထိုင်ခုံနေရာတွေနဲ့ဆိုတော့ အေးရာအေးကြောင်း ခရီးသွားရုံပဲလေ။အရင်အခေါက်တွေတုန်းကတော့ ဘူတာရောက်တဲ့ အချိန်နဲ့ အနီးဆုံးထွက်မယ့် ရထားကိုတက်စီးနေကြဆိုတော့ ထိုင်ခုံမရတာများတယ် ခရီးကလည်း တနာရီလောက်ပဲ စီးရတာဆိုတော့ မတ်တပ်ရပ်သွားလည်း မပင်ပန်းပါဘူး။

ရထားပေါ်မှာ ထိုင်စီးနေရင်းနဲ့ အရင်အခေါက်က ရထားစီးရင်း သမ္ဗုဒ္ဓေဂါထာရွတ်တဲ့ အကြောင်း သတိရမိတယ်...။
အရင်အခေါက်တွေတုန်းက ရရာရထားတက်စီးတာဆိုတော့ ထိုင်ခုံက လူတွေပြည့်နေတာများတယ် ...။
ကျွန်တော့်အတွက်က အရေးမကြီးပေမယ့် ချစ်သူကိုတော့ တနာရီခရီးလည်း ထိုင်စီးစေချင်တာပဲ ...။

တခါတော့ ရထားပေါ်တက်တက်ချင်း ထိုင်ခုံနေရာတလုံးက လွတ်နေတာနဲ့ သူ့ကိုထိုင်ခိုင်းလိုက်တယ်..။
နေရာပိုင်ရှင်လာရင်လည်း ထပေးမယ်ပေါ့ဆိုတဲ့အတွေးနဲ့လေ...။ရထားစထွက်တာနဲ့ ကျွန်တော်လည်း ရွတ်နေကြ သမ္ဗုဒ္ဓေဂါထာကို မနားတမ်းရွတ်နေမိတယ်...။သွားတဲ့လမ်းခရီး အန္တရာယ်ကင်းအောင် ဆိုတာထက် ချစ်သူထိုင်နေတဲ့နေရာ ဆက်ထိုင်နေဘို့ အတွက်ရည်ရွယ်ပြီး ရည်ရွယ်ချက်ကြီးကြီးနဲ့ ရွတ်မိတာပါ...။

ရိုးရာ

18 July 2009

38 comments


ရိုးရာ

တိုင်းရင်းသားလူမျိုးတိုင်းမှာ သူတို့ လူမျိုးနဲ့ပါတ်သတ်တဲ့ ယဉ်ကျေးမှုဓလေ့နဲ့ ရိုးရာ ကိုးကွယ်မှုဆိုတာ ရှိကြပါတယ်။ တခြားလူမျိုးတွေအနေနဲ့ နားလည်ဖို့ ခက်ခဲနိင်တဲ့ ယုံကြည်ကိုးကွယ်မှုတွေလည်း ရှိနေတတ်ပေမယ့် ဒါဟာ လူမျိုးစု အတွင်းမှာနှစ်ပေါင်းများစွာ တည်ရှိလာခဲ့တဲ့ ဓလေ့ထုံးစံတွေ လည်းဖြစ်ပါတယ်...။

တွံတေးမြို့ကနေ မော်တော်စီးပြီး ဆက်သွားရတဲ့ ကရင်ချောင်းထဲက ကျုံဖားဆိုတဲ့ ကရင်ရွာမှာ မေမေ့ကို မွေးဖွားခဲ့တယ်...။ တွံတေးမှာ ကျောင်းတက်ပြီး မြန်မာလူမျိုးဖြစ်တဲ့ ဖေဖေနဲ့ အကြောင်းပါပြီး ကျွန်တော်တို့ကို မွေးဖွားခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့မှာလည်း ကရင်သွေး ပါနေခဲ့ပေမယ့် အဖေ့ဘက် မျိုးရိုးလိုက်သွားတယ်နဲ့တူပါရဲ့ ကရင်လူမျိုး မျက်နာပုံစံမျိုး ရှိမနေခဲ့ပါဘူး။ မြို့မှာမွေးပြီး ကြီးပြင်းခဲ့ရတော့ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် ကရင်သွေး ပါတယ်ဆိုတာကိုလည်း မေ့နေခဲ့ပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ မောင်နှမတစ်တွေ အဖွားရှိတဲ့ ကရင်ရွာ ကိုတော့ နွေရာသီကျောင်းပိတ်ရက်တိုင်း သွားလည်ဖို့မမေ့တတ်ကြဘူး။ ရွာရဲ့ ဖော်ရွေမှု ၊ အမျိုးအဆွေများရဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုမှုတွေ အပြင် ရွာရဲ့ ဓလေ့ထုံးစံ တွေက နွေရာသီ ကျောင်းပိတ်ရက်တိုင်း ရွာကို သွားလည်ဖို့ အမြဲ တက်ကြွနေစေခဲ့ပါတယ်။

တစ်ခါတစ်လေ နွေရာသီကျောင်းပိတ်ရက်မဟုတ်ပေမယ့် ရွာကလူကြုံနဲ့ လှမ်းခေါ်တာတွေလည်း ရှိတတ်သေးတယ်။ ဘယ်နေ့တော့ ရွာမှာ “နတ်စား” ဖို့ရှိတယ် အမှီလာခဲ့ကြဆိုပြီး အမျိုးတွေက သတိတရနဲ့ ခေါ်လေ့ရှိကြတယ်။ ဒါမျိုးဆိုရင် ဝက်သားကြိုက်တဲ့ ကျွန်တော် ရွာကို အရောက်ပြေးတော့တာပါပဲ။ ကျွန်တော်တို့ ရွာဘက်တွေက နတ်စား တယ်လို့ပြောပေမယ့် နားလည်လွယ်အောင်ပြောရရင် ကရင်ရိုးရာနတ်ကို ပူဇော်တဲ့ ပွဲလို့ ပြောရင် ပိုရှင်းမယ်။ ဘဝရဲ့ အခက်အခဲတွေကို ပြေလည်အောင် ဆုတောင်းတိုင်တည်ပြီး ထိုဆုတောင်းအတိုင်း ပြည့်လာတဲ့အခါ ကတိခံထားသလို နတ်ကန်တော့တဲ့ သဘောမျိုးပါ။ ကျွန်တော်သိသလောက် ရိုးရာဓလေ့လေးနဲ့ အမျိုးအဆွေတွေ နတ်စားတဲ့ အကြောင်း ပြောပြချင်ပါတယ်။



နတ်စားဖို့ အတွက် ရည်ရွယ်ပြီး ရွာရဲ့အိမ်တိုင်းလိုလိုမှာ ဝက် သုံး လေး ကောင်လောက်တော့ မွေးထားလေ့ ရှိကြတယ်။ ထမင်းကျန်ဟင်းကျန်ရယ် ထမင်းအိုးငှဲ့တဲ့အခါ ခံထားတဲ့ ထမင်းရည်ရယ် ဖွဲနုရယ်ကျွေးပြီး မွေးကြတာပါပဲ။ ဝက်တွေ အရွယ်ရောက်လာတဲ့အခါ ကိုယ့်အိမ် နတ်စား တဲ့အခါ သုံးဖို့ရယ် ပြန်ရောင်းဖို့ရယ်ရည်ရွယ်ပြီး မွေးလေ့ရှိတယ်။


နတ်စားမယ့်နေ့မှာ နေ့လည် ၁နာရီလောက်ဆို အလုပ်အကိုင် လုပ်မယ့်အဖွဲ့တွေ ရောက်လာပါတယ်။ မီးဖိုတဲ့သူက ဖိုပြီး အိုးဆေးတဲ့သူ ထမင်းစား စားပွဲသယ်တဲ့သူ စသည်ဖြင့် ရွာတွေရဲ့ထုံးစံအတိုင်း တက်ညီလက်ညီ လုပ်အားပေးလေ့ရှိတယ်။ ကူညီမယ့်သူတွေကို တကူးတက ခေါ်ထားရတာမျိုးလည်း မဟုတ်ပါဘူး။ နတ်မစားခင် တရက်အလိုမှာ နတ်စားမယ့် အိမ်ရှင်ကရွာထဲသွားရင်း ဒါမှမဟုတ် မြစ်ဆိပ်မှာ ရေချိုးဆင်းရင်းနဲ့ မနက်ဖြန်ငါတို့အိမ် နတ်စားမယ်ဟေ့လို့ တွေ့တဲ့သူကို ပြောလိုက်ရင်ရပြီ။ သိတဲ့သူက နောက်တယောက်နောက်တယောက်နဲ့ ဖြန့်ပေးလိုက်တာ တရွာလုံးလိုလို သိသွားကြတာပါပဲ။ ကျေးလက် တောရွာတွေရဲ့ သတင်းဆက်သွယ်မှု ကွန်ယက်က သူ့နည်းသူ့ဟန်နဲ့တော့ အဆင်ပြေနေတယ်ဆိုရမယ်။


နတ်စားမယ့်အိမ်ရဲ့ ခြံဝင်းထဲက သစ်ပင်တစ်ပင်မှာ ဝက်ကို ကြိုးနဲ့ချည်ထားတယ်။ တချို့ဝက်တွေကတော့ အေးအေးလူလူ နေနေပေမယ့် ဝက်တော်တော်များများကတော့ သေရတော့မှာ သိနေသလိုနဲ့ အော်ဟစ်နေတတ်ပါတယ်။ နေ့လည် ၂ နာရီလောက်ဆို ဝက်သတ်တဲ့သူရောက်လာပါပြီ။ နတ်စားဖို့ ဝက်သတ်တာ တခါတော့ ကြည့်ခဲ့ဖူးတယ်။ ထင်းခွဲတဲ့ ပေါက်ဆိန်ရဲ့ အနှောင့်ဘက်နဲ့ နဖူးတည့်တည့် ထုချလိုက်တာ တခါတည်း သေတာပါပဲ။ ဝက်သေပြီဆိုတာနဲ့ ခုတ်ထစ်ခွဲခြမ်းတဲ့ သူတွေက ဝက်တကောင်လုံး ပိုင်းဖြတ်လိုက်တယ်။ပြီးရင် အဆင်သင့်တည်ထားတဲ့ ရေနွေးထဲထည့်ပြီး ဂျီးချွတ် အမွှေးနှုတ် ကြတယ်။


နတ်တင်ရမယ့် အဓိက မပါမဖြစ် အစိတ်အပိုင်းတွေက အတွင်းကလီစာ နဲ့ အသားနည်းနည်းပါပဲ ။ ဝက်ခေါင်းလည်း ပါမယ်ထင်ပါတယ်။ ကျန်တဲ့အသားတွေကိုတော့ တဝက်ခွဲပြီး လူတွေကို ကျွေးဘို့ဖယ်တယ်။ ကျန်တဲ့တဝက်ကိုတော့ ဈေးထဲမှာရောင်းသလို ဝက်သားအတွဲတွေဖြစ်အောင် ခုတ်ထစ်ပြီး ရွာစဉ်တလျောက် လိုက်ရောင်းလေ့ရှိတယ်။


ဝက်တကောင်ဆို ပျှမ်းမျှ ပိဿာချိန် ၇၀ လောက် ထွက်တော့ အချိန် ၃၀ လောက်ကို ရောင်းပြီး ငွေပြန်ရှာကြတယ်။ ကျန်တဲ့အသားတွေကိုတော့ အရွယ်တော်အနေအထား အတုံးတွေ ခုတ်ထစ်ပြီး ရေလုံပြုတ်လိုက်တယ်။ နောက်ထပ်မီးဖို တစ်လုံးနဲ့ တစ်ရွာလုံးကျွေးဘို့ ထမင်းအိုးတည်ကြပါတယ်။ နတ်တင်ရမယ့် အစိတ်အပိုင်းတွေကို အိုးတစ်လုံးနဲ့ သပ်သပ် ပြုတ်ထားရပါတယ်။ အဲဒါတွေကျက်ပြီဆို နတ်ဆရာက ဗန်းအကြီးတခုထဲ ပြင်ဆင်ပြီး ရိုးရာနတ်ကို တိုင်တည်ပါတယ်။ နတ်စားမယ့် နေ့မတိုင်ခင် တစ်ရက်အလိုထဲက မိသားစုဝင်တွေ စုံစုံညီညီ ရှိကြရပါတယ်။ နတ်စားမယ့် မတိုင်ခင် တစ်ညမှာလည်း မိသားစုတွေ တအိမ်ထဲ တမိုးထဲအောက်မှာ နေကြရပါတယ်။


နတ်တင်တော့မယ်ဆိုရင် အိပ်ခန်းတခုထဲ မိသားစုအားလုံးဝင်ပြီး အခန်းတံခါးပိတ်ထားရပါတယ်။ သူစိမ်းဆိုလို့ နတ်ဆရာ တယောက်ပဲ ရှိပါတယ်။ နတ်ဆရာက ရိုးရာနတ်ကို ဘယ်နေ့သား ဘယ်နေ့သမီး ဘယ်သူတွေ ကတော့ဖြင့် သတိတရနဲ့ ရိုးရာမပျက်လာကန်တော့ပါတယ်၊ စီးပွားလာဘ်လာဘ တိုးအောင်စောင့်ရှောက်ပေးပါ ဆိုပြီး အပ်ပေးပါတယ်။ နောက်တော့ နတ်စာတွေရွတ်ပြီး နတ်ကို တင်ထားတဲ့ အစားအစာတွေ စားပါလို့ တောင်းပန်တယ်။


အဲဒီအချိန်မှာ မိသားစု ဝင်တွေက ငြိမ်ငြိမ်လေးထိုင်နေကြရပါတယ်။ လူတွေကသာ ငြိမ်ငြိမ်ထိုင်နေပေမယ့် တော်တော်များများ အကြည့်တွေက နတ်တင်ထားတဲ့ ဗန်းထဲပဲရောက်နေကြတယ်။ အဲဒါကလည်း အကြောင်း ရှိပါတယ်။ နတ်ဆရာ ရွတ်ဖတ်ပြီးရင် မိသားစုဝင်တွေက အစဉ်လိုက် တစ်ယောက်ပြီး တစ်ယောက် စားကြရတော့မှာဆိုတော့ ကိုယ့်အလှည့်ရောက်ရင်ဘယ်အတုံးကို ရွေးစားမလဲလို့ ချောင်းနေကြတာပါ။


ပြောရရင် အဲလိုချောင်းတဲ့ အထဲမှာ ကျွန်တော်တော့ မပါပါဘူး။ ကျန်တဲ့အတုံးပဲစားမယ်ဆိုပြီး စိတ်လျော့ ထားရတယ်။ မလျော့လို့လည်း မရဘူးလေ။ ဘာကြောင့်ဆိုတော့ နတ်စားတဲ့ အခါမှာ လိုက်နာရတဲ့ ဓလေ့ထုံးစံ ကြောင့်ပါပဲ။ နတ်တင်ပြီးလို့ မိသားစုဝင်တွေ စစားရပြီဆို အိမ်ထောင်ဦးစီးဖြစ်တဲ့ အဖေက ပထမဆုံး စားရပါတယ်။ စားချင်တိုင်းလည်း စားလို့မရပါဘူး။ ကြိုက်တဲ့ အသားတုံး ဒါမှမဟုတ်ကလီစာကို စားခွင့်ရှိပေမယ့် စိတ်ကြိုက်စားရတာမျိုး မဟုတ်ဘူး။ ပြုတ်ထားတဲ့ ကလီစာကို တစ်လုတ်စားပြီးရင် ထမင်းတစ်လုတ် မဖြစ်မနေ စားရပါတယ် ပြီးရင်ရေတစ်ငုံသောက်ရပါတယ်။ အဲဒါက ပထမအကြိမ်ပါ။ အဲလိုပုံစံမျိုးအတိုင်း သုံးကြိမ် သုံးခါ စားရပါတယ်။


အဖေစားပြီးရင် အမေ ကလည်း အဲဒီအတိုင်းပဲ သုံးမျိုးကို သုံးခါစားရပါတယ်။ အဖေနဲ့အမေပြီးရင် မောင်နှမတွေထဲက အကြီးဆုံးဖြစ်သူက အဲဒီအတိုင်းပဲ သုံးခါစားရပါတယ်။ မောင်နှမထဲက အကြီးဆုံးဖြစ်သူ စားပြီးရင် သူ့အောက်ကမောင်နှမ ဖြစ်သူကစားလို့မရပြန်သေးဘူ။ အကြီးဆုံးရဲ့ ခင်ပွန်းဒါမှမဟုတ် ဇနီးက စားရပါတယ်။ ပြီးရင် သူတို့ သားသမီးတွေက ကြီးစဉ်ငယ်လိုက်သုံးခါစီ စားရပါတယ်။ အဲဒီသားသမီးတွေမှာမှ အိမ်ထောင်ကျထားတဲ့သူရှိနေသေးရင် အဲဒီသူရဲ့ သားသမီးတွေပါ ကြီးစဉ်ငယ်လိုက် စားကြရတယ်။ သဘောကတော့ လူတစ်ယောက်နဲ့သက်ဆိုင်တဲ့သူတွေ အစဉ်လိုက်စားကြရတာမျိုးပါပဲ။


အစ်မအကြီးဆုံးစားပြီးရင် သူ့ခင်ပွန်းစားရတယ်။ ပြီးရင် သူ့သားသမီးတွေ စားရတယ်။ အဲဒီလိုနဲ့ ကျွန်တော့်အလှည့်ရောက်ရင်စားကောင်းတဲ့ အစိတ်အပိုင်းက ကုန်သလောက်ဖြစ်နေပြီပါပြီ။ အဲဒါကြောင့် စိတ်လျော့ထားရတာလို့ ပြောတာပေါ့။ အဲဒီလိုမိသားစုတွေစားတဲ့ အချိန်မှာ နတ်ကလည်း သူ့နေရာသူ ပြန်ကြွသွားပြီဆိုတော့ အခန်းထဲမှာ လွတ်လွတ်လပ်လပ် အော်ဟစ်ပြီး ဆူညံနေတာပါပဲ။


အဲဒီလို ဆူညံတဲ့သူတွေ ကြည့်လိုက်ရင် ကျွန်တော်တို့လို မိသားစုထဲမှာ အငယ်ဆုံး မောင်နှမတွေ ဖြစ်နေတာ တွေ့ရလိမ့်မယ်။ ဓလေ့ရိုးရာကြောင့် အရင်စားခွင့်ရတဲ့ တူတွေ တူမတွေကို လှမ်းမာန်ရတာလေ။ ဟေ့ကောင်တွေ ကောင်းတဲ့ အတုံးပဲရွေးမစားနဲ့ ငါတို့အတွက်လည်း ချန်အုံးဟ ဆိုပြီ နောက်က သတိပေးနေပေမယ့် တူတွေ တူမတွေကလည်း သူတို့အနိင်ရတုန်းလေး ကောင်းတဲ့ ကလီစာတွေပဲ ဖိတွယ်တာပါပဲ။


ကျွန်တော့်အစ်မလတ်က ဝက်သားလုံးဝ မစားတော့ သူ့အလှည့်ရောက်ရင် စတိအနေနဲ့ ဝက်သားတုံးနဲ့ နဖူးကို
သုံးခါထိရတယ်။ သူ့ခမျာ ဝက်သားတုံးနဲ့ ထိပြီးတာနဲ့ မီးဖိုချောင်ကိုတန်းပြေးပြီး နဖူးကို ရေအထပ်ထပ် ဆေးနေတော့တာပါပဲ...။


မိဘနှစ်ယောက်လုံး ကရင်လူမျိုးဖြစ်နေရင် ပထမနေ့ကို အဖေအတွက်ရည်ရွယ်ပြီး ဝက်အထီးနဲ့ နတ်စားရတယ်။ အမေအတွက်ရည်ရွယ်တဲ့ နောက်တနေ့မှာ ဝက်အမ နဲ့ နတ်စားရတယ်...။ကျွန်တော်တို့ကတော့ မေမေတယောက်ထဲ ကရင်လူမျိုးဖြစ်နေလို့ ဝက်အမနဲ့ တရက်ပဲ နတ်ကန်တော့ရပါတယ်...။ဒါဟာအခုထိရှိနေသေးတဲ့ ကရင်ရိုးရာ နတ်စားခြင်းပါပဲ...။ပြောတော့တာ နတ်စားတယ်ဆိုပေမယ့် တကယ်တော့ လူစားတာပါ...။


အိပ်ခန်းထဲမှာ မိသားစုဝင်တွေစားနေသလို အိမ်ခြံဝင်းထဲမှာလည်း တရွာလုံး လာစားကြပါတယ်...။ ဝက်ပေါ်(သတ်)ပြီးလို့ ခုတ်ထစ်နေချိန်မှာ ရွာက ကလေးတွေက အဲဒီင်္အနားမှာ စောင့်နေလေ့ရှိတယ်...။ ဘာကြောင့်ဆိုတော့ ဝက်ရဲ့ ကိုယ်ထဲမှာ သူတို့အတွက် ကစားစရာ တခုရှိနေလို့ပါပဲ...။ ဝက်ကိုကိုင်တဲ့သူ ရှင်းအောင်ပြောရရင် ဝက်ကိုခုတ်ထစ်တဲ့သူက ဝက်ရဲ့ဆီးအိတ်ကို ဂရုတစိုက်နဲ့ ခွဲထုတ်ပေးလေ့ ရှိပါတယ်။ အဲဒီဆီးအိတ်ကို ရေစင်အောင်ဆေးပြီး လေမှုတ်ထည့်လိုက်ရင် ဘော်လုံးတစ်လုံး ဖြစ်လာပါတယ်။ အဲဒီဘော်လုံးနဲ့ ရွာလမ်းမမှာ ကလေးတွေ နှစ်ဖက်လူခွဲပြီး ကန်ကြတော့တာပါပဲ..။ ကျွန်တော်လည်း ဝင်ကန်ခဲ့ဖူးတယ်။ ဖုန်တွေပေပြီး မဲညစ်ညစ် ဖြစ်လာပေမယ့် ဝက်ရဲ့ဆီးအိတ်ကထူတော့ တော်တော်နဲ့ မကွဲပါဘူး။


ကလေးတွေလည်းမောရော ဟင်းလည်းကျက်တာပါပဲ။ မောမောနဲ့ အားရပါးရ စားကြတယ် ရွာစကားနဲ့ပြောရရင်
တစ်ဝကြီးလွေးကြတယ်ပေါ့..။ ရွာတွေရဲ့ထုံးစံအတိုင်း ညနေ ၄ နာရီလောက် ထမင်းစားတာဟာ သူတို့ အတွက်တော့ ညစာလည်းဖြစ်တယ်လေ..။ ကျွန်တော်တို့ ရွာသွားလည်ရင် ညနေ ၅ နာရီလောက်ဆို ညစာထမင်းပွဲ ပြင်တော့တာပါပဲ။ နေကမ၀င်သေးဘူး အပြင်မှာ လင်းလင်းထင်းထင်း ရှိသေးချိန်မှာ ညစာ စားရတာဟာ ကိုယ့်အတွက်တော့ တော်တော်ဂွတီးဂွကျ နိင်တယ်လို့ထင်မိတယ်။


အဲဒီတော့ နတ်စားတဲ့ အိမ်မှာ ညနေ ၄ နာရီကျော်လောက် တရွာလုံးညစာလာစားတာဟာ သူတို့အတွက်တော့
ပုံမှန်ပါပဲ။ အလှူအိမ်က ပြုတ်ထားတဲ့ ဝက်သားနဲ့ထမင်းကျွေးပါတယ်။ ဝက်သားပြုတ်ရည်ကို ထမင်းထဲ ရွှဲရွှဲ ဆမ်းပြီး ဝက်သားတုံးကိုက်စားကြတာ တယောက်ကို ထမင်း၃ပန်းကန်လောက်ကတော့ အသာလေးပါပဲ...။ လယ်လုပ်ကိုင်းလုပ်တဲ့ သူတွေဆိုတော့ အလုပ်လုပ်ရင်လည်း ပြင်းပြင်းထန်ထန်လုပ်နိင်သလို စားတဲ့အခါလည်း
အားရပါးရပါပဲ။ ဟန်ဆောင်ပန်ဆောင်ခြင်းမရှိပါဘူး။ ဒါကိုက ကျေးလက်ရဲ့ ချစ်စဖွယ် ဓလေ့စရိုက်ပါပဲ...။


နတ်စားတဲ့ အကြောင်းပြောတိုင်း ဒါမှမဟုတ် ဆွေမျိုးများတဲ့ အကြောင်းပြောတိုင်း ထည့်ပြောဖြစ်တဲ့ အဖြစ်ပျက်လေး တခုရှိပါတယ်။ မေမေတို့ငယ်ငယ်တုန်းက မေမေ့ရဲ့ အဖွားက နတ်စားတဲ့အခါ ဓလေ့အရ ဦးဆောင်ပြီး နတ်စားတဲ့သူရဲ့ မိသားစုဝင်တွေ တယောက်မကျန်လာရသလို မိသားစုဝင်တွေအားလုံးလည်း တမိုးထဲအောက်မှာနတ်မစားခင်ညမှာ အတူတူရှိရပါတယ်..။


မေမေရဲ့အဖွားနတ်စားတယ်ဆိုတော့ သားသမီးမြေးမြစ်တွေ အကုန်လုံး တစုတစည်းထဲ စုစည်းကြရတာပေါ့...။ ကျွန်တော်တို့ အဖွားမှာ မွေးချင်းမောင်နှမ ၅ ယောက်ရှိပြီး အဖွားက အငယ်ဆုံးဖြစ်တယ်။ အဖွားက ကျွန်တော့်မေမေ အပါအ၀င် သားသမီး ၄ယောက်ရှိပြီး အဖွားရဲ့ ကျန်တဲ့မောင်နှမတွေက တယောက်ကို သားသမီး ၈ ယောက် ၉ယောက်လောက်စီ မွေးထားတဲ့အပြင် သူတို့တွေကပါ ထပ်ပေါက်ဖွားတဲ့ သားသမီးတွေနဲ့ ဆိုတော့ အဘွား(မေမေရဲ့အဖွား) နတ်စားတဲ့အချိန်မှာ ဆွေမျိုးအရင်းအခြာ အုပ်စုကြီးက အလွန်ကို များပြားနေတော့တာပဲတဲ့လေ။


နတ်မစားခင်တနေ့ အားလုံးဆုံတဲ့အချိန်မှာ မောင်နှမတွေ တူ တူမ တွေက အယောက် ငါးဆယ် နီးနီး ဖြစ်နေပြီ ဆိုတော့ အဘွားရဲ့ အိမ်မှာ မဆန့်ဘူးဖြစ်နေတယ်။ နတ်စားတဲ့အခါ လိုက်နာရတဲ့ ဓလေ့ထုံးစံအရ တစ်အိမ်ထဲ တစ်မိုးထဲအောက်မှာ တညအတူတူရှိကြရမယ်ဆိုတဲ့ အတွက် အဲဒီလောက်လူ အုပ်ကြီးနဲ့ ဘယ်လိုမှ မဖြစ်နိင်ဘူး။


နောက်ဆုံး အဲဒီပြဿနာကို နတ်ဆရာက ဝင်ဖြေရှင်းရတဲ့ပုံက အဘွား(မေမေရဲ့အဖွား)အိမ်ရဲ့ ပါတ်လည်က အိမ်တွေမှာ သားသမီးမြေးမြစ်တွေက သွားတည်းခိုကြရတယ်။ အဲဒီလို တစ်အိမ်စီဖြစ်သွားတော့ တစ်မိုးထဲအောက်မှာ အတူတူရှိရမယ်ဆိုတဲ့ ဓလေ့နဲ့ မညီဘူးဖြစ်နေတယ်။ ဒီတော့ အလယ်မှာ ရှိတဲ့ အဘွားရဲ့ အိမ်ခေါင်ကနေ သားသမီးတွေ တည်းနေတဲ့ အိမ်ခေါင်တွေကို အပ်ချည်ကြိုးတွေနဲ့ သွယ်တန်းပေးထားရတယ်။ သဘောက ဦးဆောင်ပြီး နတ်စားတဲ့ မိဘရဲ့ အရိပ်အာဝါသ အောက်မှာရှိနေပါတယ် ဆိုတဲ့သဘောမျိုးနဲ့တူပါရဲ့။ ဒါက ညအိပ်တဲ့ အချိန်ရဲ့ အဖြစ်အပျက်ပါ။


နတ်ကန်တော့ပြီးတဲ့အခါ ဓလေ့ထုံးစံအရ တယောက်ကို အသားတကိုက် ထမင်းတလုတ် ရေတငုံ ကို သုံးခါစားရတဲ့ အချိန်မှာအိမ်တလုံးနဲ့ အပြည့်ရှိနေတဲ့ ဆွေမျိုးတွေကို ဝါစဉ် အလိုက် အစီအစဉ်တကျ ဖြစ်အောင်လို့ တစ်ယောက်ကအမျိုးစားရင်းကို ဘေးကနေ အော်ပေးရတယ်ဆိုပဲ။


ကျွန်တော် အဖွားက မောင်နှမတွေထဲမှာ အငယ်ဆုံးဖြစ်တော့ အဘွားကမွေးတဲ့ မေမေတို့ မောင်နှမက နောက်ဆုံးမှ စားရတယ်။ ဖြစ်ချင်တော့ ကျွန်တော့်ဦးလေး အငယ်ဆုံး က အင်မတန် ရွံတတ်တယ်။ ငယ်ငယ်တုန်းက ရွာသွားလည်လို့သူနဲ့ထမင်းအတူတူ စားရင် ထမင်းလုံးအောက်မကျအောင် ဂရုစိုက်ရတယ် ထမင်းလုံးဘေးဖိတ်တာတွေ့ရင် ဦးလေးက ခေါင်းခေါက်တော့တာပဲ။ ထမင်းစားစားပွဲပေါ်မှာ ပေရေ ညစ်ပါတ် တာလည်း မကြိုက်ဘူး။အဲဒီလို ရွံတတ်တဲ့ဦးလေးအတွက် သူစားရတဲ့အလှည့်က တမျိုးလုံးမှာ နောက်ဆုံးဖြစ်နေတယ်။


သူအရှေ့က စားသွားတဲ့ ကလေးတွေအလှည့်မှာ နှပ်တွေရော ပြန်ပြုတ်ကြတဲ့ ထမင်းလုံးတွေရော တွေ့ထားတော့သူဘယ်လိုမှ မစားချင်ဘူး။ သူစားရတဲ့အလှည့်ရောက်တော့ အသားလည်း မယ်မယ်ရရ မကျန်တော့ ပါဘူး..။ လက်ကျန်ထမင်းလေးရယ် အသားလေး နည်းနည်းရယ်ပဲ ကျန်တော့တယ်တဲ့။ ဓလေ့အရလည်း မစားလို့ မရဘူးဆိုတော့ သူ့မှာ စားရင်းနဲ့ ငို ၊ ငိုရင်းနဲ့ စားရတယ်ဆိုပဲ။


အဲဒီအကြောင်းကို အခါအခွင့်သင့်တိုင်း အမျိုးတွေ ကြားမှာ အခုထိ ပြောစမှတ် တွင်နေတော့တယ်။ တရွာလုံးနီးနီး ကလည်း ဗုဒ္ဓဘာသာဖြစ်ပေမယ့် နတ်စားခြင်းက ကရင်ရိုးရာအရ(ကျွန်တော်တို့ရွာဘက်က)လုပ်တဲ့ ရိုးရာနတ်ပူဇော်တဲ့ ဓလေ့တခုပါပဲ။


မှတ်မှတ်ရရပြောရရင် မေမေက ဦးဆောင်ပြီး နတ်စားတာ ၂ ကြိမ် ရှိခဲ့ဖူးတယ်။ အဲဒီတုန်းက ကျွန်တော်တို့ တော်တော် ငယ်ပါသေးတယ် လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ထင်ပါရဲ့ ။ အဲဒီနောက်ပိုင်းတော့ နတ်စားတဲ့ ဓလေ့ကိုကျွန်တော်တို့မိသားစုကြားမှာ ပယ်ဖျက်လိုက်တော့တယ်။


လွဲမှားတဲ့ အယူဝါဒလို့ မဆိုလိုပေမယ့် ကျွန်တော်တို့ ကိုးကွယ်တဲ့ ဗုဒ္ဓရဲ့ တရားတော်တွေအရ လက်ခံဘို့ ခက်ခဲတာနဲ့ ကျွန်တော်တို့ မိသားစုလည်း ရိုးရားနတ်စားတဲ့ဓလေ့ မလုပ်ဖြစ်တော့ပါဘူး။ တိတိကျကျ အချက်အလက်တွေ ကျန်နေနိင်ပေမယ့် ဒါဟာ ကျွန်တော်သိသလောက် ရိုးရာ ဓလေ့လေးတစ်ခုကို ပြန်လည်ဝေမျှ လိုက်ရခြင်းဖြစ်ပါတယ်။

။.........................................................................။


Tom & Jerry ...(1)

08 June 2009

24 comments
အရင်ထဲက အဖြူလေးနဲ့ တအိမ်ထဲ နေပေမယ့် ညောင်ရမ်းနဲ့က တနေရာစီ နေကြတယ်...။ ညဘက်တွေဆို ညောင်ရမ်းက အိမ်ကိုလာလည်လေ့ရှိတယ်..။အိမ်မှာ အတူတူ စားကြသောက်ကြ စကားပြောကြတယ် တခါတလေ ပိုကာဒေါင်းကြပြီး ညနက်မှ သူကအိမ်ပြန်လေ့ရှိတယ်..။

အခုတော့ ညောင်ရမ်းက ကျွန်တော်တို့ အိမ်ကို ပြောင်းလာတယ်...။ အဲဒီတော့ အခုဆို အိမ်မှာ လူစုံတက်စုံ ဖြစ်သွားပြီ..။ အူကြောင်ကြောင်လုပ်တဲ့ အဖြူလေးရယ် ထူးထူးဆန်းဆန်း ပြောတတ် လုပ်တတ်တဲ့ ညောင်ရမ်းရယ် သူတို့ကို ကြည့်ပြီး ကုန်ကြမ်းရှာတဲ့ မြစ်ကျိုးအင်းရယ် အဲဒီမှာ တွေ့တော့တာပါပဲ...။

ညောင်ရမ်း ကို အဖြူလေးနဲ့ တခန်းအတူတူ ထားလိုက်တဲ့ အခါမှာတော့ ကျွန်တော်တို့ ငယ်ငယ်က ကြည့်ခဲ့တဲ့ (Tom & Jerry) ကြောင်နဲ့ ကြွက် ဇာတ်လမ်းတွဲတွေကို အပြင်မှာ အရှင်လတ်လတ် ကြည့်ခွင့်ရတော့တယ်..။
သူတို့နှစ်ယောက်က မတည့်တာတော့ မဟုတ်ဘူး ......။

အဖြူလေးက အူကြောင်ကြောင်လုပ်တယ် ညောင်ရမ်းက အဖြူလေးကို ပေါက်ကရ ကျပ်ပေးတယ်...။ အဲဒီမှာ ကြောင်နဲ့ကြွက် ဇာတ်လမ်တွဲ အသစ်တွေ ထပ်ထွက်လာတော့တယ်...။ အခုပထမဆုံး ဇာတ်လမ်တွဲ တခုကို ပြောချင်တာပါ..။

လွန်ခဲ့တဲ့ ၁၀ ရက်လောက်က အဖြူလေးကို ကွန်ပြူတာ ဆင်ပေးဘို့ အားလုံးသဘောတူပြီး သကာလ အဖွဲ့ထဲက သူငယ်ချင်းက သူအလုပ်အားရက်တွေမှာ ပစ္စည်းလေးတွေ တစတစ ၀ယ်ထားပေးပြီ စုထားပေးခဲ့တယ်..။ ပြီးခဲ့တဲ့ တနင်္ဂနွေ မှာတော့ အဖြူလေးအတွက် ကွန်ပြူတာ တပ်ဆင်ပွဲ ပြီးသွားခဲ့တယ်..။ အဖြူလေးကအားလုံးကို KFC က ကြက်ကြော်တပုံးဝယ်ကျွေးပြီး ဖွင့်ပွဲလုပ်တယ်..။ အဖြူလေးအတွက် အားလုံးကလည်း ကွန်ပြူတာအတွက်လိုအပ်တဲ့ ပစ္စည်းလေးတွေ လက်ဆောင်ပေးကြတယ်..။ အဖြူလေးရဲ့ ကွန်ပြူတာ ၀ယ်တဲ့ ရည်ရွယ်ချက်က စာရေးပြီး ဘလော့တင်ဘို့အတွက်ပါ...။ ၀ယ်ပြီးတဲ့နေ့က စပြီး စာရိုက်လေ့ကျင့်တာ အခုထိပါပဲ...ကျန်တဲ့သူတွေနဲ့ စကားတောင်လာမပြောနိင်တဲ့ အထိ လေ့ကျင့်ခန်းတွေ ဆင်းနေတော့တယ်..။

ကြောင်နဲ့ကြွက်ဇာတ်လမ်းက ကွန်ပြူတာ တပ်ဆင်ပြီးတဲ့ ညမှာ ဖြစ်လာခဲ့တယ်...။ အဲဒီညမှာ အဖြူလေးက ကွန်ပြူတာ မပိတ်ရသေးပဲ ပိတ်ထားတယ် ထင်ပြီး အိပ်တော့ သူရဲ့ mouse က မီးရောင်လေးတွေ တချက် တချက် ထထလင်းတယ်..။

အဲဒီမှာ ညောင်ရမ်းက သူ့ဖုန်းကို စောင်နဲ့အုပ်ပြီ ပါဝါကို ပိတ်လိုက်တယ် ပြီးတော့ ဖုန်းပြန်ဖွင့်တော့ nokia တီးလုံး
သံလေးထွက်လာတယ်...။ခဏနေပြန်ပိတ်ပြီး ပြန်ဖွင့်ပြန်ရော အဲဒီတော့ တီးလုံးသံပြန်ထွက်လာပြန်ရော...။ အဲဒီလိုအခါခါ လုပ်တော့ အသံကြားပြီး အဖြူလေး အိပ်နေရာကနေ နိုးလာတယ်..။

သူ့ကွန်ပြူတာကို လှမ်းကြည့်လိုက်တော့ mouse က မီးရောင်လေး တချက်တချက်ထထ လင်းနေတယ်..။ ညောင်ရမ်း လုပ်နေတဲ့ တီးလုံးသံကိုလဲ အဖြူလေးစိတ်ထဲမှာ သူ့ mouse က တီးလုံးသံထွက်နေတယ် ထင်ပြီး ကွန်ပြူတာရဲ့မီးကြိုးကို ပလပ်ကနေ ဆွဲဖြုတ်လိုက်တော့တယ်..။

မနက်မိုးလင်းတော့ အဖြူလေးက ပြောတယ် သူ့mouse ကတစ် ညလုံး မီးလင်းပြီး ထထအော်နေတယ်တဲ့.. ဘာဖြစ်လို့လဲဆိုပြီးမေးတယ်..။ ကျွန်တော်တို့က အသံထွက်တဲ့ mouse ဆိုတာကို မကြားဘူးတာနဲ့ ဟုတ်လို့လားပြန်မေးတော့ အဖြူလေးက တကယ်ကွ ငါပလပ်ဆွဲ ဖြုတ်လိုက်မှ အသံရပ်သွားတာကွ ပလပ်သာ မဖြုတ်ရင် တညလုံးများ အော်နေမလား မသိဘူးတဲ့လေ..။

နောက်မှ ညောင်ရမ်းက သူညက အဖြူလေးကို ကျပ်ပေးလိုက်ပုံလေး ပြောမှပဲ အားလုံးခွက်ထိုးခွက်လန် ရယ်ကြတော့တယ်.။ အဖြူလေးလည်း အကြောင်းစုံကို သိရော ထုံးစံအတိုင်း မျက်နာငယ်လေးနဲ့ ကျွန်တော့်ကို
ကြည့်တယ်။ သူဘာသဘောနဲ့ ကြည့်တာကို ကျွန်တော်ကလဲ သိနေတယ်လေ ဒါနဲ့ သူ့ကိုနှစ်သိမ့်လိုက်ပါတယ် ..
စိတ်ချပါဗျာ အဲဒီအကြောင်း အခုမတင်သေးပါဘူး ကျွန်တော်အားမှ တင်ပေးမယ်လို့ပြောလိုက်တယ်..။

ခုတော့အားတာနဲ့ ကိုယ့်စကားနဲ့ကိုယ်မို့လို့ တင်လိုက်တာပါ..ဟဲဟဲ...။

ပြောလို့တော့ မရဘူး အဖြူလေးပြော သလို တီးလုံးသံထွက်တဲ့ mouse တီထွင်ပြီးသွားပြီလားမသိဘူးလေ...။

အခုတော့ အဖြူလေးကို ဘလော့တခု လုပ်ပေးထားပြီးပါပြီ....
အဖြူလေးလည်း အားကျိုးမာန်တက် စာတွေရိုက်နေပါတယ်..။
သူ့ဘလော့လေးက ဒီမှာ ပါ...။အားပေးလိုက်ကြပါအုံး..။

..................................................................................................................................



Free Kick

01 June 2009

32 comments
ဒီရက်ပိုင်း သူငယ်ချင်းတယောက်ကို သတိတရ ဖြစ်နေမိတယ်..။မြန်မာပြည်မှာ ကြေးစားဘော်လုံးသမားတွေ
ခေတ်ကောင်း နေတော့ ကျွန်တော့်သူငယ်ချင်းကို သတိရမိတာပါ...။သူက ဘော်လုံးကို စွဲစွဲမြဲမြဲ မကန်ခဲ့ပေမယ့်
တခါကန် ရင် တခါဆိုသလောက် မှတ်မှတ်ရရဖြစ်အောင် လုပ်ခဲ့ဖူးတဲ့ သူငယ်ချင်းပေါ့...။

သူ့နာမည်က အောင်မိုးခိုင်လို့ သူ့အမေမှည့်ထားပေမယ့် ကျွန်တော်တို့ သူငယ်ချင်းတွေ
အားလုံးက သူ့ကို မိုးကြီး လို့ပဲ ခေါ်ကြတယ်...။ကျွန်တော်နဲ့ မိုးကြီးနဲ့ ခင်မင်သွားပုံကလည်း မှတ်မှတ်ရရ ရှိစရာပါပဲ။

ကျွန်တော်တို့က သူငယ်ချင်းတွေ များတဲ့ မြို့လယ်အထိ လ္ဘက်ရည်ဆိုင်လာထိုင်ပြီး ည၁၀နာရီ လောက်ဆိုရင်
ကားစီးပြီး အိမ်ပြန်လေ့ရှိကြတယ်..။မိုးကြီးနဲ့တွေ့တော့ ကျွန်တော်တို့ ၉ တန်းကျောင်းသားဘ၀ပေါ့..။
အဲဒီနေ့က အိမ်ပြန်မလို့ကားစောင့်နေရင်း မိုးကြီးက ကျွန်တော်တို့ အနားက ဖြတ်သွားတာနဲ့ကြုံတယ်..။

ကျွန်တော်နဲ့ အိမ်လိုက်အိပ်မယ့် သူငယ်ချင်း ကျော်စွာနဲ့ မိုးကြီးက အရင်ထဲက ခင်တော့ ကျော်စွာက
လှမ်းနှုတ်ဆက်တာနဲ့ ဒီကောင်အနားရောက်လာတယ်...။ ကျော်စွာဆိုတာက ကျွန်တော်တို့အဖွဲ့ရဲ့ ဂစ်တာသမားပေါ့... သူကဂစ်တာအတီးကောင်းတယ်။ငြိမ်းချမ်းဆိုတဲ့ သူငယ်ချင်းကလည်း ဂစ်တာတီး အရမ်းတော်တယ်။

မိုးကြီးက အနားရောက်လာပြီး ကျော်စွာကို ဘယ်သွားမှာလဲမေးတယ်...။
ကျော်စွာက ကျွန်တော်အိမ် လိုက်အိပ်မှာ ပြောတော့ မိုးကြီးက ဘာရှိလို့လဲလို့ ပြန်မေးတယ်..။

အခုမှတွေ့ဖူးပေမယ် ကျွန်တော်က ၀င်ကျပ်တဲ့ အနေနဲ့ မနက်ဖြန် ငါ့အမ မင်္ဂလာဆောင်ကွ အဲဒါ ဒီညတီဝိုင်း
ပစ္စည်းတွေ ငှားထားတယ်.. မင်းသီချင်းဆိုတာ ၀ါသနာပါရင် လိုက်ခဲ့လို့ရတယ် လို့ကျပ်ပေးလိုက်ပြီး
ကျော်စွာက ဆက်ဖောတာ မိုးကြီး တကယ်ယုံသွားပြီးသူပါလိုက်ခဲ့မယ် ဖြစ်သွားတော့တယ်...။

ကျွန်တော်က ပိုပြီးယုတ္တိရှိအောင် အဲဒီအချိန်မှာ နာမည်ကြီးနေတဲ့ လေးဖြူရဲ့ “မျက်ရည်များရဲ့နောက်ကွယ်”
သီချင်းကို မင်းဆိုတတ်လားမေးတော့ မိုးကြီးက အေးငါအဲဒီသီချင်းရတယ်တဲ့...ဒါဆိုမင်းအဲဒီသီချင်းကို ဆိုကွာလို့
ဒါပေမယ့် ဒီညဆိုတာက အစမ်းပဲရှိသေးတယ် မနက်ဖြန် မင်္ဂလာဆောင်ရင် သေသေချာချာထပ်ဆိုရမှကွ လို့
ပြောတော့ မိုးကြီးမှာ ဘ၀င်ခွေ့နေတော့တယ်..။

ကျွန်တော်နဲ့ ကျော်စွာကိုလည်း သူအိမ်ပြန်ပြီး သူ့အမေကို ညလိုက်အိပ်ဘို့ ပြန်ပြောရင်း အ၀တ်အစား
သွားယူလိုက်မယ် ခဏစောင့်နေပါလို့ ပြောပြီး သူ့အိမ်ကိုပြေးတော့တာပဲ..။
သူလည်းသွားရော ကျွန်တော်နဲ့ ကျော်စွာလည်း ရောက်လာတဲ့ ကားစီးပြီး အိမ်ပြန်ခဲ့ကြတော့တယ်..။
တလမ်းလုံး ပြောပြီးရယ်လာတာတော့ အသေအချာပေါ့...။

နောက်နေ့ကျတော့ မိုးကြီးကျွန်တော်တို့ ထိုင်တဲ့ လ္ဘက်ရည်ဆိုင်ကို ရောက်လာတယ်..။
အမှန်အတိုင်းပြောရရင် သူစိတ်မဆိုးဘူး မင်းတို့ ငါ့ကိုကျပ်သွားတဲ့ကောင်တွေလို့ပဲပြောတယ် ...။
အဲဒီနေ့က စပြီးမိုးကြီးက ကျွန်တော်တို့ အဖွဲ့ဝင်ဖြစ်လာသလို ကျွန်တော့်ရဲ့ တသက်စာ အကောင်းဆုံးသူငယ်ချင်း
ဖြစ်လာတော့တယ်။သူ မျက်ရည်များရဲ့နောက်ကွယ် သီချင်းကို မေ့မှာမဟုတ်ဘူးလို့ ကျွန်တော်ကို
ကြုံရင်ပြောတတ်တယ်..။ဒါကမိုးကြီးနဲ့ ကျွန်တော်တွေ့ခဲ့ပုံလေးပါပဲ..။

မိုးကြီးရဲ့ ထူးခြားချက်က သူငယ်ချင်းတွေ အပေါ်သီးခံတတ်တယ်..။အားလုံသာညီမယ်ဆို အကုန်လုပ်မယ်ဆိုတဲ့
သူမျိုးပေါ့..။အပေါင်းအသင်းစိတ် တကယ်ရှိတယ်..အနစ်နာခံဘို့လည်း ၀န်မလေးတဲ့သူပါ...။
မိုးကြီးနဲ့ပါတ်သတ်လို့ ဘယ်တော့မှ မမေ့နိင်တာက သူဘော်လုံးကန်ခဲ့စဉ်က အဖြစ်လေးပါပဲ...။

သန်လျင်မြို့မှာ ရပ်ကွက်ပေါင်းစုံ ဘော်လုံးပြိုင်ပွဲ လုပ်တော့ မိုးကြီးက သူ့ရပ်ကွက်မှာ ၀င်ရွေးတာ အရွေးခံရတယ်..။သူကဘောလုံးကန်တာ ကျွမ်းကျင်လို့တော့ မဟုတ်ဘူး သူဝင်ရွေးတာက ဂိုးသမားနေရာ ဆိုတော့ လာအရွေးခံတဲ့သူ နှစ်ယောက်ပဲ ရှိတာနဲ့ ဒီကောင်လည်း တန်းပြီးအရွေးခံရတာပါပဲ..။

နောက်နေ့တွေက စပြီးမိုးကြီးလည်း လေ့ကျင့်ခန်းတွေ ဆင်းတော့တယ်...။
တိုက်စစ်မှူးခြေထောက်ထဲက ၀င်လုတာတွေ ဒိုင်ဗင် ပစ်ပြီးဖမ်းတာတွေ ပင်နာတီဘောဖမ်းတာတွေကို
ပြင်းပြင်းထန်ထန် လေ့ကျင့်နေတာ ကျွန်တော်တို့က သွားအားပေးရတယ်..။
စိတ်ထဲမှာလဲ မိုးကြီးက ဒီလိုဆိုတော့လည်း တယ်ဟုတ်ပါလားပေါ့ အထင်တွေကြီးနေမိတယ်.။

အဲဒီလိုနဲ့ ဘော်လုံးပြိုင်ပွဲတွေ စတဲ့နေ့ကို ရောက်လာတယ်..။မိုးကြီးနေတာက မြို့မတောင်ရပ်ကွက် ပေါ့
သန်လျင်မြို့ရဲ့ မြို့လယ်မှာ မြို့မ ဈေးကြီးဆိုတာ ရှိတယ်...။အဲဒီဈေးကြီးရှိတဲ့ရပ်ကွက်က မြို့မမြောက်ရပ်ကွက်
အပိုင်ဖြစ်ပြီး ဘေးချင်းကပ် ရပ်ကွက်ကို မြို့မတောင် ရပ်ကွက်ဆိုပြီး တောင်နဲ့မြောက် ခွဲထားတယ်..။

ဘော်လုံးပြိုင်ပွဲတွေ စတော့ မိုးကြီးတို့နေတဲ့ ရပ်ကွက်နဲ့ ကန်ရမှာက ဗိုလ်ချုပ် ရပ်ကွက်...။ဟိုး အရင်တုန်းကတော့
ဗိုလ်ချုပ်ရွာလို့ ခေါ်ကြတယ်...တရွာလုံး ထူးခြားချက်က စကားမပီတာပဲ စကားလုံးတိုင်းမပီတာတော့ မဟုတ်ဘူး
သူတို့က “သ” နဲ့ “တ” ကို ပီအောင်မပြောတတ်တာလေ..။

ကျောင်းမှာဆို ဗိုလ်ချုပ်ရပ်ကွက်က သူငယ်ချင်းတွေကို ကျွန်တော်တို့က မင်းတို့အိမ်မှာ ၀က်တားနဲ့ဘူးတီး
ချက်တယ် မဟုတ်လားလို့ စလေ့ရှိတယ်..။အမှန်က ၀က်သားနဲ့ဘူးသီးကို ကျွန်တော်တို့က “တ” အသံထွက်ပြီး
စကြတာလေ...။ “သ” နဲ့ “တ” ကို တရွာလုံး ဘယ်လိုပြောပြော စကားမပီဘူး..။

စကားသာ မပီတာ ဘော်လုံးကန် ကောင်းတဲ့ ရပ်ကွက်ပေါ့...။ ဘော်လုံးပွဲလည်း စရော ဗိုလ်ချုပ်ဘက်က တိုက်စစ်ဆင် ကစားတယ်..။မိုးကြီးတို့ဘက်က အလူးအလဲ ခံနေရတယ်..။ လေ့ကျင့်ခန်းမှာ စွမ်းစွမ်းတမာန် လေ့ကျင့်ထားတာတွေလည်း မတတ်နိင်ဘဲ ပထမပိုင်း ပြီးတော့ မိုးကြီးစောင့်တဲ့
ဂိုးပေါက်ထဲကို ၅ ဂိုး ၀င်သွားပြီးပြီ...။

မိုးကြီးကို လာအားပေးတဲ့ ကျွန်တော်တို့လည်း တင်းကုန်းကြရော..။ ဒီပွဲပြီးရင် ကျွန်တော်တို့ သူငယ်ချင်းတွေ စုပြီးလုပ်မယ့် မွေးနေ့ပွဲကလည်း ရှိတော့ အမှန်ဆို သောက်ရင်းစားရင်းနဲ့ အောင်ပွဲခံချင်ကြတာလေ..။အခုတော့ပွဲ
တောင်မပြီးသေးဘူး ရုပ်ပျက်ဆင်းပျက်နဲ့ ၅ ဂိုး အသွင်းခံထားရတော့ အားလုံးစိတ်ထဲမှာ ဒေါသထွက်နေမိကြတယ်။

ပထမပိုင်းပြီးလို့ ပွဲခဏနားတော့ ကျွန်တော်တို့တွေ ပွဲကြည့်စင်ပေါ်က ဆင်းပြီး ကစားသမားတွေ နားနေတဲ့
သံဇကာ အစပ်နား အထိသွားကြတယ်.။ပြီးတော့ မိုးကြီးကို ခပ်လှမ်းလှမ်း ခေါ်ပြီး အားလုံးဆူဆဲ ကြတယ်..။
တယောက်တပေါက်နဲ့ အသုံးမကျကြောင်း ၀ိုင်းပြောတော့ မိုးကြီးက ...

“ ခွီးပဲ ဂိုးပေါက်က အကျယ်ကြီးကွ ဂိုးအရှေ့မှာရပ်တာ ငါတောင်သေးသေးလေး
ဖြစ်သွားတယ်ကွ မင်းတို့တဂိုးလောက်ပဲ လာဖမ်းကြည့်အုံး ဟိုကောင်တွေ ကန်တာကလည်း လေ့ကျင့်ခန်းဆင်း
သလို ဖြေးဖြေးကန်တာ မဟုတ်ဘူး အားနဲ့ကန်တာကွ ဒီကြားထဲ မင်းတို့အော်သံတွေပါ ကြားနေရတာ ငါ့မှာ
ပြာယာခတ်နေတာပဲ ပွဲကလည်း ပြီးကို မပြီးနိင်ဘူးကွ ” ဆိုပြီး ပြန်ဘုတောတယ်..။

အဲဒါနဲ့ ကျွန်တော်တို့က “ဒီတခါ ဂိုးရင် ဂိုးပလေ့စေကွာ ဟိုဘက်ကကောင် တကောင်ကောင်လောက်တော့
ရအောင်ချကွာဒါဆို ရှုံးရလည်းတန်တယ်” ဆိုပြီးအားလုံးက မြှောက်ပေးတော့
မိုးကြီးက “အေး..ချမယ်ကွာ ငါ့ကိုသောက်ရှက်ကွဲအောင် ဒီလောက်သွင်းနေတာ ငါလည်းတင်းနေပြီ” တဲ့
ပြန်ပြောတယ်..။

အဲဒီလိုနဲ့ ဒုတိယပိုင်း ပြန်စတယ်...။
ကျန်တဲ့ကစားသမားတွေက ဘယ်လိုရည်ရွယ်ချက်နဲ့ ကွင်းထဲဝင်ကြလည်း မသိပေမယ့် မိုးကြီးကတော့
လူချမယ်ဆိုတဲ့ စိတ်နဲ့ ကြိတ်တွေးပြီး ၀င်သွားတာပဲ...။ ကျွန်တော်တို့လည်း ပွဲကြည့်စင်ပေါ်မတက်တော့ဘဲ
မိုးကြီး နဲ့ အနီးဆုံး ရှိမယ့် သံဇကာ နားကနေပဲ ကြည့်နေတော့တယ်..။

လူချမယ်ဆိုမှပဲ ဟိုဘက်လည်းတော်တော်နဲ့ မဖောက်လာဘူး သူတို့လည်း ငါးဂိုးသွင်းထားတော့ သိပ်ဖိဖိစီးစီ
မကစားတော့ တဲ့သဘောလားတော့ မသိဘူး....။ကျွန်တော်တို့ကတော့ မိုးကြီးဘယ်လိုချမလဲ ပဲ
စောင့်ကြည့်နေကြတော့တယ်..။ စောင့်ကြည့်နေရင်းနဲ့ ချခွင့်မကြုံဘဲ တဂိုးထပ်သွင်းခံလိုက်ရသေးတယ်...။

ဒုတိယပိုင်း ပွဲတ၀က်လောက်လဲ ရောက်ရော မိုးကြီးအတွက် အခွင့်အရေး ကောင်းတခုရလာတယ်...။ဟိုဘက် တိုက်စစ်မှူးက ဘော်လုံးကို လွတ်လွတ်ကျွတ်ကျွတ် တယောက်ထဲ ဆွဲပြေးလာတယ်..။ ကျွန်တော်တို့ တဖွဲ့လုံးက မိုးကြီး ချ ချ လို့ ၀ိုင်းအော်ကြတယ်..။ မိုးကြီးက ဘောလုံးကို မကြည့်ဘဲ လူကိုဘယ်လိုချရမလဲ ဆိုပြီး သေသေချာချာ ကြည့်နေတော့တယ်..။

အဲဒီမှာ ဟိုဘက်ကတိုက်စစ်မှူးက ကံကောင်းချင်လို့လားတော့ မသိဘူး သူထုတ်လိုက်တဲ့ ဘောလုံးက အစရှည်ပြီး ဂိုးသမားနားကို ရောက်လာတယ်...။သူကတော့ ဘော်လုံးအနောက်က ပြေးလိုက်လာတာပေါ့..။
ပုံမှန်ဆို ဂိုးသမားက အရင်ရောက်လာတဲ့ ဘော်လုံးကို ဖမ်းပြီး အရှေ့ကို ကန်ထုတ်ရမှာလေ...။

မိုးကြီးကလည်း သူ့အနားရောက်လာတဲ့ ဘော်လုံးကိုတော့ ကောက်ဖမ်းလိုက်တယ်...။
ဟိုဘက်ကတိုက်စစ်မှူးအတွက် ကံဆိုးချင်တော့ မသိဘူး ဘော်လုံးဖမ်းမိနေတာတောင် ကျွန်တော်တို့က
မိုးကြီးကို ချချလို့ ထပ်အော်နေတယ်..။ အဲဒီမှာ မိုးကြီးလဲ ပိုက်ထားတဲ့ ဘော်လုံးကို ပစ်ချပြီး ဟိုဘက်တိုက်စစ်မှူးကို ပြေးပြီး ကန်ပစ်လိုက်ရော ...အဲဒါတွေ အားလုံးက တခဏ အတွင်းဖြစ်သွားတာတွေပါ..။

တကွင်းလုံးလည်း စက္ကန့်အနည်းငယ် တိတ်ဆိတ်သွားသလို ဒိုင်လူကြီးလည်း ခဏကြောင်သွားတယ်..။
နောက်တော့ တကွင်းလုံးဆူညံသွားတယ်..ဒိုင်လူကြီးလည်း ၀ီစီမှုတ်ပြီး ပြေးလာတယ်...။
မိုးကြီးတို့ဘက်က အားပေးတဲ့ ရပ်ကွက်က လူတွေလည်း အရှုံးကြီး ရှုံးနေပေမယ့် အခုမှပဲ အားရ၀မ်းသာ
ထအော်ကြတော့တယ်..။ဟိုဘက်ရပ်ကွက်က လူတွေလည်း မကျေမနပ်နဲ့ ဆဲဆိုကြတာပေါ့....။

ဒိုင်က အမှန်ဆို အနီကတ်ပြရမှာ ဖြစ်ပေမယ့် ရုပ်ပျက်ဆင်းပျက် ရှုံးနေလို့လားတော့မသိဘူး မိုးကြီးကို အ၀ါကတ်နဲ့ တဘက်အသင်းကို ပင်နာတီကန် ခွင့်ပေးတယ်..။အဲဒီပင်နာတီလည်း ဂိုးတာပါပဲ...။
ဒါပေမယ့် ကျွန်တော်တို့ ကျေနပ်သွားတယ်...။ဘာပဲဖြစ်ဖြစ် ညဘက်မွေးနေ့ပွဲမှာ အောင်ပွဲခံလို့ ရပြီလေ.....။

...........................................................................................................................................................

ပွဲပြီးတော့ ၈-၀ နဲ့ ရှုံးပေမယ့် ကျွန်တော်တို့ဘက်လည်း တန်တယ်လို့ သတ်မှတ်လို့ ရပါတယ်....။
ဘာကြောင့်ဆိုတော့ ကျွန်တော်တို့ဘက်ကလည်း Free Kick တခါရလိုက်တယ်လေ...။
ဒီကောင် တဖက်တိုက်စစ်မှူးကို အလွတ် ပြေးကန်တဲ့ပုံတော့ မျက်လုံးထဲ ကမထွက်နိင်တော့ဘူး...။
ဒါကြောင့် ပြောပါတယ်..မိုးကြီးဆိုတာ သူငယ်ချင်းတွေ ညီရင် ဘာမဆိုလုပ်မယ့်ကောင်လို့ ...။

နောက်ပိုင်းတော့ မိုးကြီးလည်း သူ့ကိုယ်သူ မယုံတာလား ကျွန်တော်တို့ကို စိတ်မချတာလားတော့ မသိဘူး
ဘော်လုံးပြိုင်ပွဲ တွေမှာ ၀င်အရွေးမခံတော့ဘူး...။


သူငယ်ချင်း....(၂)

09 May 2009

31 comments
သူငယ်ချင်းတွေ အကြောင်း ဖော်ကောင်လုပ်မယ်လို့ စဉ်းစားထားပေမယ့် တစ်ယောက်အကြောင်းပဲ ရေးဖြစ်ခဲ့တယ်...။ထပ်ရေးဘို့ အခါအခွင့် မသင့်သေးတာလည်း ပါတယ်လေ..။
ဒီတခါ အလှည့်ကျတဲ့သူက ကျွန်တော်ရဲ့ အချစ်ဆုံး သူငယ်ချင်းပါ...။

ဒီကောင့်နာမည်က ငဖြိုး .....။ကျွန်တော်ရဲ့ ငြင်းဖော်ငြင်းဘက်...။
အကြောင်းအရာ တခု စလိုက်တာနဲ့ ကျွန်တော်တို့ နာရီနဲ့ချီပြီး ငြင်းရပြီ...။

သူက စိတ်ထားကောင်းတယ်..။အနစ်နာ ခံချင်စိတ် ရှိတယ်...။ဘာပြောပြော သီးခံပေးတယ်..။
အဲဒီတော့ တချို့သူငယ်ချင်းတွေက ဒီကောင့်ကို တင်တင်စီးစီး ဆက်ဆံချင်တယ်....။

ဒါပေမယ့် ငဖြိုးက သူ့ကို ဆက်ဆံချင်သလို ဆက်ဆံ ဂရုကို မစိုက်တာ..။သူလည်းပြောချင်တာပြောမယ်..။
သူ့ကိုလည်းပြောချင်တာပြော စိတ်ထဲမထားဘူး..။နေတာထိုင်တာလဲ တကယ်ကို ပေါ့ပါးတယ်..။

ကျွန်တော်တို့ ကျောင်းဘေးမှာ ကျိုက်ဗောဓိ ဘုရားရှိတယ်..။ကျွန်တော်တို့တွေ ကျောင်းပြေးပြီး အဲဒီဘုရားပေါ်မှာသွားထိုင်လေ့ရှိတယ်..။ဒီကောင်က အရိပ်ကောင်းကောင်းရတဲ့ ရင်ပြင်တော် တနေရာမှာ ဖုန်တောင်သေသေချာချာ မခါပါဘူး အိပ်လိုက်တာနဲ့ ၅ မိနစ်အတွင်း အိပ်ပျော်တာပဲ..။အဲဒီလောက်ကို စိတ်ကိုပေါ့ပေါ့ပါးပါး ထားတဲ့ကောင်...။

ဒီကောင်နဲ့ စခင်တာ ၇ တန်း ရောက်မှ...။ကျွန်တော်သိတဲ့အချိန်မှာ သူက အတန်းရဲ့ ခေါင်းဆောင် ...
မော်နီတာ ဆိုပေမယ့် သူ့ကိုလည်း ဘယ်သူမှ မကြောက်ကြဘူး..။ဒီကောင်ကလည်း ဒီကောင်ပဲ ဆရာမ မရှိရင်
ကြိမ်လုံး ကိုင်ပြီး အတန်းထဲမှာ လှည့်ပါတ်နေတာ...။

ကျောင်းသားတွေ သူတို့ဘာသာ ငြိမ်နေရင်လည်း ကြိမ်လုံးနဲ့ ခုံတခုံပေါ်ကို တဖြန်းဖြန်း ရိုက်ရော...။
အဲဒါဆို အားလုံးလန့်ပြီး ဒီကောင့်ကို အော်ကြဟစ်ကြ ဆူညံကုန်ကြတာပဲ..။မိန်းခလေးတွေရဲ့ အချစ်တော် ဆိုပါတော့..။သူ့တွေ့ရင် ကောင်မလေးတွေ မျက်စောင်းထိုးကြတယ်...။မကြားတကြား ငြူစူကြတယ်..။

ဒီကောင့်ရဲ့ မော်နီတာ သက်တမ်းက ၇ တန်းစတက်ပြီး တလလောက်မှာ ကုန်တာပါပဲ...။
ကျောင်းတက်လို့ တလလောက်နေတော့ အတန်းပိုင်ဆရာမက နည်းနည်းရိပ်မိလာတယ်နဲ့ တူပါရဲ့...။
ပထမဆုံး ကျောင်းတက်ချိန် မှာ ကျောင်းသားအားလုံးကို မေးတယ်..။
ဒီအတန်းခေါင်းဆောင်ကို သဘောကျရဲ့ လားဆိုပြီးမေးတယ်..။

အားနာတာ ပါသလို ကိုယ်ကြောင့် ဖြစ်မှာလည်း စိုးတော့ ဘယ်သူမှ သဘောမတူဘူး မပြောကြဘူး..။
ငြိမ်နေကြတယ်..။အဲဒီမှာ ကောင်မလေးတယောက်က မတ်တပ်ထရပ်ပြီး ဒီမော်နီတာ ကို လဲပေးပါဆိုပြီး ထတောင်းဆိုတယ်..။

ကျွန်တော်ရယ် အဲဒီကောင်မလေးရယ် ငဖြိုး ရယ်က အဲဒီနှစ်ရောက်မှ တယောက်ကို တယောက် စပြီး တွေ့ဖူးကြတာ..။ကျွန်တော်က ၇ တန်းမှာ အဆိုးလွန်ပြီး စာမေးပွဲကျလို့ အဲဒီနှစ်က ပြန်တက်ရတာ..။

အဲဒီကောင်မလေးက ၆ တန်းအောင်တော့ ကျောင်းထွက်ပြီး နိင်ငံခြားမှာ စာသွားသင်တယ်။
နှစ်နှစ်လောက် နေတော့ မြန်မာပြည်မှာ ၇တန်း လာပြန်တက်တာ..။
ငဖြိုးနဲ့ တတန်းလုံးက ၆တန်းထဲက အတူတူတက်လာတာ..။

ဒီမိုကရေစီ နိင်ငံက ပြန်လာတဲ့သူဆိုတော့ မကြိုက်တာကို မကြိုက်ဘူး ထပြောလိုက်တာ ငဖြိုးလည်း
အတန်းခေါင်းဆောင် ဘ၀က ပြုတ်သွားတာပါပဲ..။မကြိုက်တဲ့ အချက်တွေကို ပြောပြတော့ ဆရာမက လက်ခံတယ်..။

ဒီကောင်မလေးပြောတာ မှန်လားလို့ တတန်းလုံးကို မေးတော့ ကျန်တဲ့ကောင်မလေးတွေက လက်ထောင်ပြပြီး
သဘောတူကြောင်း ပြောတာနဲ့ ငဖြိုးလည်း ကြိမ်လုံးကိုင်တဲ့ ဘ၀ကနေ နန်းကျသွားတော့တယ်..။

ငဖြိုးကတော့ မလုပ်ရအေးတာပဲ ဆိုပြီးတောင် ပြန်ပြောလိုက်သေး..။
အဲဒီ့နှစ်ကစပြီး ငဖြိုးနဲ့ ကျွန်တော်သူငယ်ချင်း ဖြစ်သွားတာ ၉ တန်းနှစ်လောက်ရောက်တော့
အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်သွားတော့တယ်..။
ညဘက်တွေ တော်တော် များများ ငဖြိုးက အိမ်မှာလာအိပ်တယ်..။

ကျွန်တော့် အမေကို အမေလို့ ခေါ်ပြီး ကျွန်တော့်အဖေကိုလည်း အဖေလို့ ခေါ်တဲ့အထိကို မိသားစုဝင်တပိုင်း
ဖြစ်လာတော့တယ်..။သူ့အိမ်လိုက်လည်ရင် ကျွန်တော်တို့တွေ စိတ်ညစ်ရတယ်..။
သူ့ခြံထဲဝင်တာနဲ့ သူ့အဒေါ်တွေရဲ့ ငဖြိုးကို ၀ိုင်းအော်သံကို ကြားရပြီ...သူ့အဒေါ်တွေ အပြစ်မဟုတ်ဘူးဗျ..။

ဒီကောင်က အိပ်နေတဲ့ ကလေးလည်း သွားနိုးရင် နိုးတာမျိုး
သူများအတွက် ချန်ထားတဲ့ ဟင်းကို သိသိနဲ့ ယူစားတာမျိုး ၊ ပွဲဆူအောင် တမင်သက်သက် လုပ်တာ ဆိုတော့ အော်တာလည်းမဆန်းဘူးပေါ့။

ပထမဆုံးနေ့ သူ့အိမ်သွားလည်တုန်းက သူ့အကိုကို သူ့ဦးလေးထင်ခဲ့ဖူးတယ်..။သူ့အကိုက သူ့အမေနဲ့ စကားပြောရင်“အမ ကျုပ်ပြောတာက အဲ့ဒီ့သဘောမဟုတ်ဘူး” ပြောတော့ သူ့ဦးလေးထင်မိတာပဲ..။
သူတို့တွေက အမေကို အမလို့ ခေါ်တတ်တဲ့ အညာသားတွေမှန်း နောက်မှသိတာကိုး...။

သန်လျင်ကို ငယ်ငယ်ထဲက ရောက်နေတာဆိုတော့ အညာလေ ပျောက်သွားပြီ..။

သူတို့အိမ်သွားလည်ရင် ခရမ်းချဉ်သီးမွှေထားတာ တအိုးနဲ့ ငံပြာရည်ချက်က အမြဲတမ်းလိုလိုရှိတယ်..။
အဲဒီနှစ်မျိုးနဲ့ ထမင်းစားရတာ ကျွန်တော်ဆို သူတို့ အညာလေနဲ့ ပြောရရင် အနန်ဝင်(အင်မတန်ဝင်)တာပဲ..။
ဘယ်လောက်ကြိုက် သလဲဆို အိမ်မှာပြန်ချက်ခိုင်းရတဲ့ အထိကို ကြိုက်သွားတော့တယ်..။

၁၀ တန်းပြီးတော့ ငဖြိုးတို့ မိသားစု ရန်ကုန်ပြောင်းသွားတယ်..။ပုဇွန်တောင် စာတိုက်နားမှာ နေကြတယ်.။
တရက်ဒီကောင် ကျွန်တော့်အိမ်လာလည်ပြီး ပြန်တော့ ကျွန်တော့အမေက တောင်ကြီးမှာ နေတဲ့ ကျွန်တော့်အမဆီစာထည့်ဘို့ လူကြုံပေးလိုက်တယ်..။
ပုဇွန်တောင် စာတိုက်က ထည့်ရင် ပိုပြီးမြန်မြန် ရောက်မလားဆိုပြီးတော့ငဖြိုးနဲ့ ထည့်ခိုင်းလိုက်တာလေ..။

သုံးလေးရက်နေလို့ ဒီကောင် အိမ်ကို လာလည်တော့ အဲဒီစာက ပြန်ပါလာတယ်..။
ကျွန်တော့်အမေက ငဖြိုးနင် စာထည့် မပေးသေးဘူးလား မေးတော့ ဒီကောင်က ထည့်လို့မရဘူး အမေရ
စာတိုက်ပုံးက သော့ခတ်ထားလို့ ပြန်ယူလာရတာ ဆိုပြီးအဖြေပေးတယ်..။

နောက်တာ မဟုတ်ဘူး တကယ်ကို စာတိုက်ပုံးသော့ခတ်ထားရင် ထည့်လို့မရဘူး ထင်တာ..။
ဘေးဘက်မှာ အပေါက်ရှိမှန်း မသိတာလည်း နေမှာပေါ့..။
အဲဒီလိုကောင်မျိုးဗျ...။သိရင်လည်း သူ့လောက်မရှိဘူး...တုံးတဲ့အခါဆိုလည်း အဲဒီလိုကို ဝေး တဲ့ကောင်..။

အိမ်မှာဆို ပြောစမှတ်ကို တွင်လို့...။နောက်ထပ် စာထည့်ခိုင်းတော့ ဘေးဘက်မှာ အပေါက်ရှိတယ်နော် ..။
သော့ခတ်ထားလည်း အဲဒီဘေးက ထည့်လို့ ရတယ်လို့ သင်ပေးပြီး စာထည့်ခိုင်းရတယ်..။

(သူငယ်ချင်း ငဖြိုးသို့ အမှတ်တရ...)
...............................................................................................................................................

ပြောဘို့ မေ့တော့မလို့ ...ဗျာ

၇ တန်းမှ စတွေ့ဖူးတဲ့ ငဖြိုးက ကျွန်တော့်ရဲ့ အခုထိ အချစ်ဆုံး သူငယ်ချင်းဖြစ်လာသလို..

ငဖြိုးကို မော်နီတာ ဘ၀က အပြုတ် ဖြုတ်ချခဲ့တဲ့ ကောင်မလေးက ကျွန်တော့်ရဲ့ အချစ်ဆုံး ချစ်သူ ဖြစ်လာတယ်...

ကျွန်တော့်ချစ်သူရဲ့ အခင်ဆုံးသူငယ်ချင်းက သူအမြင်ကပ်ခဲ့တဲ့ ငဖြိုးဖြစ်လာတော့တယ်...။



အဖြူလေး မျက်လုံးကွယ်သွားခြင်း

04 May 2009

21 comments
အဖြူလေးအကြောင်းကတော့ ရေးစရာရယ် တပုံတပင် လို့ဆိုရမယ်။ ပြီးခဲ့တဲ့ သောကြာနေ့(၁.၅.၀၉) က တော်တော်ကြီးကျယ်တဲ့ အဖြစ်အပျက်တခု ဖြစ်သွားသေးတယ်။ အဖြူလေးရဲ့ ပြောပုံအရဆို သူ့အမြင်အာရုံတွေ
ဆိုးဆိုးဝါးဝါး ထိခိုက်သွားခဲ့တယ်။ ကြာသာပတေးနေ့ညက နာဂစ်မုန်တိုင်း တနှစ်ပြည့်နဲ့ ပါတ်သတ်ပြီး ကျွန်တော် ပို့စ်လေးတပုဒ်တင်လိုက်တယ်။ အဲဒီညက တော်တော် ညဥ့်နက်မှ အိပ်ဖြစ်တော့ နောက်တနေ့ (မေဒေးနေ့) မှာ ကျွန်တော် နေ့လည်လောက်မှနိုးလာတယ်။

အပြင်မှာတခုခု သွားစားမလို့ အခန်းအပြင် ထွက်တော့ ကျွန်တော်တခု သတိရသွားတယ်။ ညကတင်လိုက်တဲ့ နာဂစ် အကြောင်းများ အဖြူလေး ဖတ်ချင်မလား ဆိုပြီး သတိရတော့ အဖြူလေးရဲ့ အခန်းတံခါးကို ခေါက်ပြီး စာဖတ်မလား မေးကြည့်မိတယ်။ အဖြူလေးက အခန်းတံခါးပိတ် ၀တ္ထုရေးနေရာကနေ ထလာပြီး ဖတ်မယ် ဆိုတာနဲ့ ကျွန်တော့် ကွန်ပြူတာကို ဧည့်ခန်းထဲကို ထုတ်ထားပေးခဲ့တယ်။ကျွန်တော်တို့ မသွားခင်မှာပဲ အဖြူလေးက ဖတ်ပြီးသွားတော့ ကျွန်တော့်ကိုမင်းရေးထားတာ ဖတ်ရတာ ငါစိတ်တောင်မကောင်းဘူးကွာတဲ့...။

ကျွန်တော်က ဖတ်ချင်တာ ဖတ်လို့ရအောင် ကွန်ပြူတာကို ဒီတိုင်းထားပေးခဲ့မယ် ဆိုပြီးကျွန်တော်တို့လည်း အိမ်အောက် ဆင်းလာခဲ့တော့တယ်။ သူလည်းနောက်တခေါက်ထပ်ဖတ် နေလို့ သီချင်းသံပါကြားနေရတယ်။ အိမ်ပေါ်က ဆင်းလာလို့ လှေကား တ၀က်လောက်လည်း ရောက်ရော ကျွန်တော်ဆီကို ဖုန်းဝင်လာတယ်။ ဘယ်သူလဲကြည့်တော့ အဖြူလေး ဖြစ်နေတယ်။

စိတ်ထဲမှာတော့ သူစားချင်တာ တခုခု မှာမယ်ထင်တယ်ဆိုပြီး တွေးမိသေးတယ်။ အဲဒါနဲ့ ဖုန်းထူးလိုက်တော့ အဖြူလေးက ငိုသံပါကြီးနဲ့ မင်းရေးထားတဲ့စာလုံးတွေကို ငါ့မျက်လုံးတွေမမြင်ရတော့ဘူးကွာ တဲ့။ သူ့လေသံက သူ့မျက်လုံး အမြင်အာရုံတွေ ထိခိုက်သွားပြီဆိုတဲ့ ပုံစံမျိုးဆိုတော့ ကျွန်တော် ပထမ လန့်သွားတယ်။ နောက်တော့ စပ်ဆက်မိပြီး စိတ်မကောင်း ဖြစ်သွားရတယ်။

အဲဒီရက်ပိုင်း ညဘက်ဘောလုံးပွဲတွေ ရှိတော့ အဖြူလေးကို ကျွန်တော်က ဘောပွဲကြည့်ဘို့ အဖော်ဆွယ်ပြီး ညသန်းခေါင် နှစ်ရက်ဆက်တိုက် နှိုးမိတယ်။ နေ့လည်ရောက်တော့လည်း သူစာတွေ တကုပ်ကုပ်နဲ့ ရေးတော့ သူ့မျက်လုံး ထိခိုက်သွားပြီ ထင်မိတယ်။

အဲဒီစာရေးတာကလည်း ကျွန်တော်က အားပေးအားမြှောက် လုပ်ထားတာဆိုတော့ အဖြူလေး အခုလို အမြင်အာရုံ ထိခိုက်တာကျွန်တော့် အပြစ်တွေပါနေတယ်လေ။ အိမ်ပေါ်ပြန်တက်ရင် ကောင်းမလား စဉ်းစားမိပေမယ့် ကျွန်တော့်မြင်ရင် သူပိုပြီးစိတ်မကောင်း ဖြစ်သွားမှာစိုးလို့ အိပ်ရေးပျက်တာများလို့ ပါဗျာ မျက်လုံးကို အနားပေးလိုက် စာလည်းဆက်မရေးနဲ့တော့ ဆိုပြီးပြောလိုက်ရတယ်။ အဖြူလေးကတော့ အေးပါကွာ..တဲ့ဆိုပြီး ဖုန်းချသွားတယ်။

ကျွန်တော့်ကောင်မလေးက အဖြူလေး ဘာဖြစ်လို့လဲ မေးတာတောင် သူတို့တတွေပါ စိတ်မကောင်းဖြစ်မှာစိုးလို့
ဘာမှ မဟုတ်ပါဘူး သူ့မျက်လုံးတွေ အားနည်းနေတယ်လို့ ပြောတာပါ ဆိုပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်ရတယ်။ ဒါပေမယ့် ကျွန်တော်တလမ်းလုံး အဖြူလေးပြောတာပဲ စိတ်ထဲရောက်နေတော့တယ်။

တကယ်သာ အမြင်အာရုံထိခိုက်သွားရင် ဒါပေါ့ပေါ့သေးသေး မဟုတ်ဘူး နောက်ဆက်တွဲ ပြဿနာတွေ အများကြီး ရှိတယ်ဆိုပြီး စိတ်မကောင်းတွေ ဖြစ်နေမိတယ်။ အဖြူလေးကိုလည်း ဖုန်းလှမ်းဆက်ပြီး သက်သာရဲ့လား အိပ်ပျော်အောင်အိပ်လိုက်ဗျာ ဆိုပြီ သတင်းလှမ်းမေးရသေးတယ်။ စိတ်မပူပါနဲ့ ကွာဆိုပြီး ပြန်ဖြေတဲ့ အဖြူလေး အသံကတော့ သိပ်မကောင်းဘူး။

ကျွန်တော်လည်း စိတ်မကောင်းလို့ ထမင်းစားပြီး ကော်ဖီတောင် ဇိမ်နဲ့မသောက်နိင်ပါဘူး အိမ်ကို ပြန်လာခဲ့တော့တယ်။ အိမ်ရောက်တော့ အဖြူလေးရဲ့ အခန်းတံခါးလည်း ပိတ်နေတယ် ၊ကွန်ပြူတာကလည်း မထိတာကြာလို့ မီးပိတ်နေတယ်။ ဒါနဲ့ ကွန်ပြူတာကို space တချက်ပုတ်လိုက်တော့ အဖြူလေး နောက်ဆုံးကြည့်ထားတဲ့ စာမျက်နာက ပေါ်လာတော့တယ်။

အဲဒီစာမျက်နာမြင်တော့မှ အဖြေကို တန်းပြီးသိရတော့တယ်။အဖြူလေးက ကျွန်တော့်ရဲ့ နာဂစ်ပို့စ်ထဲက ကလေးတွေ လက်ကိုကြိုးနဲ့ချည်ပြီး သေနေတဲ့ပုံကို click နှိပ်မိထားပုံရပါတယ်။ ဒီတော့ အဲဒီဓါတ်ပုံ တစ်ခုထဲ ဘယ်ဘက်အပေါ်ထောင့်မှာပေါ်နေပြီး စာတွေက တလုံးမှ မရှိဘဲ အဖြူထည် သက်သက်ဖြစ်နေတာပေါ့..။ မရှိတဲ့စာကို ဖတ်မှတော့ သူဘယ်လိုလုပ် မြင်ပါ့မလဲ...။

ကျွန်တော်တို့မှာ ရယ်လိုက်ရတာ အူတောင်နာတယ် ပြောရမယ်။အဖြူလေးကိုလည်း ခေါ်ထုတ်ပြီး ဓါတ်ပုံကို ကလစ်နှိပ်မှတော့ ဘယ်လိုလုပ်စာလုံးတွေက ပေါ်ပါ့တော့မလဲ ပြောရတယ်.. ဒါတောင်အဖြူလေးက ငါတကယ်မမြင်ရတော့တာကွ ဆိုပြီး ငြင်းနေသေးတယ်။ ဒါနဲ့ နောက်ပြန်သွားတဲ့ back ကို click ပြမှ မူလစာမျက်နာ ပြန်ပေါ်လာပြီး စာလုံးတွေပါ ပေါ်လာတော့တယ်။

အဲဒါမြင်တော့ အဖြူလေးမျက်နာ မကောင်းပြန်ဘူး...။ ဒီတခါတော့ ဘာကြောင့်ဆိုတာ ကျွန်တော်သိလိုက်တယ်။
ညနေလူစုံရင် ကျွန်တော် ပြန်ဖောက်သည်ချတော့မှာ သူသိနေလို့လေ..။ ကျွန်တော်ကလည်း သူစိတ်သက်သာအောင် ပြောပေးပါတယ်...။ အဖြူလေး ဘာမှမပူနဲ့ ဘလော့ဂ်ပေါ်ပါ တင်ပေးမယ်ဆိုတော့ သွားပါပြီကွာ ဆိုပြီးညည်းပါလေရော...။ အဖြူလေးက မင်းရေးထားတာ ကောင်းတော့ ငါစိတ်မကောင်းဖြစ်ပြီး မျက်ရည်ဝဲသွားတာကွ။ အဲဒါကြောင့် အမြင်အာရုံတွေေ၀၀ါးသွားတာလို့ ဆိုပြီး ဖော ကြည့်သေးတယ်။ ဒါပေမယ့် သူဘယ်လိုဖောဖော ကျွန်တော်ကတော့ မရပါဘူး... ပြောရမှာပဲ ဘလော့ပေါ်တင်ရမှာပဲလေ..။

ညနေရောက်တော့ တယောက်လာ ကျွန်တော်က တခါ ပြန်ပြောပြ.....ရယ်ကြ .....အဖြူလေးကို ခေါ်ပြီး လက်ထောင်ပြပြီး ဒါဘယ်နှချောင်းလည်း မေးကြ... နောက်တယောက်လာ တခါထပ်ရှင်းပြ .... ဒီအင်္ကျီ ဘာအရောင်လဲ မေးကြနဲ့ အဖြူလေးရဲ့ အမြင်အာရုံကို စမ်းသပ်နေကြတာလေ..။ အဖြူလေးကတော့ ထုံးစံအတိုင်း ဟဲဟဲ..ဟဲဟဲ..နဲ့ မချိသွားလေး ဖြဲနေရတော့တယ်...။


ကိုယ်လည်း သတိမထားမိလိုက်တာရှိသေးတယ်..။ဘာမှမမြင်ရတော့ဘူး ပြောတဲ့သူက ကျွန်တော့် ဖုန်းနံပါတ်ကို
ဘယ်လိုရှာတွေ့သလဲ ဆိုတာ မစဉ်းစားလိုက်မိဘူး။။ ကိုယ့်မှာတော့ တလမ်းလုံးစိတ်မကောင်းတွေ ဖြစ်ပြီး လမ်းသွားရတာတောင် စိတ်မဖြောင့် ဖြစ်ခဲ့ရတယ်။

သူနဲ့နေရတာ ရယ်လည်းရယ်ရ မောလည်းမောရနဲ့ တကယ့်ကို ရယ်မောနေရတာပါပဲ...အဖြူလေးဆိုတာ အဲဒီလိုမျိုး....။

.....................................................................................................................................။



ဤ စာကို ကျွန်တော် ရေးပါသည်...

28 April 2009

19 comments
သူများကို သွားဖွမိလို့လားမသိဘူး ချက်ချင်းပဲ ၀ဋ်လည်တော့တယ်။
တယောက်ကလည်း အဲဒီအကြောင်းပဲပြောတယ်။ နောက်တယောက် လာတော့လည်း ဒါပဲ စတယ်။
တခုခုတော့ ပြောမှ ဖြစ်တော့မယ်ထင်ပြီး ဒီအကြောင်းလေးကို ရေးမိပါတယ်။

ကျွန်တော်က သူငယ်ချင်း ဆိုတဲ့ပို့စ်မှာ တရုတ်လိုပြောရင်း လွဲတာလေး ရေးတော့
တရုတ်စာလုံးလေးတွေပါ ထည့်ရေးမယ်လို့ စဉ်းစားမိတယ်။ရည်ရွယ်တာက ကိုယ်ရေးတဲ့ ငပိသံ ထွက်တဲ့
တရုတ်အသံ ထွက်တွေကို နားမလည်တဲ့ တရုတ်စာတတ်တဲ့ သူတွေများ ဖတ်ခဲ့ရင် ပိုပြီး ရှင်းရှင်းလင်းလင်း
သိစေချင်တဲ့ စေတနာ နဲ့ပါ။

အဲဒါနဲ့ ကျွန်တော်က မြန်မာလိုရေးပြီး ကျွန်တော်ကောင်မလေးကို တရုတ်လို ရိုက်ပေးပါလို့ တောင်းဆိုတော့
သူက ရိုက်ပေးပါတယ်။ကျွန်တော်ရေးတာ တပုဒ်လုံးပြီးတော့ အောက်ဆုံးမှာ
(တရုတ်စာလုံးများကို ကျွန်တော့်ချစ်သူမှ ကူညီရိုက်ပေးပါသည်..) ဆိုပြီးထည့်လိုက်မိတယ်။
အဲဒီမှာ လာတော့တာပဲဗျို့ အောက်မှာ ဖတ်ကြည့်ပါ...


သီဟသစ် said... တရုတ်စကားလုံးများကို ချစ်သူရိုက်ပေးပါသည်.. တဲ့.

ဘယ်လောက်ကြွားကြွားငါ့ မမီတော့ဘူး ဟာဟ..



Phyo Maw said... hen hao :P
ညီ တဲ့ နွီဖုံးယို ရိုက်ပေးထားတယ်ဆိုလို့ ကြော်ငြာလားတောင် ထင်မိသေးတယ်။
အင်းလေ ဒီလူနဲ့ဒီလူ ကြော်ငြာစရာ မလိုလောက်ပါဘူး


mgnge said... ဒါနဲ့ စကားမစပ် ကြော်ငြာ ၀င်တာမဟုတ်ပါ ဆိုပြီး ဘာလို့ စာတန်းထိုးတာလည်းဟင်
မတိရို့  ဘာ.........။

နွေးနေခြည် said...နောက်ဆို ချစ်သူကိုမရေးခိုင်းနဲ့ ဂူဂယ်ကို translate လုပ်ခိုင်းလိုက်၊ ပြီးရင် အသာလေးတင်ထား၊ ကိုယ်တိုင်ပဲတတ်သလိုလို ဘာလိုလို လူအထင်ကြီးခံရနည်းလားနော် :D


တားမြစ် ထားသော... said...
သူငယ်ချင်းအကြောင်း ပြောသွားတာ ပြုံးရပါပေတယ်။
ချစ်သူက ကူရိုက်ပေးတယ်ဆိုတော့ ထပ်ပြုံးလိုက်မိသေး..း)


YoungGun: တရုတ်စာလုံးတွေ ဘယ်သူရိုက်.. ငါ မရိုက်..ဟဲဟဲ နောက်တာနော်


ကျွန်တော်လည်း တယောက်လာရေးသွား လိုက် ဖတ်ပြီး ပြုံးလိုက် နောက်တယောက်လာ ရေးသွားလိုက် ရယ်လိုက်နဲ့ မထင်မှတ်ပဲ ပျော်လိုက်ရတယ်။ခင်မင်မှုနဲ့ ရေးတာတွေ ဆိုတော့ စိတ်မဆိုးပါဘူး။စိတ်ဆိုးဘို့လဲ မလိုဘူးလေ။ တော်တော်ဆိုးတဲ့သူတွေ ရယ်စရာရေးတာတော့ မရယ်ဘဲ .ကျေးဇူးတင်လွှာ ကို ရယ်နေတဲ့ သူတွေပဲ။ အခုအွန်လိုင်းပေါ် ကသူငယ်ချင်းကလည်း ဒါပဲပြောနေတယ် ။ အဲဒါနဲ့ ကျွန်တော် လည်း ကိုယ့်ဘာသာ ပြန်ဖတ်ပြီး ဘာသာပြန်ကြည့်မိတယ်။ (ကူညီပေးတဲ့သူကို ကျေးဇူးတင်ကြောင်းရေးတဲ့ သဘောမျိုးပါ။ဒါမှန်းသိ ကျွန်တော့်အမ ရေးခိုင်းပါတယ်။) ဖတ်ရင်းနဲ့ ကျွန်တော်တို့ မကြာမကြာ ပြောဖြစ်တဲ့ဟာသလေး သတိရပြီး ဝေမျှ လိုက်ပါတယ်။

တခါက ပြည်နယ်ဘက်က တောင်ယာ လုပ်တဲ့ တောင်သူကြီး တယောက် ရန်ကုန်ကို ပထမဆုံး အကြိမ် ရောက်လာတယ်။ ဟိုခေတ်က ဆိုတော့လည်း သွားရေးလာရေး ခက်ခဲတဲ့ အပြင် တောင်ယာလုပ်သူ တယောက်အနေနဲ့လည်း ရန်ကုန်ကို တော်ရုံတန်ရုံ ကိစ္စ မရှိဘဲနဲ့တော့ မလာဖြစ်ဘူးလေ။ ဒီလိုနဲ့ ကွယ်လွန်ပြီးတဲ့ အထိ ရန်ကုန်မရောက်ဖူး လိုက်တဲ့သူတွေလည်း ရှိတော့ အခုလို ရန်ကုန်ကို ရောက်လာတာ အဲဒီ တောင်သူကြီးက တော်တော် ဂုဏ်ယူတာပေါ့။အပြန်လမ်း ရထားပေါ်မှာလဲ အဲဒီ တောင်သူကြီး သူရန်ကုန် ရောက်ခဲ့ တာကို ပီတိတွေ ဖြစ်နေတယ်။

သူရန်ကုန်က ပြန်လာတယ် ဆိုတာကို လည်း တယောက်ယောက်ကို ပြောပြချင်နေတယ်။ ခက်တာက ရထား ပေါ်မှာလဲ သူနဲ့သိတဲ့ သူက မပါဘူးဆိုတော့ ကြွားချင်ရဲ့နဲ့ ကြွားလို့ မရဘူး ဖြစ်နေတယ်။ နောက်ဆုံးတော့ ရထားပေါ်မှာရှိတဲ့ အိမ်သာကို သွားရင်း လမ်းမှာ မလွတ်မလပ် ထိုင်နေတဲ့ အဒေါ်ကြီး တယောက်နဲ့ တိုးတယ်။

အဲဒါနဲ့သူက “ အဒေါ်ကြီး လမ်းနည်းနည်း လောက်ဖယ်ပေးပါ ၊ကျုပ်အခုပဲ ရန်ကုန် ကပြန်လာလို့ ” ဆိုပြီး မဆီမဆိုင် ကြွားလိုက်ရတော့တယ်။အေးရော...။

အဲဒီပုံပြင်လိုများ ကျနော့်ကိုထင်သွားပြီနဲ့တူတယ်လို့ တွေးမိပြီး ဒီစာကို ရေးမိပါတယ်။






နောက်ဆက်တွဲ..အလွဲ

27 April 2009

9 comments
သူငယ်ချင်းတယောက် အကြောင်းဖွပေးလိုက်ပြီး ကိုယ့်ဘာသာ ပြန်ဖတ်တာ သဘောတွေကျနေမိတယ်။ ကိုယ်ရေးတာ မို့လို့သဘောကျတာမျိုး မဟုတ်ပါဘူး။ အဲဒါဖြစ်တဲ့ အချိန်မှာ ကျွန်တော်ကိုယ်တိုင် ဘေးနားမှာ ရှိနေလို့ ပိုပြီးကွင်းကွင်းကွက်ကွက် ပြန်မြင်မိလို့ပါ။ ဒီကောင်က တွေ့လိုက်တာနဲ့ သူပြောချင်တာ ပြောတတ်တာပဲ။ သူပြောချင်တာဆိုတဲ့ အတိုင်းပဲ သူပြောတဲ့ အဓိပ္ပါယ် သူပဲသိတယ်။ ကျွန်တော်ဆိုရင် ဟေ့ကောင် မြန်မာလိုပဲ ပြောစမ်းပါ ဘာသာပြန်ရတာ ခေါင်းမူးလွန်းလို့ပါဆိုပြီး တောင်းပန်ထားရတယ်။ အဲဒီလို အပြောကောင်းလို့ တခါက လွဲဖူးတာလေး ညကထပ်ပြီးသတိရမိလို့ ဒီလို နောက်ဆက်တွဲ ဆိုပြီးထပ်တင်လိုက်ရတယ်။

အဲဒီတုန်းကတော့ စကားတောင် ပြောရတဲ့ အဆင့်ထိတောင် မရောက်လိုက်ပါဘူး။ တွေ့တွေ့ချင်းနှုတ်ဆက်တာ နဲ့ တန်းပြီးလွဲတော့တယ်။သူကမြေပဲကို ခင်ခင်မင်မင် ဖြစ်အောင် နာမည်စမေးတယ်။

မေးရမှာက ' နီကျောက်စမော မင်းကျစ်' (你叫什麼 名字) မင်းနာမည် ဘယ်လိုခေါ်လဲပေါ့။ ဒါပေမယ့် တကယ်မေးလိုက်တော့ 'နီဟွေ့စမော မေးစေ' (你為什麼 沒死) တဲ့။ အဓိပ္ပါယ်က ရိုက်ပေါက်ပါပဲ

' မင်းဘာဖြစ်လို့ မသေ သေးတာလဲ ' တဲ့
သူ့အပြစ်တော့လည်း မဟုတ်ပါဘူး ။ တရုတ်စကားကိုက တလုံးလောက်လွဲလိုက်တာနဲ့ အဓိပ္ပါယ်က တခြားစီ ဖြစ်သွားတာကိုး။
.................................................................................................................................................

အကြောင်းတိုက်ဆိုင်လို့ ကျနော်တို့ တရုတ်စာသင်တဲ့ အကြောင်းလေး ပြောပြချင်သေးတယ်။ တရုတ်စကား ပြောရတာ အဆင်ပြေအောင်ဆိုပြီး ကျွန်တော်တို့တွေ တရုတ်စကားပြော သင်ဖြစ်ကြတယ်။ ကျွန်တော်အမ ကသင်ပေးတာပါ။ သင်တန်းသားက လေးယောက်ထဲ ရှိတယ် ..ကျွန်တော်ရယ် အဖြူလေးရယ် နောက်နှစ်ယောက် ရယ်ပေါ့။ ကျွန်တော့်သူငယ်ချင်းကတော့ ထပ်မတက် တော့ဘူး။ သူကသူ့ကိုယ်သူ အောင်လက်မှတ်ပေးပြီး သင်တန်းဆင်းသွားပြီ။

အခုလက်ရှိ သင်တန်းသားထဲက တယောက်ကတော့ နေ့တိုင်းတက်ချင်တယ်ဆိုပဲ။ နေ့တိုင်းစာသင်ချင်လို့တော့ မဟုတ်ဘူး။သင်တန်းမှာက အဖြူလေးရှိတော့ သူတို့တွေ တချိန်လုံးရယ်နေရလို့လေ။ အဖြူလေးကလည်း ရောက်တဲ့နေရာတိုင်း ခြေရာထင်ကျန်တယ် ပြောရမယ်။ ဖဲဝိုင်းမှာလဲ ဆူညံပူညံ ဖြစ်အောင် လုပ်တယ်။ စာသင်တော့လည်း သူ့ပဲ ပြောဆိုနေရတယ်။

စာသင်တဲ့နေ့တွေဆို အဲဒီနေ့မေးမယ့် စာမကျက်ထားလို့ ကတော့ TV ကြည့်ချင်ယောင်ဆောင်ပြီး စာခိုး ကျက်တတ်တယ်။ သူစာကျက်တယ် ဆိုတာလည်း ကျွန်တော်တို့ သိမှာ ကြောက်သေးတယ်လေ။ စာစသင်ပြီ ဆိုတာနဲ့ သူက ဆရာမကို ဟိုနေ့က မေးမယ်ဆိုတာတွေ မေးလေ ဆိုပြီး အားလုံးကို အချွန်နဲ့ပင့်တတ် သေးတယ်။ သူ့ကို အားလုံးက မကြည်တဲ့ အကြည့်နဲ့ ၀ိုင်းကြည့်ရင် သူကပျော်နေရော။

သူစာမရပေမယ့် စာရွက်ကြည့်ခွင့်ရလို့ကတော့ ဆရာမက အစဉ်လိုက်မေးသွားရင် သူက အဖြေတောင် ကြိုပြီး ဆိုလိုက်သေးတယ်။ အဲဒီအခါမျိုးဆို ဆရာမက တခုကျော်ပြီး မေးလိုက်ရင် သူထောင်ချောက်ထဲကို တန်းပြီး ၀င်သွားတာပဲ။ မေးတာ တခြား ဖြေတာ တခြားဖြစ်ကုန်ရော။ အဲဒီအခါဆိုရင်တော့ ကျွန်တော်တို့အလှည့်ရောက်ပြီ။ သူမသိမှာစိုးလို့ အဖြူလေးကို လက်ညိုးထိုးပြီး အသံကျယ်ကျယ်နဲ့ ရယ်ပစ်လိုက်တယ်။

တကယ့်ကလေးဆိုးကြီးလိုပါပဲ သူရတဲ့စာတွေဆို သူများထက် ဦးအောင် အော်တတ်လွန်းလို့ ကျွန်တော်က
ဖြေးဖြေးဆိုပါဗျာ..တော်ကြာ နဖူး လည်းကိုက်မိနေအုံးမယ်လို့ ခပ်ရွဲ့ရွဲ့ ပြောမိသေးတယ်။ ဒီလိုနဲ့ လုံလည်ချာလည်လိုက်ရင်း စာသင်ရက်တွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေခဲ့ကြတယ်။


သူငယ်ချင်း....(၁)

26 April 2009

14 comments
သူများဘလော့တွေ သွားလည်တော့ သူတို့သူငယ်ချင်းတွေ အကြောင်းရေးတာ ဖတ်ရတယ်။
ငယ်ဘ၀တွေ ဆိုတော့ နုပျိုမှုတွေ မြင်ရပြီး ကိုယ်လည်းကြည်နှုးမိတယ်။
ကျွန်တော့်သူငယ်ချင်းတွေ အကြောင်း ပြန်စဉ်းစားမိတော့ ထူးထူးခြားခြား မဟုတ်ပေမယ့် ကြုံရင်ပြောဖြစ်တဲ့
ဖြစ်ရပ်လေးတွေ ရှိမှန်းသတိရမိတယ်။

ဒါနဲ့ စဉ်းစားပြီး တယောက်ပြီး တယောက် အစဉ်လိုက် ဖော်ကောင်လုပ် ဖြစ်တော့တယ်။
သူတို့နဲ့တွေ့ရင်တော့ အမှတ်တရ အနေနဲ့ ရေးတာပါလို့ ကြည့်ကျက်ပြောရမှာပဲ...။
ဘယ်သူ့အကြောင်း စရေးမလဲ စဉ်းစားတော့ အနီးဆုံးရှိတဲ့ သူငယ်ချင်းကို ပြေးမြင်မိတယ်။

သူနဲ့က ငယ်ပေါင်းမဟုတ်ပေမယ့် ရင်းရင်းနှီးနှီး တွဲဖြစ်တယ်။ဒီကောင်နဲ့ စခင်တာက ဘန်ကောက်ရောက်မှ။
ကျွန်တော်တို့ ဘန်ကောက်ရောက်တော့ ကျန်တဲ့သူတွေနဲ့ ကီးမကိုက်ဘူး လိုင်းမတူတော့ ဘယ်သူနဲ့မှ မပေါင်းဘဲ
ကိုယ့်ဘာသာ အေးရာအေးကြောင်းနေတာ ဒီကောင်တွေနဲ့ မတွေ့ခင်အထိပဲ။

နောက်တော့ သူတို့လင်မယားနဲ့ ခင်သွားတယ်။သူတို့ကလည်း ကျွန်တော့်ကို ငယ်ပေါင်းကြီးဖော်တွေလို ခင်တာပဲ။
ညနေရောက်ရင် ကျွန်တော့်ကို လာခေါ်ပြီး world trade center ရဲ့ အုတ်ခုံမှာထိုင်ပြီး ကော်ဖီတယောက်တခွက်စီနဲ့
ငြိမ့်နေကြတော့တယ်။

ရောက်တတ်ရာရာပြော အနားက တီဗီ အကြီးကြီးကိုကြည့်ပေါ့။
တချို့ရက်တွေမှာ ပါလာတဲ့ ဒေါ်လာ လေးကို ဘတ်ငွေနဲ့လဲ တယောက်နဲ့တယောက် ပိုပြီးရင်နှီးလာကြတယ်။
(ဘန်ကောက်ရဲ့ အတွေ့အကြုံတွေကလည်း ပြောစရာရယ် တပုံတခါင်းလို့ ဆိုရမယ်)

သူတို့က ကွန်ဒိုမှာ တခန်းငှားပြီး နေတယ်။ကျွန်တော်နေတဲ့ အိမ်မှာရှိတဲ့ တီဗီလိုင်းမှာ ဘော်လုံးပွဲလိုင်း မရှိဘူး ။
အဲဒါနဲ့ သူတို့အခန်းမှာ သွားနေရင်း အဲဒီမှာပဲ အနေများ သွားတော့တယ်။
ကျွန်တော်က မနက်မိုးလင်းရင် CNN မှာ ဘော်လုံးပွဲ အဖြေတွေကြည့်လေ့ရှိတယ်။

ညရောက်ရင် အဲဒီပွဲတွေ ESPN လိုင်းမှာ ပြန်လာတော့ ကျွန်တော်က အဖြေသိနေပြီ။
ဒီကောင်က ဘော်လုံးပွဲ စိတ်မ၀င်စားဘူး။ဘော်လုံးပွဲကလည်း တယောက်ထဲကြည့်ရတာ အရသာကို မရှိဘူးဆိုတော့
ဒီကောင်ကို ဘော်လုံးပွဲ စိတ်ဝင်စားလာအောင် လုပ်ရတော့တယ်။

ကျွန်တော်က အဖြေကြိုသိပြီးသား ဆိုတော့ ပြန်ပြတဲ့ပွဲတွေဆို ဒီကောင်နဲ့ အလောင်းအစားလေး လုပ်တာပေါ့။
အဖြေသိမှတော့ ဘယ်သူက ရှုံးတဲ့ဘက်နေပါ့မလဲ။အဲဒါနဲ့ ဒီကောင်ကို ရှုံးတဲ့ဘက်မှာ မနေချင် နေချင်အောင်
ကြေးကြော လေးပေးတော့ ဒီကောင်လဲ ပျော်ပျော်ကြီး နေတော့တယ်။

ပွဲပြီးရင် ဖျော်ပေတော့ ကော်ဖီပဲ။ကျွန်တော်တို့က ကော်ဖီဖျော်တိုက်ကြေး ဒါမှမဟုတ် ဇက်ကျော ဆွဲပေးကြေး
လောင်းကြတယ်။ဒီကောင်က ရှုံးတာများတော့ မခံချင်ဖြစ်လာပြီး ဘော်လုံးပွဲကို စိတ်ဝင်စားလာတော့တယ်။
တခါတလေတော့လည်း ကြေးကြောပေးတာတောင် နိင်တဲ့ဘက်ကို ဒီကောင်ရွေးရင် ကျွန်တော့်မှာ
စိတ်မပါတပါနဲ့ ကြည့်နေရရော။

သူလည်းနိင်တာပါပဲ။တိုက်ရိုက်လာတဲ့ ပွဲတွေဆို သူကော်ဖီဖျော်လိုက် ကျွန်တော်ဇက်ကျောဆွဲပေးလိုက်နဲ့ပေါ့။
ဒါကဘန်ကောက်မှာ ကျွန်တော်တို့ ရဲ့ ခင်မင်ခဲ့ပုံလေးတွေဆိုပါတော့။ တကယ်ပြောချင်တာက ဒီနိင်ငံရောက်ပြီး
ကြုံရတဲ့အလွဲတွေထဲက တခုပြောပြမှာ။

တရုတ်စကားပြောတဲ့ နိင်ငံဆိုတော့ အဆင်ပြေအောင် တရုတ်စကားသင်ရတယ်။
ဒီနိင်ငံသားတွေ ပြောတဲ့လေယူလေတိမ်း မျိုးလည်းမှတ်ရတယ်။ခင်ခင်မင်မင် ဖြစ်အောင်လည်း အလိုက်အထိုက်ပြောပေါ့။

(ဒါကတော့ မြန်မာနိင်ငံသားတိုင်း ရလာတဲ့အမွေလို့ပြောရမယ် အရွယ်ရောက်ရင် ကိုယ့်နိင်ငံကိုယ်မနေရပဲ အားလုံး
တခြားနိင်ငံထွက်နေ ရတာကိုး ဒါကလည်း ကိုယ့်အပြစ်နဲ့ကိုယ်ပါပဲ ရေနက်ကွင်းစပါးစိုက်ခင်းတွေနဲ့ ရာဘာခြံတွေမှာ
အလုပ်ရှိတယ် ပြောထားရက်နဲ့ ကိုယ်တိုင်က အလုပ်ရွေးနေတာလေ :D)

ဒီကောင်က သင်ထားတာတွေကို သေသေချာချာ မမှတ်ဘဲ ပြောချင်တာ ပြောတော့ အလွဲတွေက ဖြစ်ကုန်ရော.
အဲဒီနေ့က အလုပ်ထဲမှာ ဒီကောင်နဲ့ မြေပဲ စကားပြောတာကို ကျွန်တော်နဲ့ နောက်တယောက်က
အအေးသောက်ရင်းနားထောင် နေကြတာ။မြေပဲဆိုတာက ဒီနိင်ငံသားတွေကို ကျွန်တော်တို့က ခေါ်တာ၊
ဘာကြောင့်ဆိုတော့ ဒီနိင်ငံက ကမ္ဘာ့မြေပုံမှာ ကြည့်ရင် ပြုတ်စားတဲ့ မြေပဲကို အခွံမချွတ်ရသေးတဲ့ ပုံစံနဲ့တူလို့လေ။

သူနဲ့မြေပဲက ဘာသာစကား သုံးမျိုးနဲ့ပြောကြတယ်.
တရုတ်စကားရယ် အင်္ဂလိပ်လို တစွန်းတစရယ် လက်ဟန်ခြေဟန်ရယ် ပေါင်းပြီး ပြောကြတာ
သူတို့ဟာနဲ့ သူတို့တော့ အဆင်ပြေကြတာပဲ။

ဒီကောင်ပြောရင် မြေပဲက ခေါင်းတညိမ့်ညိမ့်နဲ့။
မြေပဲပြောရင် ဒီကောင်က rapper တွေလို အမ်ဟမ်း အမ်ဟမ်း(ah hann.....ah hann)ဆိုပြီး သူနားလည်တယ်ပေါ့။
နောက်တော့ မြေပဲလည်း ဒီကောင်ပြောရင် အမ်ဟမ်း အမ်ဟမ်း ဖြစ်လာတယ်။အဆင်ပြေနေကြတယ် ဆိုရမယ်။

(သူပြောတာတွေကို အနီးစပ်ဆုံး အသံနဲ့ မြန်မာလိုပြန်ပြပါ့မယ်။)
ပြောတာနဲနဲ ကြာလာတော့ ဒီကောင်က မြေပဲကို စချုပ်တယ်။သူကမြေပဲကို ဒီလိုပြောလိုက်တယ်။
“နီသက် ဖုန်းယို ဖုန်းယို အင်ထရိုကျူ (你的朋友 朋友 Introduce) ” လို့ တရုတ်စကားနဲ့ အင်္ဂလိပ်လို ပေါင်းပြောပြီး လက်ကလည်း လက်ဆွဲနှုတ်ဆက်တဲ့ပုံစံ မျိုးလည်း လုပ်ပြသေးတယ်။

သူဆိုလိုတာက 'မင်းကောင်မလေးရဲ့ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးပေါ'့။
ဒါပေမယ့် မြေပဲက ဒီကောင်ဘာပြောမှန်း နာမလည်ဘူး။ဒီတော့ အမ်ဟမ်း အမ်ဟမ်း လည်း မလုပ်နိင်ဘူးပေါ့။
အဲဒါနဲ့ မြေပဲကို အခြေခံကနေ စပြောတယ်။

သူမေးတာက ဒီလို “နီ့ယိုမေးယို နန် ဖုန်းယို (你有沒有 男朋友 ) ”တဲ့ ။
မြေပဲခမျာ အံ့သြပြီး ပါးစပ်အဟောင်းသားလေး ဖြစ်သွားတာ ရှေ့သွားလေးကျိုးနေတာတောင် မြင်လိုက်ရတယ်။
အဓိပ္ပါယ်က မင်းမှာ (boy friend) ရှိလားတဲ့လေ။

တကယ်မေးချင်တာက “နီယိုမေးယို နွီ ဖုန်ယို(你有沒有 女朋友) ” ။မင်းမှာ (girl friend) ရှိလားလို့မေးတာ။
နန် (boy) နဲ့ နွီ (girl) ကို မှားပြောတော့ အဓိပ္ပါယ်က မင်းက အခြောက်လား ဆိုတဲ့ သဘောဖြစ်သွားရော။
ကျွန်တော်တို့မှာ အအေးတောင်သီးတယ်။တော်သေးတယ် မြေပဲက ထ မရိုက်လို့။
ကိုယ့်ဘာသာ စကားမဟုတ်တော့လည်း ဒီလိုမျိုးက နေရာတိုင်းမှာ ရှိတာပါပဲ။

ဒီကောင်လည်း အဲဒီနေ့ကစပြီး နာမည်တွင်သွားတော့တယ် ။
လမ်းမှာတွေ့ရင်“ ဟေ့ရောင် နီ့ယို မေးယို နန် ဖုန်ယို ” လို့ မေးရင် စပ်ဖြဲဖြဲ နဲ့ ပြန်ကြည့်တယ်။
တခါတလေ သူက ဦးလို့ အရင်မေးရင် ကျွန်တော်က “အမ်ဟမ်း အမ်ဟမ်း” လို့ပြန်ပြောလိုက်တော့တယ်။
..................................................................................................................................................
(သူများသာပြောနေတာ ကျွန်တော်လည်းတခါက မြေပဲကို “ငါ မီးပလပ်လေး ထိုးချင်လို့ ”လို့ပြောတာ
အသံထွက်မပီပြင်တော့ အဓိပ္ပါယ်က “ငါမင်းခေါင်းကို ဖြတ်ချင်တယ် ” ဖြစ်သွားလို့
မြေပဲက မျက်လုံးပြူးပြီး ပြန်ကြည့်တာနဲ့ ကြုံဖူးသေးတယ်)

(တရုတ်စာလုံးများကို ကျွန်တော့်ချစ်သူမှ ကူညီရိုက်ပေးပါသည်..)


စိတ်သည်မကောင်းမှု၌မွေ့လျော်သည်

23 April 2009

14 comments
ဒီနေ့ဘာရယ်မဟုတ်ဘဲ လူရွှင်တော်တွေ ပျက်တဲ့ပျက်လုံးတခုကို သွားသတိရမိတယ်။
ပုထုဇဉ်လူသားတွေရဲ့ စိတ်ကို အသုံးချပြီး ဟာသလုပ်ထားတဲ့ ပျက်လုံးမျိုးပါ။
လူဆိုတာမျိုးကလည်း အခက်သားလား အစွန်းအစ ထွက်တဲ့ စကားများ ပြောမိရင် ကောင်းရာ
ကောင်းကြောင်း မစဉ်းစားချင်ကြဘူး။

အားလုံးတော့လည်း မဟုတ်ပါဘူး တချို့ကြတော့လည်း
ဘာပြောမှန်းမသိအောင်ကို ရိုးကြပါတယ်။

ပျက်လုံးမှာက လူရွှင်တော် နှစ်ယောက်က မင်းသမီးကို အပြိုင်အဆိုင် ပိုးပန်းကြတယ်။
တယောက်က ပိုးပန်းနေတဲ့ အချိန်မှာ နောက်တယောက်က ၀င်ပြီး အချွန်နဲ့ မ ပေးတယ်။
အဲဒီတော့လူရွှင်တော် တယောက်က မင်းသမီးကို သစ္စာတိုင် စဆိုတယ်။

ဆိုလိုတာက မင်းသမီးသာ သူ့နောက်လိုက်မယ်ဆိုရင် မပင်ပန်းစေရဘူး
လမ်းခရီးမှာ အခက်အခဲတွေ ကြုံရင် သူကာကွယ်ပေးမယ်ဆိုပြီး သစ္စာတိုင် ကိုဆိုပြတယ်။
သူ့ဟာက ကာရံလေးနဲ့။

ဟိုတောင်တန်းမှာတော့......မောင်ထမ်းလို့ခေါ်မယ်
ဟိုတောင်တကွေ့မှာတော့.....မောင်ပွေ့လို့ခေါ်ပါ့မယ်
ဟိုတောင်တရိုးမှာတော့......မောင်..မောင်...ဆိုပြီး အင်း..အဲ တွေဖြစ်ကုန်ရော။
သူကာရံမစပ်တတ်တော့တဲ့ ပုံစံမျိုးလုပ်ပြတယ်..နောက်လူရွှင်တော်တယောက်ကလည်း
ကာရံရအောင်စပ် မရရင်မင်းနာပြီမှတ်လို့ ၀င်ကြိမ်းတယ်။

ဒါနဲ့ ပထမတယောက်က နဲနဲစဉ်းစားဟန်ပြုပြီး
ဟိုတောင်တရိုးမှာတော့.....မောင် ပိုးလို့ချီပါ့မယ် လို့ဆိုပြပြီးသက်ပြင်းချပြတော့ ပရိသတ်က ရယ်ကြတယ်။
တကြောင်းချင်းပဲ ဘာသာပြန်ပြန် သုံးကြောင်းလုံးစုပြီးပဲ ဘာသာပြန်ပြန် ရယ်စရာရယ်လို့ မရှိဘူး။
ဒါပေမယ့် ပရိသတ်က ရယ်ကြတယ်။ဒါကြောင့် စိတ်သည်မကောင်းမှု၌မွေ့လျော်သည်လို့ ပြောတာပေါ့။

ကျောင်းသားဘ၀က ကျွန်တော်တို့ ဆရာကိုယ်တိုင်လည်း အဲဒီလိုပြောခဲ့တာပဲ။
ဆရာက ကျောင်းသားတွေနဲ့ အပြင်မှာဆိုသူငယ်ချင်းပေါင်း ပေါင်းတယ်။
ဆရာလ္ဘက်ရည်ဆိုင် သွားရအောင် ညှိရင် ဆရာက မင်းတို့တိုက်မှာလား ငါတိုက်ရမှာလားမေးတတ်တယ်။

ဆရာက ကျွန်တော်တို့ကို လ္ဘက်ရည်တိုက် ကျွန်တော်တို့က ဆေးလိပ်ပြန်တိုက်မယ် ဆိုပြီး
မတန်တဆ ညှိလည်း ဆရာကတော့ အေးဒါဆိုရင် သွားမယ်ဆိုပြီး လက်ခံတာပဲ။
ပြောရရင် ဆရာကို ကျွန်တော်တို့ က လေးစားချစ်ခင်ကြတယ်။
ဆရာကလူငယ်ဆန်တော့ ကျွန်တော်တို့နဲ့ သိပ်မဝေးဘူး ဆိုရမယ်။

ဆရာကလည်း သူ့တပည့်တိုင်းကို စေတနာထားတယ် ။အခါအခွင့်သင့်တိုင်းလည်း လမ်းညွှန်ဆုံးမတတ်တယ်။
တခါကတော့ ဆရာ အတန်းထဲမှာ အားလုံးကို ဘ၀ရဲ့ အနာဂါတ်နဲ့ပါတ်သတ်ပြီး ဆုံးမတယ်။
မင်းတို့တတွေ မဖြတ်ချင်လည်း ဖြတ်သန်းရမယ့် ဘ၀လမ်းဆိုတာ ရှိနေတယ်။
မသွားချင်လည်းမရတော့တဲ့ လူကြီးဘ၀ကို ရကြတော့မယ်။

လူကြီးဆိုတာ အသက်ကြီးတာကို ခေါ်တာဆိုပေမယ့် ကိုယ့်ပုခုံးပေါ်ကို ရောက်လာတဲ့ တာဝန်တွေကျေဘို့ လိုသလိုကိုယ်နေထိုင်တဲ့ ပါတ်ဝန်ကျင်ကိုပါ အကျိုးပြုနိင်အောင် ကြိုးစားဘို့လိုတယ်။ဒါမှ လူကြီးလူကောင်း လို့ခေါ်နိင်တာ။နောက်ဆုံး ပါတ်ဝန်ကျင်ကို အကျိုးမပြု နိင်ရင်တောင် ဒုက္ခပေးတဲ့ လူစာရင်းထဲတော့ ငါ့တပည့်တွေ မပါစေနဲ့ဆိုပြီး ဆုံးမတယ်။

အဲဒီနေ့ကလည်း အတန်းပြီးတော့ ထုံးစံအတိုင်း ဆရာ့ကိုခေါ်ပြီး လ္ဘက်ရည်ဆိုင်ကို သွားကြရော။
ဟိုရောက်လို့ ခဏနေတော့ တယောက်က ဆရာဒီနေ့ဆုံးမ တဲ့စကားလေးတွေက ကောင်းတယ်ဆရာ။
ဒါပေမယ့် ကျွန်တော်သာဆို ဒီလိုပဲ တိုတိုတုတ်တုတ် ဆုံးမလိုက်မှာပဲ လို့ပြောတော့ ဆရာက လုပ်စမ်းပါအုံးကွ
ငါလည်းမှတ်သားရတာပေါ့လို့ ပြန်ပြောတယ်။

ဒီလိုလေဆရာ...မိန်းခလေးတွေ အရှည်ကိုကြည့်ရမယ်...
ယောကျာင်္းလေးတွေ အချောင်မလိုက်နဲ့လို့ ဆုံးမမှာပဲ။
သူ့စကားဆုံးတော့ ကျွန်တော်တို့တွေ ၀ိုင်းရယ်ကြရော။ဆရာက တွေးတွေးဆဆနဲ့ ပြောတယ်။

မင်းပြောတဲ့ ဆုံးမစကားက ကောင်းတယ်ကွ သေသေချာချာတွေးရင် လေးနက်တယ်
ဒါပေမယ့် ငါ့တပည့်မှတ်ထားကွ လူ့စိတ်ဆိုတာ မကောင်းမှု၌ မွေ့လျော်တာကွ ...မင်းမယုံဘူးလား
ဒီကောင်တွေပဲကြည့် မင်းစကားကြားကြားချင်း ၀ိုင်ရယ်တာ တွေ့တယ်မဟုတ်လား
ဒီကောင်တွေက ဆုံးမစကားကို ဘယ်လိုဘာသာပြန်လဲဆိုတာ သူတို့ပဲသိတယ်ကွ
အဲဒါ ဒီကောင်တွေ စိတ်က မကောင်းမှုမှာ မွေ့လျော်နေလို့ပဲ ဆိုပြီးရှင်းပြတယ်။

ဆရာပြောလည်းပြောတာပဲ။ယောကျာင်္းလေး အချင်းချင်းကတော့ တယောက်ကို တယောက် တွေ့ရင် ဦးတဲ့သူ
အဲဒီလို ဆုံးမကြတာပါပဲ။အပြစ်ပြောလို့တော့လည်း မရပါဘူး
“စိတ်သည်မကောင်းမှု၌မွေ့လျော်သည်” လို့ တရားစာအုပ်မှာကို ရေးထားတာပဲလေ.....။

 

Posts Comments

©2006-2010 ·TNB