Showing posts with label ညောင်ရမ်း. Show all posts
Showing posts with label ညောင်ရမ်း. Show all posts

ဂြိုလ်မွှေတဲ့ တီဗီ

29 September 2009

65 comments




အခုခေတ်ကြီးရဲ့ တိုးတတ်ပုံက မြန်ဆန်လွန်းတော့ ကျုပ်ငယ်ငယ်က အကြောင်းလေးတခု ပြန်သတိရပြီး ခပ် လျော့လျော့ပြုံးမိတယ်။ဇိမ်ခံပစ္စည်းတွေ လက်တကမ်းမှာ အလွယ်တကူဝယ်လို့ရနေတဲ့ ခေတ်မှာကျုပ်ရဲ့ ငယ်ဘ၀က အဖြစ်အပျက်လေး ပြန်ပြောပြရင် ပုံပြင်လို့များ ထင်ကြမလားမသိဘူး။ ကျုပ်တို့ငယ်စဉ်ကစက် ပစ္စည်းတွေ အင်မတန်ရှားတယ်။ငွေရှိလို့ ၀ယ်မယ်ဆိုရင်တောင် အလွယ်တကူ ၀ယ်လို့မရခဲ့ဘူး။ ငွေရှိရဲ့နဲ့ ဘာလို့ အလွယ်တကူ ၀ယ်လို့မရမှာလည်းလို့ မေးခွန်းထုတ်ချင်ကြမှာပဲ။ အဲဒီလို ၀ယ်ရတာ မလွယ်ဘူးလို့ ပြောနိင်တာက ကျုပ်တို့ ကိုယ်တိုင် ကြုံခဲ့ရတဲ့ အဖြစ်ကြောင့်ပါပဲ။

ကျုပ် ၄ တန်းကျောင်းသား အရွယ်မှာ အဖိုးကို တီဗီလိုချင်တယ်လို့ ပူဆာမိတယ်။အဲဒီ အချိန်ကျုပ်တို့ ရွာမှာ တီဗီ ရှိတဲ့ အိမ်ရယ်လို့မရှိသေးဘူး။ငွေကြေးပြည့်စုံပြီး ကျုပ်ကိုချစ်တဲ့ အဘိုးက တီဗီ ၀ယ်ဘို့ ငွေထုတ်ပေးတယ်။မနက်မိုးလင်းရင် မော်လမြိုင်ဘက် သွားပြီး တီဗီ ၀ယ်ရမယ့် အရေးကိုတွေးပြီး ကျုပ်ရင်တွေ တဒိတ်ဒိတ် ခုန်နေသလို ကောင်းကောင်းလည်း အိပ်မပျော်ပါဘူး။ မှေးခနဲဖြစ်လိုက် တီဗီနဲ့ ပါတ်သတ်တဲ့ အိမ်မက်တွေ ဖျတ်ခနဲမက်လိုက်နဲ့ လုံးလည်ချာလည် လိုက်ရင်း မိုးလင်းသွားရောဆိုပါတော့။ မနက်မိုးလင်းတော့ ကျုပ်လည်းရေချိုးမနက်စာ စားပြီး မော်လမြိုင်ဘက် သွားဘို့ အဆင်သင့်ဖြစ်နေပြီ။ တီဗီ
သွားဝယ်မှာက အဖေရယ် အမေရယ် ကျုပ်ရယ်ပေါ့။ဒါနဲ့ ခပ်စောစောပဲ ထွက်လာခဲ့တော့တယ်။ ကျုပ်တို့နေတာက ပေါင်မြို့ မှာဆိုတော့ မုတ္တမအထိ ကားစီးပြီးသွားရတယ်။ မုတ္တမရောက်တော့ မော်လမြိုင်ဘက်ကူးဘို့ နှစ်ထပ် သင်္ဘောစီးရတယ်။သင်္ဘောစီးချိန်က မှတ်မိသလောက်ဆို ၄၅ မိနစ်လောက် ကြာတယ်ထင်တာပါပဲ။

ဒါနဲ့ မော်လမြိုင်ရဲ့မိုင်ဒါဈေးကို ရောက်သွားတယ်။အဲဒီအချိန်က မှောင်ခိုပစ္စည်းတွေ ခေတ်စားတဲ့အချိန်ပေါ့။
မှောင်ခိုပစ္စည်းတွေ ခေတ်စားသလို အကောက်ခွန် တွေရဲ့ အဖမ်းအဆီး ကလည်း ရှိနေတယ်။ ကျုပ်တို့လည်း ဟိုကြည့်ဒီကြည့် ကြည့်ပြီး နေရှင်နယ်တံဆိပ် ၁၄ လက်မတီဗီလေးကို ဈေးညှိနှိုင်းပြီး ၀ယ်ဖြစ်ကြတယ်။ အဲဒီ အချိန်က အခုခေတ်လို တီဗီဝယ်ပြီး ကြွားကြွားဝါ၀ါ သယ်လို့ရတဲ့ ခေတ်မဟုတ်ဘူး။ကျုပ်တို့ ၀ယ် တဲ့တီဗီကလည်း မှောင်ခိုပစ္စည်း ဆိုတော့အချိန်မရွေး အဖမ်းအဆီး ခံရနိင်တယ်လေ။ ဒါနဲ့ တီဗီလေးကို စက္ကူပုံး ထဲကထုတ်ပြီး အဆင်သင့်ယူလာတဲ့ ပုဆိုးလေးနဲ့ ပါတ်ပြီး အဖေက ထမ်းပြီးသယ်သွားရတယ်။

မှောင်ခိုအရောင်း အ၀ယ်လုပ်တဲ့သူတွေ ရှိသလို အကောက်ခွန်ကလည်း အရပ်ဝတ်တွေနဲ့ စောင့်ကြည့်နေတာဆိုတော့ ပေါ်ပေါ်ထင်ထင် မသယ်သွားရဲဘူး။ဒါနဲ့ ကျုပ်တို့လည်း လာခဲ့စဉ်ကအတိုင်း မုတ္တမဘက်ကို သင်္ဘေားစီးပြီး ပြန်လာ ခဲ့ကြတယ်။မြစ်လယ်လောက်ရောက်တော့ အကောက်ခွန်တွေက မော်တော်ဘုတ် ၁၀ စီးလောက်နဲ့ သင်္ဘောကို လာဝိုင်းကြတယ်။ ဒီလို သင်္ဘောကို လာဝိုင်းတာမျိုးက အခေါက်တိုင်း မဟုတ်ပေမယ့် မကြာမကြာတော့ ဖြစ်လေ့ဖြစ်ထရှိတယ်။ ကံဆိုးချင်တော့ ကျုပ်တို့ပစ္စည်း ယ်တဲ့အခေါက်နဲ့ အဖမ်းအဆီး လုပ်တဲ့ အချိန်နဲ့ တိုးတော့တာပဲ။ သဘောင်္မြစ်လယ်လောက် ရောက်ပြီဆို သူတို့တွေက ပုန်းနေရာကနေ မော်တော်ဘုတ်တွေနဲ့ တရကြမ်း ထွက်လိုက်လာကြပြီး သဘောင်္ကို ၀ိုင်း လေ့ရှိကြတယ်။

ဟိုးအဝေးကလာနေတဲ့ အကောက်ခွန်မော်တော်ဘုတ်တွေကိုကြည့်ပြီး ကျုပ်တို့မိသားစု မျက်ကလဲဆန်ပြာ ဖြစ်နေရပြီ။ ၀ယ်လာတဲ့တီဗီလေးကို ဘယ်နားဖွက်လို့ဖွက်ရမှန်း မသိတော့ဘူး သဘောင်္တစီးလုံးလည်း လှုပ်လှုပ်ရှားရှားတွေ ဖြစ်ကုန်ကြပြီလေ။ကျုပ်အမေခင်မျာလည်း မျက်နာမကောင်းဘူး ကျုပ်လည်းအတူတူပါပဲလေ ။ညရောက်ရင် တီဗီကြည့်ရတော့မယ်ဆိုပြီးအတွေးနဲ့ ပျော်နေသမျှ ခုတော့ စိတ်ဓါတ်တွေလည်း ကျကုန်တော့တာပေါ့။ ကျုပ်အဖေကတော့ ပြောပါတယ် မိတော့လည်း ပေးလိုက် တာပေါ့ကွာတဲ့ အခုလောလောဆယ်တော့ တီဗီကို ဖင်ခုထိုင်နေကြတဲ့လေ။ပုဆိုးနဲ့ပါတ်ထားလို့ မျက်စေ့လျှမ်းသွားတော့လည်း ငါတို့ကံပေါ့တဲ့။ကျုပ်နဲ့အမေလည်း ကြံရာမရတော့ တီဗီလေးပေါ် ဖွဖွလေး တက်ထိုင်ပြီး မျက်နာငယ်နေရတော့တယ်။

အဲဒီအချိန်မှာပဲ ကယ်တင်ရှင်တွေရောက်လာတော့တယ်ဆိုရမှာပဲ။အကောက်ခွန်သဘောင်္တွေနဲ့ ဆန့်ကျင်ဘက်ကနေ မော်တော်ဘုတ်တွေ ထွက်လာကြတယ်။သူတို့မော်တော်ဘုတ်တွေက အင်မတန် မြန်တာဗျ..။ ခဏလေးနဲ့ သဘောင်္ဘေးကို ကပ်လာကြပြီး တန်ဖိုးကြီးကြီး ပစ္စည်းပါတဲ့သူတွေ လွတ်ရာ လွတ်ကြောင်း ပို့ပေးမယ် ဆိုပြီး ပြောတယ်။ဒါနဲ့ ကျုပ်တို့မိသားစုလည်း မော်တော်ဘုတ်တစီးပေါ် ချက်ချင်းတက်လိုက်ကြတော့တယ်။

သင်္ချိုင်းအကြောင်း

19 August 2009

49 comments


ကျုပ်ဘ၀မှာ ထူးထူးခြားခြားနာမည်တလုံးကို လူပျိုပေါက် အရွယ်အထိရခဲ့ဖူးတယ်။ အဲဒီနာမည်က လွယ်လွယ်နဲ့ ရခဲ့တာတော့ မဟုတ်ပါဘူး။ထူးထူးခြားခြားတွေ ဖြစ်လေ့ရှိတဲ့ ကျုပ်အတွက် ဒါဟာလည်း အမှတ်တရ အဖြစ် အပျက်တခုနဲ့ပါတ်သတ်ပြီး ရခဲ့တာပါပဲ...။ကမြင်းကျော အထလွန်ပြီး ရခဲ့တဲ့ နာမည်လို့ပြောရမှာပဲ...။ ကျုပ်တို့ လေးတန်း ရောက်တော့ အစိုးရစစ်စာမေးပွဲနဲ့တိုးတယ်။ အစိုးရစစ်ဆိုတော့ ကျုပ်တို့လည်း သိပ်ပေါ့ပျက်ပျက် မလုပ်ရဲဘူး သေသေချာချာစာကျက်ရတယ်။ ကျောင်းကဆရာမတွေကလည်း ညဘက်တွေမှာ ရပ်ကွက် တွေကိုအလှည့်ကျ စာလိုက်သင်ပေးတယ်..။

ဆရာမတွေနေတဲ့ရပ်ကွက်က ကျုပ်တို့ရပ်ကွက်ရဲ့ ဘေးရပ်ကွက်ပေါ့...။အခုချိန်မှာ ရပ်ကွက်လို့သာပြောပေမယ့်
အဲဒီအချိန်ကတော့ရွာသာသာပါပဲ။မီးမရှိတဲ့အပြင် အဆိုးဆုံးက ကျုပ်တို့ရပ်ကွက်နဲ့ ဆရာမတွေနေတဲ့ ရပ်ကွက်ရဲ့ ကြားမှာ သင်္ချိုင်းကုန်းတခုရှိတယ်။ အထင်ကရ သင်္ချိုင်းကြီးပေါ့။ အဲဒီသင်္ချိုင်းဝင်းကြီးက အကျယ်ကြီးပဲ။ အဲဒီဝင်းထဲ မှာမှ တရုတ်သင်္ချိုင်းရော မြန်မာရော မွန်ရော သူ့အပိုင်းနဲ့သူခွဲထားတာ ဝင်းကြီးကကျယ်လွန်းပြီး တချို့နေရာ တွေမှာ အပင်တွေကတောအုပ်အသေးစား လောက်တောင် ပေါက်နေလို့ ဟိုးအရင်တုန်းက ကျားမတကောင် တောင် သားလာပေါက်ဖူးတဲ့အထိပဲ...။


ညဘက်တွေမှာ ဆရာမတွေက စာသင်ပြီး ပြန်ရင် ကျုပ်တို့ ကျောင်းသားတွေက သင်္ချိုင်းဘေးက လမ်းမအတိုင်း ပြန်လိုက်ပို့ကြရတယ်။ကျောင်းသားကျောင်းသူ အယောက် ၂၀ ကျော်ပေါ့။ လူများတော့လည်း မကြောက်ကြ ပါဘူ။ တချို့ညတွေမှာ ဆရာမတွေ ပြန်ပို့ပြီးလို့ ပြန်လာရင် အဲဒီသင်္ချိုင်းနေရာရောက်တာနဲ့ ကျုပ်နဲ့ရွှေတိုးနဲ့ လောင်းကြေးစားကြေး လုပ်ကြတာပဲ။ အဲဒီဝင်းကြီးရဲ့ အလယ်လောက်မှာ မြန်မာသင်္ချိုင်းတခုရှိတယ်..။ ဇရပ်တခု ရှိပြီး ကိုးတောင်ပြည့် စေတီလေးတဆူလည်းရှိတယ်။ ကျုပ်တို့လောင်းတာက အဲဒီစေတီဘေးက ဇီးသီးပင်ကနေ ဇီးသီးတလုံးခူးပြီး ပြန်ထွက်လာဘို့ လောင်းကြတာ...။ ကျုပ်တို့လောင်းတော့ ကျန်တဲ့ သူငယ်ချင်းတွေက ၀ိုင်းတား ကြတာပေါ့...။ညကြီးမိုးချုပ် မ၀င်စေချင်ဘူးလေ..။


ကျုပ်အတွက်ကတော့ နေ့ခင်းနေ့လည်တိုင်း အဲဒီ ဇီးသီးသွားခူးပြီ ကစားနေကြဆိုတော့ ကြောက်ရကောင်းမှန်း လည်းမသိပါဘူး။မြေပုံအဟောင်းတွေက ခွေးတွေဖော်ထားတဲ့ အရိုးခေါင်းတွေ ကောက်ပြီး မျက်လုံးနှစ်လုံး နေရာမှာဇီးသီးနှစ်လုံး ထည့်ပြီး အဲဒီခေတ်က နာမည်ကြီးတဲ့ သိုက်သမိုင်းကားတွေထဲက စုန်းဆရာကြီးတွေ လုပ်တမ်းကစားကြတာကိုးဗျ..။ အဲဒီဇီးပင်ကလည်း ရေခံမြေခံ ကောင်းလို့လားမသိဘူး...။အပင်အောက်ဝင်ပြီး လက်ကိုသာ အပေါ်ဆန့်လိုက်ရင်ဇီးသီးတလုံးတော့ စမ်းမိတာပါပဲ...။အဲဒီလောက်အထိကို ပြွတ်ခဲနေအောင် သီးတာ...။ရွှေတိုးကလည်း အဲဒီလိုပဲ သူကလည်း ၀င်ခူးရဲတယ်ပေါ့...။အဲဒါနဲ့ ၅ ကျပ်ကြေး လောင်းဖြစ်ကြရော။


ပထမနေ့တွေမှာ သူရော ကျုပ်ရော ဇီးသီး ၀င်ခူးတာ နှစ်ယောက်လုံး ဇီးသီး ခူးလို့ ရတော့ လောင်းကြေးက ဘယ်သူ့ဘယ်သူမှ မနိင်ဘူး ဖြစ်နေတယ်..။ညတိုင်းတော့ ၀င်ခူးဖြစ်တာမျိုးမဟုတ်ပါဘူး..။နှစ်ယောက်လုံး စိတ်ပါတဲ့နေ့မှပါ...။အားတိုင်းယားတိုင်း သင်္ချိုင်းထဲ ၀င်ဘို့အတွက်တော့လည်း စိတ်မသန့်ဘူးပေါ့။ တစ်ညတော့ ပြဿနာ တက်မယ့်ညမို့လို့နဲ့တူပါရဲ့ နှစ်ယောက်စလုံး လောင်းကြေးအတွက် တက်ကြွနေလိုက်ကြတာ။ ရွှေတိုးက စပြီးစိန်ခေါ်တာနဲ့ ပွဲက ဖြစ်ရောဆိုပါတော့။ ဒီတညတော့ အရှုံးအနိင်ပေါ်အောင်ဆိုပြီး အချိန်မှတ်ဖို့ပါ ရွှေတိုးက ပြောလာတယ်...။သဘောက ဇီးသီးခူးရုံနဲ့တင်မရသေးဘူး ...ဘယ်သူအမြန်ဆုံး သင်္ချိုင်းထဲက ပြန်ထွက် လာမလဲဆိုတာကိုပါ ထည့်တွက်ရမယ်ပေါ့။ အချိန်ပိုမြန်ပြီး ဇီးသီးလည်းပါလာမယ့် သူက အနိင်ဆိုပြီး လောင်းကြတယ်...။

သတ္တိရှိလား

28 June 2009

36 comments
ကျုပ် ၁၂ နှစ်သားလောက်တုန်းက ရွာဘုရားပွဲမှာ လက်ဝှေ့ထိုးဘို့အထိ ဖြစ်ခဲ့ဖူးတယ်...။
လက်ဝှေ့ပွဲက သက်ငယ်တန်းပြိုင်ပွဲ မဟုတ်သလို အလံလုပွဲလည်း မဟုတ်ပါဘူး...။မြေပေါ်မှာ ကောက်ရိုးခင်းထားပြီး
လူတွေက ဘေးကနေ ၀ိုင်းကြည့်ရတဲ့ မြေ၀ိုင်းလက်ဝှေ့ပွဲပါ...။လူကြီးတွေအတွက်တော့ စင်နဲ့ထိုးရတာပေါ့...။
ကျုပ်လက်ဝှေ့ဝင်ထိုးတာက အပျော်သဘော ထက်တော့ပိုတယ်။ကျုပ်မှာ ရည်ရွယ်ချက် ရှိတယ်..။

ကျုပ်က အိမ်ထဲက အိမ်ပြင်သိပ်ထွက်ရတဲ့ ကလေးမဟုတ်ဘူးဗျ..။ကျုပ်အဖေကြောင့် ကျုပ်အပြင်မထွက်ရတာလေ..။
အဖေကကျုပ်အပြင်ထွက်တာမကြိုက်သလို အဘိုးကလည်း မကြိုက်ဘူးဗျ..။
ကျုပ်အပြင်မှာ သွားကစားပြီး ပြန်လာရင် အရိုက်ခံရတာက များတယ်...။
ကစားရတာ ခဏလောက်နဲ့ အရိုက်ခံရတာ သိပ်တော့ မတန်ဘူးပေါ့ဗျာ..။

ကျုပ်တို့ရွာမှာ ဘုရားပွဲ နှစ်တိုင်းလုပ်ပေမယ့် ကျုပ်လက်ဝှေ့တက်ထိုး ဖြစ်တော့ ကျုပ်အသက် ၁၂ နှစ်လောက်ရှိပြီ...။
ဘုရားပွဲကျင်းပရင် တပါတ် ၁၀ ရက်လောက်ကြာတယ်ဗျ..။လူငယ်သဘာဝ အတိုင်း သူငယ်ချင်းတွေနဲ့
ဘုရားပွဲသွားကြတာပေါ့ဗျာ...။

ဒီအတိုင်းတောင် ကျုပ်က အပြင်မှာ နေချင်တဲ့သူ ဆိုတော့ ဘုရားပွဲရှိမှတော့ အိမ်ကိုတောင်
မပြန်ချင်ဘူးလေ..။ ခက်တာက ကျုပ်အပြင်မှာ တပါတ်လောက်နေဘို့ အတွက် ငွေလိုတယ်..။
အိမ်ပေါ်ပြန်တက်ရင် အမှုတွေ မများချင်လို့ အိမ်ကလည်း မခိုးချင်ဘူး...။

ဒီတော့ ငွေရပေါက်ရလမ်းကို စဉ်းစားကြည့်တာ လက်ဝှေ့ပွဲကို သွားတွေ့တယ်..။အပျော်တမ်းပွဲတွေ အတွက်
နိင်ရင်၅ ကျပ် ရှုံးရင် ၃ ကျပ်ဆိုတော့ မဆိုးဘူး...။အဲဒီအချိန်က ၃ ကျပ်ဆိုရင် ပုဆိုးကောင်းကောင်းတထည်
ဝယ်လို့ရတယ်...။တက်ထိုးမယ် ရည်ရွယ်တုန်းက ၅ ကျပ်ရဘို့ အတွက်ပဲ တွေးထားတာဗျ..။
ရှုံးမှသာ ရှုံးရောဗျာ..ထိုးမယ်ဆုံးဖြတ်မှတော့ နိင်အောင်တော့ ထိုးမှာပဲလေ..။

ကျုပ်က လက်ဝှေ့ထိုးမယ်လို့ ဆုံးဖြတ်ပြီးတာနဲ့ ဒိုင်ဆီကိုသွားပြီး စာရင်းပေးလိုက်တယ်...။
ကျုပ်နာမည်ရယ် အဖေနာမည် စာရင်းပေးရတယ်လေ...။ပွဲမစခင်မှာပဲ ဆိုင်းသံတွေကြားရတာ စိတ်တွေလှုပ်ရှားပြီး
တတ်ကြွနေမိတယ်..။ကျုပ်နဲ့ထိုးရမယ့် ပြိုင်ဘက်က ကျုပ်တို့ရွာထဲကပါပဲ...။

စင်ပေါ်မှာ လက်ဝှေ့ထိုး ရပေမယ့် ရန်ငြိုးရန်စလည်း မရှိပါဘူး...။ဒီကောင်က ကျုပ်ထက် နဲနဲတော့ အကောင်ကြီး
ပေမယ့် ကျုပ်ကတော့ မကြောက်ပါဘူးဗျာ...။အဲဒီလိုနဲ့ ရှေ့ပွဲတွေပြီးတော့ ကျုပ်တို့ အတွဲအလှည့်ရောက်လာတယ်...။
အမှတ်ပေးတဲ့ ဒိုင်တွေက ကျုပ်တို့ အတွဲရဲ့နာမည်တွေကို အဖေနာမည်နဲ့တွဲပြီး အော်ပေးတယ်..။

အသံချဲ့စက်နဲ့ အော်တာဆိုတော့ ဘုရာပွဲတော်ရဲ့ နေရာတော်တော်များများက ကြားရတာပေါ့....။
ကျုပ်လက်ဝှေ့ တက်ထိုးမယ်ဆိုထဲက ကျုပ်သူငယ်ချင်းတယောက်က ကျုပ်အဘွားကို ပြေးခေါ်ထားတာ
ကျုပ်မသိလိုက်ဘူး...။

နာမည်ကြေညာပေးတဲ့သူက ကျုပ်နာမည်နဲ့ အဖေ့နာမည်လည်း အော်ပြီးချိန်ရောက်ရော အဘွားလည်း
ဖိုသီဖတ်သီနဲ့ အပြေးအလွှား ရောက်လာတယ်...။မြေ၀ိုင်းထဲမှာဘောင်းဘီ အတိုလေးနဲ့ လက်ဝှေ့ထိုးဘို့
အဆင်သင့်ဖြစ်နေတဲ့ ကျုပ်ကိုမြင်ရော အဖွားရင်ဘတ်ဖိပြီး...
“ဟဲ့ဟဲ့ ငါ့မြေးနင်ဘာလုပ်မလို့လဲ အခုထွက်လာခဲ့”
အဘွားက ကျုပ်ကို ၀ိုင်းထဲက ပြန်ထွက်လာဘို့အော်နေပေမယ့် ဆိုင်းတီးတဲ့ အဖွဲ့က ဗိန်းမောင်းတီးနေပြီ...
“နင်တို့တွေဆက်မတီးကြနဲ့ ငါ့မြေးမထိုးဖြစ်ဘူး” ဆိုပြီးဆိုင်းတီးတဲ့အဖွဲ့ကို အဖွားက လှမ်းအော်တယ်..။
လက်ဝှေ့ထိုးမယ့် ကျုပ်တို့အတွဲ လည်း ဘာဆက်လုပ်ရမှန်းမသိဘဲ အဖွားကိုပဲ ကြည့်နေတယ်..
လက်ဝှေ့ပွဲကြည့်တဲ့ ပရိသတ်ကလည်း အဖွားကို ကြည့်ပြီး တ၀ါးဝါးနဲ့ ပွဲကျနေတယ်..။

“ငါ့မြေးဆက်မထိုးနဲ့ ဟိုတယောက်က နင့်ထက်အကောင်ကြီးတယ် နင်ပဲ နာမှာ”
“ဟဲ့ကျော်စိန့်သား နင်ငါ့မြေးကို ထိုးရင် ငါနင့်အဖေနဲ့ သွားတိုင်မှာနော်”
ကျွန်တော်ရဲ့ပြိုင်ဘက်ကိုလည်း သူ့အဖေနာမည်တပ်ပြီး ခြိမ်းခြောက်လိုက်သေးတယ်..။

“ငါ့မြေးကိုအဖွားမုန့်ဘိုးပေးမယ် မထိုးနဲ့ပြန်ဆင်းခဲ့တော့” ဆိုပြီးကျုပ်ကိုချော့လိုက်
“ဒီပွဲဖျက်ပေးပါ ကျွန်မသဘောမတူဘူး” ဆိုပြီး အဖွားက ဒိုင်လုပ်တဲ့သူတွေကို ပြေးပြောလိုက်နဲ့ အဖွားခမျာ
ယောက်ယက်ခပ် နေတော့ ကျုပ်တောင်ကြည့်ရင်း သနားသွားမိတယ်..။
ဒိုင်တွေကလည်း ကျုပ်လိုပဲ ခံစားရလို့နဲ့တူပါရဲ့ကျုပ်တို့ အဆိုင်းကို ပွဲဖျက်ပေးလိုက်ရတော့တယ်...။

ပွဲဖျက်ပေမယ့် ကျုပ်က အဖွားပေးတဲ့ မုန့်ဘိုး ၅ ကျပ်ရလိုက်တော့ တွက်ခြေကိုက်သွားတယ်...။
ကျုပ်ပြိုင်ဘက် ဦးကျော်စိန် သားကတော့ ပွဲဖျက်လိုက်တဲ့အတွက် တပြားမှ မရလိုက်ဘူး...။
ကျုပ်လည်းရထားတဲ့ ၅ကျပ်နဲ့ ဘုရားပွဲပြီးတဲ့အထိ ပျော်ပျော်ကြီး ကဲ နေလိုက်တော့တယ်..။
အိမ်ပေါ်ပြန်တက်တော့ အရိုက်ခံရပေမယ့် အပြင်မှာ အကြာကြီးနေလိုက်ရလို့ ကျုပ်ကတော့ ကျေနပ်တယ်..။

...............................................................................................................................................။

ခင်များတို့ကတော့ ကျုပ်ကို လက်ဝှေ့မထိုးဖြစ်လိုက်လို့ သတ္တိမရှိဘူး ထင်ကြမှာပဲ...။
အမှန်အတိုင်း ၀န်ခံရရင် ကျုပ်မှာ “ဇွဲ” ရှိပေမယ့် “သတ္ထိ” မရှိဘူး...။ “သတ္တိ” မရှိပုံကလည်း ဒီလိုဗျ...။

အရင်တနှစ်က ရွာဘုရားပွဲ လုပ်တော့ ကျုပ်က ဘုရားပွဲ သွားလည်ဘို့ အဘိုးကို ခွင့်တောင်းတယ် ..။
အဘိုးက ကျုပ်ကို သွားချင်ရင် သူခိုင်းတာ လုပ်ရမယ်တဲ့လေ..။ဒါနဲ့ကျုပ်က ဘာလုပ်ရမှာလဲ မေးတော့
အဘိုးက ကျုပ်ကို ပုဆိုးလှန်ပြတယ်..။ကြည့်ပြီးကျုပ်လန့်သွားတယ်..မဟုတ်တာမတွေးကြနဲ့ဗျ..။

အမှန်က အဘိုးရဲ့ပေါင်မှာ ထိုးထားတဲ့ ထိုးကွင်းမင်ကြောင် တွေကို ပြတာဗျ..။ပေါင်လယ်လောက်ကနေ စပြီး
ခါးလောက်အထိ ထိုးကွင်းတွေထိုးထားတဲ့အပြင် တင်ပါးမှာပါ ထိုးထားတာလေ..။
ရှေးလူကြီးတွေရဲ့ထုံးစံအတိုင်းပေါ့ဗျာ..။ကျုပ်ကိုလည်း အများကြီးမထိုးရင်တောင်မှ နဲနဲလောက်တော့
ဆေးမင်ကြောင် ထိုးစေချင်တယ်တဲ့လေ..။

အဘိုးက ကျုပ်ကို လက်မောင်းမှာ ဟင်္သာရုပ် တစ်ရုပ်ထိုးခဲ့မယ်ဆို ဘုရားပွဲ သွားခွင့်ပြုမယ်ဆိုပြီး
အပေးအယူလုပ်တယ်..။ကျုပ်ကိုယောကျာင်္းပီသစေချင်မှန်းသိလို့ ကျုပ်ကလည်း ဟင်္သာရုပ်ထိုးခဲ့မယ်လို့
ကတိပေးလိုက်တယ်...။ဟင်္သာရုပ်တရုပ်ထိုးရင် စုတ်ထိုးခက တစ်ကျပ် ပေးရတယ်..။
အဲဒါနဲ့ အဘိုးက ကျုပ်ကို မုန့်ဘိုးရယ် ဆေးမင်ထိုးဘို့ တကျပ်ရယ် ပေးလိုက်တယ်..။

ဘုရားပွဲဈေးတန်းရောက်တော့ ကျုပ်က စုတ်ထိုးဘို့မေ့ပြီး သူငယ်ချင်းတွေနဲ့ မုန့်တွေလျှောက်စားတယ်...။
လမ်းဘေးက မြွေ ကျား ကြက် ၀က် ဆိုတဲ့ လောင်းကစားမှာလည်း နဲနဲဝင်ထိုးလိုက်သေးတယ်..။
ခဏနေတော့ ပါလာတဲ့ငွေလေး ကုန်လုနီးနီးဖြစ်မှပဲ အဘိုးထိုးခိုင်းတဲ့ ဆေးမင်ထိုးဘို့ သတိရမိတယ်..။

အဲဒါနဲ့ပဲ အရှုံးနဲ့ ရပ်လိုက်ပြီး စုတ်ထိုးတဲ့ ဆိုင်ကိုသွားတာပေါ့..။သွားသာသွားရတာ ကျုပ်လက်ထဲမှာကလည်း
၁၅ ပြားပဲ ကျန်တော့တယ်..။ဆိုင်ရောက်တော့ ၁၅ ပြားနဲ့ စုတ်ထိုးလို့ရတာ ဘာစာလုံးမှမရှိဘူး...။
ဈေးအနည်းဆုံးက “ဇွဲ” နဲ့ “သတ္တိ” နှစ်လုံးပေါင်း ထိုးရင်တောင် ၂၅ ပြားတဲ့လေ..။
ကျုပ်လည်း ကြံရာမရတာနဲ့ပဲ လက်ထဲကျန်တဲ့ ၁၅ ပြားပေးပြီး “ ဇွဲ ” တလုံးထဲ ထိုးပြီးပြန်လာခဲ့တော့တယ်..။

အိမ်ရောက်တော့ အဘိုးက ကျုပ်ထိုးထားတဲ့ “ဇွဲ ” စာလုံးကိုမြင်တော့ ရယ်တယ်...။
ကျုပ်တော့ အဗျင်း ခံရတော့မယ်ဆိုတာ သိလိုက်ပြီ..။
အဘိုးက သူရိုက်ခါနီးတိုင်း ရယ်သံတမျိုးနဲ့ ရယ်တတ်တယ်..။အခုလည်း အဲဒီလို ရယ်နေပြီလေ...။
မကြာပါဘူး ကျုပ်လဲ အလွဲသုံးစား လုပ်မှုနဲ့ အရိုက်ခံရတာပါပဲ...။

အဲဒါကြောင့် ကျုပ်မှာ “ ဇွဲ ” ရှိပြီး “သတ္တိ” မရှိဘူးလို့ ပြောတာပေါ့ဗျာ...။
ကျုပ်ရဲ့ညာဘက်လက်ခုံပေါ်မှာ “ ဇွဲ ” စာလုံး အခုထိရှိပါသေးတယ်..။ ဒါပေမယ့် “သတ္တိ” တော့ မရှိပါဘူး...။

အဲဒီတော့ ၀ိုင်းထဲဝင်ပြီးမှ လက်ဝှေ့မထိုးဖြစ်ပဲ ပြန်ထွက်လာတာကို သတ္တိမရှိဘူးလို့ ပြောချင်လည်း ပြောကြပေါ့ဗျာ
ကျုပ်မှာတကယ်ကို “သတ္တိ” မရှိတာကိုး....ဘာကြောင့်ဆိုတော့ အဲဒီတုန်းက လက်ထဲမှာ ၁၅ ပြားပဲ ကျန်ခဲ့လို့လေ..။


(ညောင်ရမ်းရဲ့ငယ်ဘ၀ပါ)

မုန့်အလကားစားနည်း

17 June 2009

36 comments
ကျုပ်ဘ၀မှာ ထူးထူးဆန်းဆန်းကြုံတွေ့ခဲ့ရတာတွေ အများကြီးရှိခဲ့သလို မှတ်မှတ်ထင်ထင် ရှိတဲ့ အဖြစ်အပျက်တွေလည်း အများကြီးပါပဲ။ အဲဒီထဲက အခုပြောပြချင်တာ မုန့်အလကားစားနည်းပါ။ ကျုပ်ဘဝမှာ မုန့်အလကားစားခဲ့ရတဲ့ ဂွင် တစ်ခု ကြုံခဲ့ရတယ်။ စားရတာမှ ခဏလေး မဟုတ်ဘူးနော်။ နှစ် နှစ်လောက်အထိကို အလကားစားရတာ။ အော် .. စေတနာရှိလို့ ကျွေးတာမဟုတ်ပါဘူးဗျာ။ ခွင်( ဂွင်) လို့ပဲ ဆိုဆို အညှာကိုင်မိတယ်လို့ပဲ ပြောပြော တဘက်သား လွန်ဆန်မရတဲ့ အချက်တစ်ခုကို အပိုင်ကိုင်ထားလို့ ဒီလို စားခဲ့ရတာ။ အဖြစ်က ဒီလို...

ကျုပ်မှာ အစ်မတစ်ယောက်ရှိတယ်။ အစ်မနဲ့ကျုပ်က အသက် ၂ နှစ်လောက်ပဲကွာတာဗျ။ ကျုပ်အသက် ၁၃ နှစ်လောက်ရှိတော့ အစ်မနဲ့ အရပ်အမောင်းချင်း ရွယ်တူတန်းတူ ဖြစ်လာတယ်။ ဒီတော့ ကျုပ်အစ်မရဲ့ သူငယ်ချင်းတွေနဲ့ လည်း ရွယ်တူဖြစ်လာတာပေါ့။

အစ်မရဲ့သူငယ်ချင်းတွေထဲမှာ ဟိန္ဒူဘာသာဝင်ကောင်မလေး တယောက်ရှိတယ်ခင်ဗျ။ သူတို့မိသားစုက ကျုပ်တို့ အိမ်ရှေ့မှာ လေးတိုင်စင်တဲလေးထိုးပြီး တိုရှည်ဆိုင်လေးဖွင့်တယ်။ တိုရှည်ရောင်းတာက ကျုပ်အစ်မရဲ့ သူငယ်ချင်း အဲဒီကောင်မလေးပေါ့။ ကျုပ်ထက် နှစ် နှစ်လောက်ကြီးပေမယ့် ကျုပ်ကတောင် အရွယ်ပိုကြီး ပါသေးတယ်။ ဒါပေမယ့် ကျုပ်က ဗလ အားကိုးနဲ့ မုန့်အလကားစားခဲ့တာ မဟုတ်ပါဘူး။

စေတနာရှိလို့ ကျွေးတာမျိုးလည်း မဟုတ်သလို သူနဲ့ရည်းစားဖြစ်လို့လဲ မဟုတ်ဘူးဗျ။ ဘာကြောင့်ဆိုတာ ပြောပါ့မယ်ဗျာ။ ပြောချင်လို့လည်း ဒီလိုနိဒါန်းတွေ ချီနေရတာပေါ့။
အဓိက က ခွင်(ဂွင်)ကောင်းကောင်း မိဘို့လိုတဲ့အကြောင်းပြောချင်တာပါ။

အဲဒီခွင်ကြောင့် ကျုပ် နှစ်နှစ်လောက် တိုရှည် အလကားစားခဲ့ရတယ်။

မနက်မိုးလင်းလို့ ကျုပ်ကိုတွေ့တာနဲ့ အဲဒီကောင်မလေးက ဘာမှ မပြောဘူး။ တန်းပြီး တိုရှည်တခု လုပ်ပေးရတယ်။ မပေးလို့လည်း မရဘူးလေ။ ကျုပ်မှာ သူ့ကြောက်တဲ့ လျှို့ဝှက်ချက်တခု ရှိတာကိုး။ အမှန်တော့ အနိင်ကျင့်တာဗျ။ ဒါလည်း အသက်ကြီးမှပဲ သိတာပါ။ တော်သေးတာက တိုရှည်တခုက ဘယ်လောက်မှ တန်ဖိုးမရှိတော့ သူ့အတွက် သိပ်တော့မထိ ခိုက်ပါဘူးလေ။

ကျုပ်ရဲ့ခွင်ကို သိချင်ကြမှာပဲ။ ပြောပါ့မယ်ဗျာ...အဖြစ်ကဒီလိုပါ။

မနက်ဆိုရင်စောစော မနိုးတတ်တဲ့ ကျုပ်ကို နတ်ကောင်းနတ်မြတ်တွေက မ ချင်လို့လားမသိဘူး။ တနေ့တော့ ကျုပ်အစောကြီးနိုးလာတယ်။ အဲဒါနဲ့ ဘာရယ်မဟုတ်ဘဲ ခြံရှေ့ကိုထွက်လာဖြစ်တယ်။ စောသေးတော့ တိုရှည်တဲမှာ ဝယ်သူမရှိဘူး။ ကောင်မလေးတောင်  မီးဖိုကာစပဲ ရှိသေးတယ်။

တိုရှည်တဲနားကို ကျုပ်ရောက်တဲ့အချိန် သူက တိုရှည်ဒယ်အိုးကို အ၀တ်တခုနဲ့ ပွတ်နေတယ်။ ကျုပ်အနားရောက်နေတာ သူမသိဘူး။ ကျုပ်က သူလုပ်တာကို ဘာရယ်မဟုတ် ကြည့်နေရင်း သူဒယ်အိုးပွတ်တဲ့ အ၀တ်ကို ကြည့်မိတော့ တခုခုနဲ့ တူတယ်လို့ ထင်မိတယ်။

သူ့အနားကို တိတ်တိတ်လေးကပ်သွားပြီး ကြည့်တော့ ကျုပ်ထင်တာသေချာသလောက်ဖြစ်နေတယ်။ အဲဒါနဲ့ သူသုတ်နေတဲ့ အ၀တ်စကို ဖျတ်ခနဲ ဆွဲယူပြီးကြည့်လိုက်တော့  သူသုတ်နေတဲ့ အ၀တ်စက အမျိုးသမီး အတွင်းဝတ် ဘော်လီ ဖြစ်နေတာကိုး။ အဲဒီအဝတ်လို့ ထင်ထားပေမယ့် လက်ထဲပါလာတာဆိုတော့ ကျုပ်တောင်လန့်သွားသေးတယ်။

“နင် ဒယ်အိုးကို ဒီအ၀တ်နဲ့ သုတ်နေတယ် ဟုတ်လား”

ကျုပ်က အဲဒီအဝတ်ကို ပြန်မပေးဘဲ မေးတော့ သူဘာမှ ပြန်မပြောဘူး။ မျက်စိမျက်နာပျက်လို့။ 
 
“ အေး ငါ သူများတွေကို လျှောက်ပြောမယ်” 

ဆိုတော့မှ စီးပွါးပျက်မှာ စိုးလို့နဲ့တူပါရဲ့ပြာပြာသလဲ တောင်းပန်ရှာတယ်။ လျှောက်မပြောပါနဲ့တဲ့ သူဒီနေ့မှ အ၀တ်စုတ်ချင်း မှားပြီးယူလာမိတာပါ။ ခဏနေလို့ သူ့အမေလာမှ သွားပြန်လဲမလို့ပါ ဆိုပြီးရှင်းပြတယ်။ သူပြောတာဟုတ်မဟုတ် မသိပေမယ့် ဘော်လီကတော့ အစုတ်ကြီးဆိုတာတော့ အမှန်ပဲဗျ။

အဲဒါနဲ့ ကျုပ်က “အေး.. မပြောစေချင်ရင် ငါ့ကို နေ့တိုင်း တိုရှည်ကျွေးရမယ် ဆိုပြီးညှိတော့ သူက သဘောတူတယ်။ အဲဒီနေ့ကစပြီး ကျုပ်အတွက်တော့ အေးရာအေးကြောင်း စားရိတ်ငြိမ်း ဖြစ်သွားတယ်။ ကျုပ်ကိုမြင်တာနဲ့တိုရှည်ကျွေးရတော့တာပဲ။ သူက နေ့တိုင်း တိုရှည်ကျွေးပေမယ့် ကျုပ်က သူ့ဆီသွားတဲ့ ပုံကို ပြောပြချင်သေးတယ်။

မနက်မိုးလင်းရင် ကျုပ်က တိုရှည်တဲကိုသွားတယ်။ သွားပုံက ရိုးရိုးတန်းတန်း သွားတာမဟုတ်ဘူး။ ဟိုအရင်က မြန်မာဇာတ်ကားတွေ ကြည့်ဖူးကြတယ် မဟုတ်လား။ အဲဒီထဲက ဇာတ်ဝင်ခန်း ပုံစံမျိုး သွားတာ။
အိမ်မှာဘယ်သူမှ မရှိချိန် ဦးကျောက်လုံးက အိမ်ဖော်မလေး အခန်းထဲ ၀င်သွားတဲ့ ပုံစံမျိုးလေ။ ပုံစံက ဒီလိုလေး။ ခြေထောက်ကို အမြင့်ကြီးမပြီးမှ  တချက်ချင်း ချလှမ်းတဲ့ ၀ံ့ဝံ့ကြွားကြွား ပုံစံမျိုးနဲ့ တိုရှည်တဲကို သွားတာလေ။ ပါးစပ်ကလည်း ပြောလိုက်သေးတယ်။ 

 “ဟေ့...ကောင်မလေး ငါလာပြီနော်” ဆိုပြီး အသံကို လေးလေးပင်ပင် ပီပီသသကြီး ပြောတာ။
  ကြွက်ကို ကြောင်က ခြောက်တဲ့ ပုံစံမျိုးနဲ့ ဆင်တူမယ်ထင်ပါရဲ့။

ကုလားမလေးတော့မသိဘူး။ ကျုပ်တော့ အဲဒီပုံစံ အခုပြန်တွေးရင် ကျုပ်ကိုကျုပ်တောင် အမြင် ကပ်မိတယ်။ ကလေးဘ၀လည်းဖြစ်ပြန် နိင်ကွက်ကလဲ ရှိထားတော့ အမြင်ကပ်လည်း ဂရုမစိုက်ဘူးဆိုတဲ့ သဘောနဲ့တူပါရဲ့ဗျာ။ ကုလားမလေးခမျာ ဘာမှပြန်မပြောရဲဘူး။ တိုရှည်တခုလုပ်ပြီး ကျုပ်ကို ပေးရတာပဲ။

ဒီကြားထဲ ကျုပ်က သူမေ့သွားမှာ စိုးလို့ ဘော်လီအဝတ်စုတ်ကိစ္စကို ခဏခဏ အစဖော်ပြီး ချိန်းခြောက်ရသေးတယ်။အဲဒီလိုနဲ့ ကျုပ်နှစ်နှစ်လောက် တိုရှည်အလကား စားခဲ့ရတာပေါ့ဗျာ။ 




ပိုင်လှချည်လား ညောင်ရမ်းရယ်လို့ မိတ်ဆွေတို့ အားကျရင်တော့ ကျုပ်လုပ်သလို ဆိုင်တဆိုင်ရှေ့ကို စောစောစီးစီးသွားပြီး ၀ီရိယရှိရှိ သွားစောင့်ကြည့်ကြဗျာ။ စောစောထတဲ့ငှက် အစာပိုရတတ်တယ် မဟုတ်လား။
အဲ...မသင်္ကာလို့ ရဲခေါ်ရင်တော့ ကျုပ်နဲ့မဆိုင်ဘူးနော်..။


။....................................................................။



ရေငုပ်သင်တန်း

28 May 2009

28 comments
ကျုပ်အကြောင်းလေးတွေ ပြောပြတဲ့အခါမှ ချန်ထားခဲ့လို့ မရတဲ့ အကြောင်းအရာတွေ ရှိပါတယ်။ အဲဒီထဲကမှ ကျုပ်ရေငုပ်တတ်ခဲ့ပုံလေးကို ဒီတခါတော့ ပြောပြချင်ပါတယ်။ စာဖတ်သူတွေထဲမှာ ရေထဲမှာ အချိန်ကြာကြာ မငုပ်နိင်တဲ့သူတွေ ပါလာခဲ့ရင် ကျုပ်ရဲ့ နည်းနာလေးအတိုင်း လေ့ကျင့်လိုက်ရင် အချိန်အကြာဆုံး ရေငုပ်တတ် သွားနိင်မယ်ဆိုတော့ ကျုပ်အနေနဲ့ ပြန်ပြောပြရကျိုး နပ်ပါတယ်လေ။

တခုသတိပြုဖို့ကတော့ ကျုပ်သင်ပေးမယ့် ရေငုပ်သင်တန်းကို တက်မယ့်သူတွေ အနေနဲ့ ကျုပ်က ကျုပ် အဘိုးရဲ့ နည်းနာနိဿရ အတိုင်း တတ်အောင်ပါသင်ပေးပါ့မယ်..။ ကျုပ်ရေကူး တတ်ပုံမှာ ရာဇ၀င်ရှိသလို ရေငုပ်တတ်ပုံကလည်း ဆန်းဆန်းကျယ်ကျယ်ပါပဲ။ ကျုပ်ငယ်ငယ် တုန်းက အင်မတန် အကစားမက် တာလို့ ပြောခဲ့ပြီးပြီနော်..။တဦးထဲသော မြေး ယောကျာင်္လေး ဖြစ်လို့လားတော့မသိဘူး အဘိုးက တခြားကလေးတွေနဲ့ ထွက်ဆော့တာ နဲနဲ မှမကြိုက်လှဘူး...။

ကျုပ်ကလည်း လုပ်ချင်ရင် တားမရတဲ့သူ ဆိုတော့ မရရအောင်ထွက်ဆော့တာပဲ။ ကျုပ်ကို အိမ်မှာမတွေ့ရင် အဘိုးကလိုက်ရှာ တယ်..။ အပြင် မှာကစားနေတာ တွေ့ရင်တော့ မသက်သာဘူးပေါ့ ။ ဆော်ပလော် တီးခံရတာ ကလည်း ခဏခဏ ပါပဲ...။ အဘိုးရဲ့ ဆော်ပလော်တီးမှုကြောင်းပဲ ကျုပ်လည်းရေငုပ်တတ်သွားတယ်။

ကျုပ်တို့နေတဲ့ ရွာမှာ စမ်းချောင်းရှိတယ်ဗျ..။ ကျုပ်က အဲဒီစမ်းချောင်းမှာ သူငယ်ချင်းတွေနဲ့ ရေကူးရတာ အင်မတန် ပျော်တာပဲ။ အဘိုးကလည်း အဲဒီ စမ်းချောင်းမှာ ရေကူးတာ နည်းနည်းလေးမှကို မကြိုက်ဘူး။ ကျုပ်အိမ်မှာ မရှိရင် လိုက်ရှာတဲ့ အထဲမှာ အဲဒီစမ်းချောင်းလဲ ပါတယ်။ ကျုပ်မှာရေသာ ကူးနေရတယ် ဘယ်အချိန် အဘိုးများရောက်လာမလား ကြည့်ပြီးကစားရတယ်။ ဒီတော့ကစားရတာ စိတ်ကနည်းနည်းလေးမှ မဖြောင့်လှဘူး။

အဘိုးက သူသွားလေရာ လွယ်အိတ်တလုံးထဲ လေးဂွ နဲ့ လေးသီးတွေထည့်သွားလေ့ရှိတယ်။ လေးသီးဆိုတာက အောက်ဘက်က အခေါ်ဆိုရင် လောက်စာလုံး ဆိုပါတော့ဗျာ။ ကျုပ်ရေကူးနေတာများ အဘိုးက တွေ့လို့ကတော့ အကြောင်းတောင် မကြားဘူး လေးသီးနဲ့ တန်းပြီးပစ်တာ အားမထည့် ပေမယ့် ထိလိုက်ရင်လည်း မသက်သာဘူး။
ကစားနေတုန်း အဘိုး ရောက်လာပြီဆိုရင် ကျုပ်မှာ ပြေးစရာ မြေမရှိတော့ဘူး။ ဘာကြောင့်ဆိုတော့ ကျုပ်က
ရေထဲရောက်နေတာကိုးဗျ..။ အဲဒီတော့ ရေထဲမှာပဲ ရသလို ရှောင်ပုန်းရတာပေါ့..။ အဘိုးက လေးသီးနဲ့ လှမ်းပစ်ရင် ကျုပ်ကရေထဲကို ငုပ်ပြီး အသဲအသန် ရှောင်ရတယ်..။ ရေထဲမှာ ကြာကြာနေနိင်အောင် ရေမငုပ်ခင် လေ ကို တချက်ရှိုက်ပြီး ဆတ်ခနဲ ငုပ်ရတယ်..။ ရေငုပ်ရင်း ရေကူးသွားပြီး တခြားနေရာမှာ ဘွားခနဲ ပေါ်ပြီး အသက်ကို နောက်တကြိမ် အတွက် အလုအယက် ရှုရပြန်တယ်။

အဘိုးကလေးသီးနဲ့ပစ် ကျုပ်ကကြောက်ကြောက်နဲ့ ရေငုပ်ရှောင်ရင်း တဖြေးဖြေး ကျုပ်ရေငုပ်နိင်ပုံများ
ရွယ်တူတန်းတူ ကလေးချင်း ရေငုပ်ပြိုင်လို့ကတော့ ကျုပ်က အချိန်ပိုတောင် အကျောပေးပြီး ပြိုင်နိင်တဲ့
အဆင့်ထိတောင် ရောက်သွားတော့တယ်။ကျုပ်ကျွမ်းကျွမ်း ကျင်ကျင် ရေငုပ်နိင် ရေကူးနိင်မှန်း လဲသိရော အဘိုးလည်း လက်လျှော့သွားတော့တယ်..။ကျုပ်ကို အချိန်အခါ နဲ့ ရေကူးဘို့ ဈေးညှိတော့တာပဲ..။

အဘိုးဆုံးတော့ အဘိုးကိုင်ခဲ့တဲ့ လေးဂွ လေး ကျုပ် အမှတ်တရ သိမ်းထားတာ ခုထိရှိပါသေးရဲ့ဗျာ..။ အဲဒီလေးဂွလေး မြင်နေတိုင်း သူများတွေကိုလည်း ရေငုပ် သင်ပေးချင်စိတ် ဖြစ်မိပါရဲ့။ ဒါနဲ့ စာလာဖတ်သူတွေကို ရေငုပ်တတ်အောင် သင်ပေးမယ်လို့ တွေးလိုက်မိတယ်။ရေငုပ်သင်ချင်တဲ့ သူများကို ကျုပ်လို ကျွမ်းကျွမ်း ကျင်ကျင် ဖြစ်သွားတဲ့ အထိ အဘိုးရဲ့ နည်းနဲ့ သင်ပေးပါ့မယ်..။ အမြန်ဆုံးတတ်ဖို့တော့ ကျုပ်တာဝန် ယူပါတယ်လေ။

နွေရာသီ..ရေကူးသင်တန်း

18 May 2009

41 comments
ကျုပ်အကြောင်းလေးတွေ ပြန်ပြောမယ် စိတ်ကူးတော့ ခေါင်းထဲရောက်လာတဲ့ အကြောင်းက ကျုပ်ရေကူးတတ်ခဲ့တဲ့ အကြောင်းလေးပါပဲ။ပြောရရင် ကျုပ်ရေကူးတတ်ပုံကလည်း ရာဇ၀င်ရှိတယ်ပေါ့။
ကျုပ်ရေကူးတတ်သလို ပုံစံမျိုးနဲ့ ဘယ်သူမှ ကူးတတ်လာမယ် မထင်ဘူး။ အဲဒီတုန်းက ကျုပ်အသက်က ၈ နှစ် ၉နှစ် လောက်ရှိနေပြီ...။ ဝန်ခံရရင် ကျုပ်ငယ်ငယ်က အင်မတန်ခေါင်းမာ တာဗျ..။

ရွာမှာ အဒေါ်ဝမ်းကွဲ တစ်ယောက်က မုန့်ရောင်းတယ်။ သူ့ဆီမှာက ပိုက်ဆံနဲ့ မ၀ယ်ဘဲ ဆန်နဲ့ လဲစားလို့ရတော့ ကျုပ်က မနက်မိုးလင်းရင် ဆန်နို့ဆီဘူး တစ်လုံးလောက်ကို အိမ်က ဘယ်သူမှ မသိအောင် အင်္ကျီထဲ ဖွက်ပြီး ခိုးရတယ်။ ညနေရောက်ရင် မုန့်နဲ့သွားလဲစားတယ်...။ လဲလို့ရတဲ့မုန့်ကို ကျုပ်နဲ့ ကျုပ်သူငယ်ချင်းက အတူတူ စားကြတယ်ပေါ့။

ကျုပ်တို့ ခြံထဲမှာ ပျဉ်းမပင်ကြီးကို လူကြီးခါးတ၀က်လောက် အမြင့်မှာ ခုတ်ထားတယ်..။ မြင်အောင်ပြောရရင် ပျဉ်းမငုတ်တို ဆိုပါတော့ဗျာ..။ ကျုပ်က ခိုးလာတဲ့ ဆန်နို့ဆီဘူး တလုံးစာကို ခွက်တခုထဲ ထည့်ပြီး အဲဒီပျဉ်းမငုတ်တိုပေါ် ကချိုင့်ခွက်ထဲမှာ ထည့်ထားလေ့ရှိတယ်။ ညနေရောက်ရင် အဲဒီဆန်ကိုယူပြီး အဒေါ်ရဲ့ မုန့်ဆိုင်ကို ပြေးရတာ ကျုပ်ရဲ့နေ့စဉ်အလုပ်ပဲ...။

ကျုပ်ကသာ ကိုယ့်ကိုကိုယ် လုံလှပြီထင်ပြီး အေးအေးဆေးဆေး ခိုးနေတာ ကျုပ်အမေက စောင့်ကြည့်နေတာ
ကျုပ်က သတိမထားမိဘူး။ တနေ့တော့ ကျုပ်ဆန်ခိုးပြီး ပျဉ်းမငုတ်တိုဆီ ထားမလို့ အသွားမှာ ခိုးထုပ်ခိုးထည်နဲ့ လက်ပူးလက်ကြပ်ကို အမေကဖမ်းမိသွားတယ်။ အိမ်မှာလည်းဒီလောက်ကြွေးနေတာ ဒီလိုလုပ်ရပါ့မလားဆိုပြီး အမေကစိတ်ဆိုးဆိုးနဲ့ ကျုပ်ကို အပြစ်ပေးတယ်။ သူ အပြစ်ပေးပုံက သူများနဲ့မတူဘူး...။ သူအပြစ်ပေးပုံကဒီလို။ ကျုပ်တို့ခြံထဲမှာ ရေကန်ကြီးတကန်ရှိတယ်...။ အဲဒီတော့ ကန်ထဲမှာ ငါးတွေလည်းရှိတာပေါ့..။

ကျုပ်တို့က ပျင်းရင် အဲဒီကန်ထဲ အုန်းသီးတွေ ကြိုးချည်ပြီး ပစ်ချထားလေ့ရှိတယ် ။ ကန်ထဲကငါးတွေက အဲဒီ အုန်းသီး အထဲကို ၀င်စားတတ်တယ်။ အုန်းသီး ကိုကြိုးလေးနဲ့ဖြေးဖြေးချင်း ဆွဲတင်ရင်အဲဒီအုန်းသီးထဲမှာ ငါးတွေ တခါတလေ ပုဇွန်တွေ ပါလာတတ်တယ်။ ရလာရင်တော့ မီးဖုတ်စားတာပဲ။ ဒါကကြုံတုန်းပြောပြတာ..။ ကျုပ်အမေက အပြစ်ပေးတော့ အဲဒီကန်ထဲကို ကျုပ်ကို ပစ်ချတာလေ..။ရိုးရိုးပစ်ချတာမဟုတ်ဘူး...။ ခြေထောက်ကို ကြိုးနဲ့ချည်ပြီး ပစ်ချတာဗျ..။အုန်းသီးကို ကြိုနဲ့ချည်ပြီး ပစ်ချသလို တပုံစံထဲပဲ...။ ဝဋ်လည်တယ် လို့ပြောရင်လည်း ရမှာပေါ့

ဒါပေမယ့် ကျုပ်ရေနစ်သွားမှာလည်း စိုးရိမ်တော့ ကျုပ်ခြေထောက်တချောင်းကို ကြိုးနဲ့ချည်ပြီး ကမ်းစပ်ကနေ
အမေက ကျုပ်ကို နောက်လုပ်အုံးမလား မေးလိုက် တုတ်နဲ့ နဲနဲ ထိုးလိုက်နဲ့ လုပ်နေတာလေ..။ တုတ်နဲ့ထိုးတာက ကမ်းစပ်ကို ပြန်ရောက်မလာအောင်လို့ လုပ်တာ...။ နှစ်သွားမှာလည်း ကြောက်တော့ တုတ်နဲ့ထိုးလိုက် ပြန်ဆွဲလိုက်နဲ့ ကျုပ်ကြောက်မလားလို့ ခြောက်တာပေါ့ဗျာ..။ ကျုပ်လား...ကလေးပဲဗျာ ရေထဲရောက် တော့ကြောက်တာပေါ့..။ ဒါပေမယ့် ကုန်းပေါ်ပြန်ရောက်ရင် တရက်လောက်ပဲ ငြိမ်တယ် နောက်နေ့ ဆန်ပြန်ခိုးပြီးမုန့်နဲ့သွားလဲတာပဲ...။ အမေက ထပ်မိ ရေထဲထပ်ပစ်ချနဲ့ ကျုပ်ယက်ကန်ယက်ကန် နဲ့ ရေထဲမှာ အဆင်ပြေအောင်နေတတ်လာတယ်...။

အဲဒါနဲ့ အမေက ပြစ်ဒဏ် ထပ်တိုးတဲ့ အနေနဲ့ အရင်က ခြေထောက်တချောင်းထဲ ကြိုးချည်ပြီး ပစ်ချရာကနေ ခြေထောက်နှစ်ချောင်းကိုပူး ကြိုးနဲ့ချည်ပြီး ပစ်ချပြန်တယ်..။ ကျုပ်က လက်လေးနှစ်ဘက်နဲ့ ယက်ကန်ယက်ကန် လုပ်ပြီး ကိုယ်ဖော့ရတော့တယ်...။အဲဒီလိုနဲ့ ကျုပ်လည်း ကိုယ်ဖော့တတ်လာတယ် ဆိုရမယ်..။ ကိုယ်ဖော့တတ် လာတော့ ကျုပ်ကခြေထောက်နှစ်ချောင်း ပူးချည်ခံထားရပေမယ့် လက်နှစ်ဘက်အားပြုပြီး ရေကူးတတ် သွားတော့တယ်။ မြင်အောင်ပြောရရင် ရေသူမ ပုံစံမျိုးပေါ့ဗျာ..။ ဒါပေမယ့် ကူးရတာ ရေသူမတွေ လိုတော့ အဆင်ပြေလှတယ် မဟုတ်ဘူးပေါ့...။

ကြာလာတော့ ကျုပ်ကိုကျုပ် ရေကူးသင်တန်းတက်နေတယ် သဘောမျိုးထင်လာတယ်..။ နည်းစနစ် သိပ်မကျတာ ကလွဲရင် အမေက ကျုပ်ရဲ့ ရေကူးနည်းပြပေါ့။ အဲဒီတော့ ရေထဲပစ်ချခံရတာ ကျုပ် သိပ်မကြောက် တော့ဘူး။ ကုန်းပေါ်ပြန်ရောက်ရင် အရင်လို ဆန်နဲ့မုန့် လဲစားတဲ့ အလုပ်တွေ ပြန်လုပ်တာပဲ။ မုန့်ကိုကြိုက်လွန်းလို့ မဟုတ်ဘူးဗျ..။ ကျုပ်က အမေမသိအောင် ခိုးပြမယ်ဆိုတဲ့ မခံချင်စိတ်ရယ် ကျုပ်သူငယ်ချင်းကို စားစေချင် စိတ်ရယ် ကြောင့်ပဲ...။

အဲဒီလိုနဲ့ ဆန်ခိုးလိုက် ရေထဲပစ်ချခံလိုက်နဲ့ နောက်ဆုံးအခေါက် ခိုးပြီးထဲက ကျုပ်လည်း အဲဒီအလုပ်ကို စွန့်လွှတ် လိုက်ရတယ်..။ မစွန့်လွှတ်လို့လည်း မရတော့ဘူး။ အမေက ကျုပ်ကို နောက်ဆုံးအခေါက် ရေထဲပစ်ချတော့ ခြေထောက်နှစ်ဘက်ရော လက်နှက်ဘက်ပါကြိုးနဲ့ချည်ပြီး ပစ်ချတာဗျ။ ဒီလိုမျိုးဆိုတော့ ကျုပ်လည်း ဘယ်လိုမှ လုပ်လို့မရတော့ဘူး တကိုယ်လုံးကြိုးချည်ပြီး ပစ်ချတဲ့ အဆင့်ဆိုတော့ ကျုပ်လည်းရေထဲမြုပ်တာပဲ...။ ကျုပ်မှ မဟုတ်ပါဘူး အိုလံပစ်ပွဲမှာ အောင်ပန်းဆွတ်ခူးသွားတဲ့ ရေကူးချန်ပီယံ မိုက်ကယ်ဖေးလ် ဆိုလဲ တတ်နိင်မှာ မဟုတ်ဘူးလေ။

အဲဒီတော့မှ အကြောက်ကြီးကြောက်ပြီး ဆန်နဲ့မုန့်လဲစားတဲ့ မဟာလုပ်ငန်းကြီးကို စွန့်လွှတ်လိုက်ရတော့တယ်..။
ဒီတခါ အမေ့နည်းစနစ်က တော်တော်ပြင်းထန်တာကိုး...။ တခါတလေတော့လည်း တွေးမိတယ်။ တကယ်လို့ အဲဒီ့အဆင့်သာ ကျော်နိင်ရင် အမေကျုပ်ကို အရှုံးပေးရတော့မှာ သေချာတယ်။ အဲဒီထက်ကြောက်အောင် လုပ်ဘို့ဆိုတာ လည်ပင်းကို ခဲလုံးချည်ပြီး ပစ်ချမှ ရတော့မယ်ထင်တယ်လေ..။ အဲဒီလောက်တော့ အမေ့အသဲ မမာနိင်မှန်း ကျုပ်သိတယ်....။ ပြောရရင် ကျုပ်က အင်မတန် ခေါင်းမာတာဗျ...။လုပ်ချင်ရင် ဘယ်သူတားတာ ရအောင်လုပ်တတ်တယ်...။ အခုလည်း ဘယ်လိုမှ မဖြစ်နိင်တော့လို့သာ အရှုံးပေးလိုက်ရတာ...။

ကျုပ်ရေကူးတတ်လာတာလေး ပြန်သတိရမိတော့ စာဖတ်သူတွေကိုလည်း ရေကူးသင်ပေးချင်စိတ် ဖြစ်မိတယ်။ တကယ်လို့များ သာသင် အမှန်တကယ် ရေကူးတတ်ချင်တဲ့ စိတ်ဆန္ဒရှိခဲ့ရင် ကျုပ်အမေရဲ့ နည်းစနစ်တွေ အတိုင်း ပြန်သင်ပေးနိင်ပါတယ်ဗျာ ကျုပ်အတွက် အပန်း မကြီးလှပါဘူး...)



(ညောင်ရမ်းရဲ့ ငယ်ဘ၀ပါ )

ညောင်ရမ်းရဲ့ ငယ်ဘ၀...(၁)

16 May 2009

20 comments
ကျုပ်အကြောင်းပြောရရင် ကျုပ်နေတာက မွန်ပြည်နယ် ပေါင်မြို့လို့ခေါ်တဲ့မြို့ဗျ...။
ဆံတော်ရှင် ကျိုက်ထီးရိုး ဘုရားဖူးသွားတဲ့ လမ်းပေါ်ကမြို့ပေါ့...။
ကျုပ်နေတဲ့ရပ်ကွက်နာမည်က ၄ ရပ်ကွက်တဲ့...ပြောတော့သာ ရပ်ကွက်ပေါ့ဗျာ..တကယ်တော့ ရွာပုံစံပါပဲ..။
လွန်ခဲ့တဲ့ အနှစ် ၄၀ နားနီးနီး ဆိုတော့ လည်းမဖွင့်ဖြိုးသေးဘူးပေါ့လေ..။
အဲဒီမှာ မွေးပြီး အဲဒီမှာပဲ ကြီးပြင်းခဲ့တယ်ဆိုပါတော့..။

ကျုပ်ငယ်ငယ်က အင်မတန် ကမြင်းသာကလား...။အဆော့လည်း အရမ်းသန်တယ်...။
မြေးတွေထဲမှာလည်း ကျုပ်က တစ်ဦးထဲသော မြေးယောကျာင်္းလေးဆိုတော့ အဘိုးအဘွားက အချစ်ပိုကြတယ်..။
ရွာမှာဆို ကျုပ်တို့ အဘိုးအဘွားက လူချမ်းသာ စာရင်းထဲမှာပါတယ်ဗျ...။ဘာကြောင့်လဲတော့ မသိဘူး သူတို့က
ကျုပ်ကို အပြင်ကို ပေးမထွက်ဘူး တခြားကလေးတွေနဲ့လည်း မပေါင်းရဘူးတဲ့လေ...

ကျုပ်ကတော့ ကလေးပဲဗျာ ဘာမှမတွေးဘူး စိတ်ထဲမှာ ကစားဘို့ပဲ ရှိတယ်..။အပြင်ကို ရအောင် လစ်ထွက်ပြီး
တခြားကလေးတွေနဲ့ သွားကစား ရင် အဘိုးက ကျုပ်ကို လိုက်ရှာတာပဲ...။ကျုပ်မှာ ကစားသာ ကစားရတယ် စိတ်က
တယ်မဖြောင့်လှဘူး ဘယ်အချိန်များ အဘိုးရောက်လာမလဲ လှည့်ကြည့်လှည့်ကြည့်နဲ့ ကစားရတာကိုးဗျ..။
အဘိုးကြောင့် ကျုပ်လည်း ရေငုပ်ကျွမ်းကျင်ခဲ့ရတာ..အဲဒါအကြောင်း နောက်နေ့မှ ပြောပြမယ်ဗျာ..။

ကျုပ်အမြဲတမ်း မှတ်မှတ်ရရ ရှိခဲ့တဲ့ ကလေးဘ၀ အဖြစ်အပျက်လေး အရင်ပြောမယ်...။

ကျုပ်ငယ်ငယ်က သူများနဲ့ မတူတဲ့ အကျင့်တခုရှိတယ်..။အဲဒါက လမ်းသွားရင် လက်တကမ်းက တွေ့သမျှ
အရွက်ခူးပြီး ပါးစပ်ထဲထည့် ၀ါးတတ်တဲ့ အကျင့်ပဲ....။
အဲဒီအကျင့်က မကောင်းမှန်းတော့သိတယ်ဗျ...ဒါပေမယ့် မပြင်နိင်ဘူး...။
ဘယ်ကနေဘယ်လို အဲဒီအကျင့် စွဲသွားမှန်းလည်း သတိမထားခဲ့မိပါဘူးဗျာ.။။

အဲဒီအကျင့် ဘယ်လောက်အထိ စွဲသွားလည်းဆို အိမ်ကဈေးဆိုင်လွှတ်ပြီး တခုခု သွားဝယ်ခိုင်းရင်
ကျုပ်က လမ်းတလျှောက် တွေ့သမျှအရွက် ခူးပြီး ၀ါးရင်းနဲ့သွားတာဗျ...။
ဝါးစရာမတွေ့ရင် အမေပေးလိုက်တဲ့ ပိုက်ဆံကို ၀ါးသွားတာ....
ဈေးဆိုင်လည်းရောက်ရော အမေပေးလိုက်တဲ့ ပိုက်ဆံလည်းဗိုက်ထဲရောက်ရောပဲ....။

ကျုပ်အမေကတော့ စိတ်ဆိုးတာပေါ့ဗျာ....စိတ်ဆိုးတော့ ကျုပ်ကို ရိုက်တာပဲ...။
မွေးတုန်းက မွေးပြီး ဒီလောက်ပိုက်ဆံလေးတော့ မနှမျောသင့်ဘူးလို့ ကျုပ်တော့ထင်တာပါပဲဗျာ..။
ကျုပ်ကတော့ အမေ ရိုက်လည်း ရိုက်ရိုက်ပဲဗျ....အဲဒီ့ အကျင့် တော်တော်နဲ့ မပျောက်ဘူး..။
အမေကတော့ စိတ်ဆိုးဆိုးနဲ့ နင်က ဆိတ်သေလို့ ၀င်စားတာတဲ့ ကျုပ်ကိုပြောဖူးတယ်..။
ဟုတ်မဟုတ်တော့ မသိဘူးဗျ...။

မှတ်မှတ်ရရ တခါကတော့ အရွက်အ၀ါးကောင်းလို့ ကျုပ်မီးပုံထဲရောက်ခဲ့ဖူးတယ်..။

ကျုပ်တို့က ဆောင်းတွင်းဆိုရင် ခြံထဲမှာ မီးလှုံတဲ့အလေ့ အထ ရှိတယ်..။
အဲဒီနေ့က ထုံးစံအတိုင်းကျုပ်တို့ ခြံထဲမှာ မနက်စောစော မီးလှုံ ကြတယ်။
အဖေကတော့ ပက်လက်ကုလားထိုင်လေးမှာ ထိုင်ရင်းမီးလှုံနေတယ်။
အမေကတော့ သစ်ရွက်စ အမှိုက်သရိုက်တွေ လှဲနေတယ်...။

ကျုပ်လည်း မီးလှုံရင်း ဘာရယ်မဟုတ်ဘူး ဘေးကတွေ့တဲ့ အရွက် ဆွဲပြီး ၀ါးလိုက်တာ ကံဆိုးချင်တော့
ပိန်းကြားရွက် ဖြစ်နေပါလေရော...။
နဲနဲဝါးမိတော့ ပါးစပ်ထဲမှာ ယားလိုက်တာဗျာ..အခုပြန်တွေးရင်တောင် ယားကျိကျိနဲ့...။

ကျုပ်က ပါစပ်ယား လို့အော်ငိုမိတာပေါ့..။ဒါကိုအဖေက မဖေးမတဲ့အပြင် အမြင်ကပ်ကပ်နဲ့
“မအေပေး ဒီလောက် ၀ါးချင်အုံး” ဆိုပြီး ကျုပ်ကို ဆောင့်ကန်လိုက်တာ မီးပုံထဲ လေးဖက်ထောက်ပြီး
ကျသွားတော့တယ်။

မီးပုံထဲရောက်တော့ ယားတာတောင် ဘယ်ပျောက်သွားလဲမသိဘူး ကြောက်ကြောက်နဲ့ အတင်းလူးလဲထရတယ်..။
အမေလည်း ကဗျာကယာ အိမ်အောက်မှာ ထားတဲ့ မရမ်းပြား ခြောက်တွေပြေးယူပြီး ကျုပ်ကို မြန်မြန် ၀ါးခိုင်းရတယ်။
ကျုပ်လည်း မရမ်းပြားတွေ ဗလုံးဗထွေးနဲ့ ၀ါးရတာပေါ့..။

မရမ်းပြားခြောက်က အယားပြေတယ်ဆိုပဲ....
ပါးစပ်ယားတာတော့ ပျောက်တယ်ဗျ ကျန်တာတွေ ပျောက်မပျောက်တော့ သိဘူးရယ်။

အဲဒီတုန်းက ကျုပ် အသက် ဘာရှိအုံးမလဲဗျာ...၅နှစ် ၆နှစ်လောက်ပဲ ရှိအုံးမယ်..။
မီးပုံထဲရောက်ခဲ့လို့ ခုထိကို မှတ်မိနေသေးတာ...။
အဲ့ဒီအကျင့်လား....တော်တော်နဲ့တော့ မပျောက်ဘူးဗျ...။

ဒါပေမယ့် လမ်းမှာတွေ့တဲ့ အရွက်တော့ သေသေချာချာ ကြည့်ပြီးမှ ၀ါးဖြစ်တော့တယ်....။
တော်ကြာ ပိန်းကြားရွက်တို့ ခွေးသေးပန်းရွက်တို့ ဖြစ်နေရင် ကျုပ်ပဲဒုက္ခရောက်မှာကိုးဗျ..။
...ဒီလောက်တော့ကျုပ် သိပါတယ်ဗျာ...။


မိတ်ဆက်ပွဲ..အခမ်းအနား

14 May 2009

21 comments
ကျွန်တော်က သူငယ်ချင်းတွေကို ခင်ခင်မင်မင် ပေါင်းတတ်တယ်..။
သူတို့အရေး ကိုယ့်အရေး ဆိုတဲ့ စိတ်နဲ့ ပေါင်းခဲ့ပါတယ်..။
ဒီနိင်ငံရောက်တော့ ခင်ဘို့ကောင်းတဲ့ အကိုတွေ နဲ့ ဆုံခွင့်ရခဲ့တာ တကယ် ကံကောင်းပါတယ်..။
ကျွန်တော်တို့ တွေက ညီအကိုစိတ်နဲ့ သူငယ်ချင်းပေါင်း ပေါင်းခဲ့ကြတယ်..။

ကိုယ့်အပေါင်းအသင်းမို့ပြောတာ တော့မဟုတ်ပါဘူး..။
နိင်ငံခြားမှာ ရှားရှားပါးပါး တွေ့ရတတ်တဲ့ မြန်မာ့စိတ်ထားလေးတွေ ကိုယ်စီနဲ့ အားလုံးက တကယ်ကို
စိတ်ကောင်းရှိ ကြပါတယ်..စာကောင်းသောက်ဖွယ်ချက်ထားရင် သတိတရနဲ့ ဖုန်းဆက်ပြီး လာစားဘို့ ခေါ်လေ့ရှိတယ်....။

အခေါ်ခံရတဲ့ သူအနေနဲ့ အပြင်မှာ တခုခုစားလာ လို့ကတော့ ရှင်းပေတော့ပဲ...။ဘာအတွက် စားလာခဲ့ရလည်း ဆိုပြီး
စားကောင်းသောက်ဖွယ်ကို အတူတူ စားစေချင် စိတ်နဲ့ အားလုံးက ၀ိုင်းအော်တတ်ကြတယ်
တယောက်ယောက် အလုပ်မသွားဖြစ်ခဲ့ရင် အဲဒီနေ့အတွက် အားရ၀မ်းသာနဲ့ အားလုံးပြန်လာရင် စားရအောင်
ဟင်းကောင်းကောင်းလေး တွေ ချက်ထားလေ့ရှိတာလဲ..တိုင်ပင်မထားတဲ့ စိတ်တူကိုယ်တူ ရှိမှုတခုပါပဲ..။

သူငယ်ချင်းပေါင်း ပေါင်းခဲ့တဲ့ အကို နှစ်ယောက်ကလည်း တယောက်တမျိုးလို့ ပြောရမယ်...
တယောက်ကတော့ တော်တော်များများသိကြတဲ့ အဖြူလေး ပါပဲ...။

နောက်တယောက်ကတော့ ညောင်ရမ်း လို့ နာမည်ပြောင် ပေးထားတဲ့ အကို တယောက်ပါ..။
ညောင်ရမ်း လို့ အမည်တွင်ခဲ့ပုံက သူ့ရဲ့ အရမ်းကာရော လုပ်ရပ်တွေကြောင့် အဖြူလေးက ဟေ့လူ စောက်ရမ်း
မလုပ်နဲ့ ဆိုပြီး ပြောရာက ညောင်ရမ်းဆိုပြီး နာမည်တွင် သွားတာလေ..။
စောက်ရမ်း ဆိုရင် ခေါ်ရတာ ရိုင်းမှာစိုးလို့ ခေါ်လို့ ကောင်းမယ့် ညောင်ရမ်းဆိုပြီး ပေးထားတာပါ..။

ညောင်ရမ်းက ဘာပြောပြော အလွန်အကျွံပြောတယ်တတ်..။ပြောတာလားတင်ပဲလား ဆိုတော့ မဟုတ်သေးဘူး...။
ဘာပဲ ၀ယ်လာဝယ်လာ အများကြီး ၀ယ်တတ်တယ်။ပြောရရင် သူပြောတာနဲ့ သူနေတာ ညီတယ်လို့ ဆိုရမယ်..။
အလွန်အကျွံ ပြောတတ်သလို လွန်လွန်ကဲကဲ လည်း လုပ်တတ်တယ် ဆိုရမယ်။

အဖြစ်အပျက်တွေ အများကြီးထဲက လောလောလတ်လတ် အဖြစ်လေးကို ပြန်ပြောပါ့မယ်..။
တနေ့တော့ တယောက်က သာကူ စားချင်တယ်လို့ ပြောတာနဲ့ ညောင်ရမ်းက မနက်ဖြန် သူကျို ပေးထားမယ်လို့
ပြောတယ်..။အားလုံးကညောင်ရမ်းနော် ဇွတ်မလုပ်နဲ့ ထမင်းစားပြီး အချိုတည်း ရုံလောက်ပဲ ကျိုနော်လို့
စိုးရိမ်တကြီးနဲ့ ပြောကြတယ်..။စိုးရိမ်ရလောက်အောင် သူကလည်း လုပ်ပြခဲ့တာကိုး..။

အားလုံးစိုးရိမ်ကြတဲ့ အတိုင်းပါပဲ နောက်နေ့ည လူစုံတော့ သူကျိုထားတဲ့ သာကူအိုးကြည့်ပြီး
အားလုံးစိတ်ညစ်သွားကြတယ်..။ကန်စွန်းဥပါ ထည့်ပြီး ကျိုထားတဲ့ သာကူအိုးက အလှူအသေးစား လုပ်လို့ရတယ်..။
စားမယ့်သူ အားလုံးပေါင်းမှ ၅ယောက် ၆ယောက် ပဲရှိတာလေ..။
အဲဒီသာကူ..လား... အထုပ်တွေ ထုပ်ပြီး နီးစပ်ရာကို ဝေလိုက်ရတော့တယ်..။
(အဲဒါသူ့ပိုက်ဆံနဲ့သူ ကျိုတိုက်တာလေ..ပြောချင်တာက သူ့ရဲ့အပေါင်းသင်းတွေပေါ်ထားတဲ့ စေတနာရှိပုံကိုပါ )

သူကပြောရင် ထူးထူး ဆန်းဆန်း ဆိုသလို လုပ်ရင်လည်း အားလုံးပါးစပ် အဟောင်းသား ဖြစ်အောင်
လုပ်တတ်လွန်းတယ်..။
သူဆေးလိပ် ပြတ်သွားတာလဲ ကျွန်တော်တို့..အဖြူလေးတို့ ၀ိုင်းပြောကြတာကြောင့်ပါပဲ..။
သူဆေးလိပ်သောက်ပုံလဲ ကြည့်အုံးလေ...
ဘယ်အချိန်ကြည့်ကြည့် လက်ထဲမှာ ဆေးလိပ်က သောက်လက်စ တဘူးရယ် နောက်ဘူးအသစ် တဘူးရယ်
အဆင်သင့်ရှိတယ်..သူ့အကြောင်းပြချက်က သောက်နေရင်းနဲ့ ကုန်သွားမှာ စိုးလို့တဲ့လေ..။

တနေ့ကို နှစ်ဘူးခွဲ လောက်သောက်တော့ ကျွန်တော်တို့က အဲဒီလောက် မသောက်သင့်ကြောင်း ပြောကြတယ်..။
ကျွန်တော်က စီးပွါးရေး ရှုထောင့် က ပြောပြီး အဖြူလေးက ကျန်းမာရေးနဲ့ လူမှုရေး ရှုထောင့်ကနေ တာဝန်ယူပြီး
ပြောတော့ ညောင်ရမ်းက 'ကျွန်တော် ဆေးလိပ်ဖြတ်မှာပါ..၊ကျွန်တော်က သူများတွေလို မဟုတ်ဘူး
မသောက်တော့ရင် တိခနဲ ဖြတ်မှာ' လို့ ပြန်ပြောတယ်..။

ကျွန်တော်ရော အဖြူလေးရော ညောင်ရမ်းပြောတာ ကို မယုံခဲ့ကြဘူး...တနေ့ နှစ်ဘူးခွဲလောက်
သောက်နေတဲ့သူက တိခနဲ ဖြတ်ဘို့ဆိုတာ မလွယ်ဘူးထင်ခဲ့တယ်လေ..။
အဲဒါနဲ့ အဖြူလေးနဲ့ ညောင်ရမ်း ဆေးလိပ်ဖြတ် နိင် မဖြတ်နိင်ဆိုတာကို ကိုကာကိုလာ ဘူးကြီး
တဘူးကြေး လောင်းဖြစ်ကြတယ်။

နောက်နေ့တွေက စပြီး ညောင်ရမ်း ဆေးလိပ်လုံးဝ မသောက်တော့ဘူး..တကယ်ကိုဆေးလိပ် ပြတ်သွားတော့တယ်.။
ညောင်ရမ်းပြောပုံ အရဆို ဆေးလိပ်ဖြတ်မယ့်နေ့မှာ သူ ဆေးလိပ် ငါးဘူး သောက်လိုက်တယ်ဆိုပဲ...။
သူ့ရဲ့ ရာဇ၀င်အရ ဆိုသူပြောတာကို မယုံလို့မရဘူး..။
တော်ကြာ ...အခုငါးဘူး သောက်ပြရမလားဆိုပြီး စိန်ခေါ်နေအုံးမယ်..။

ဆေးလိပ်ဖြတ်တဲ့ ဇာတ်ပေါင်းတော့ အဖြူလေးက ကိုကာကိုလာဘူးကြီး တဘူး အားလုံးကို ၀ယ်တိုက်ရပေမယ့်
သူကျေနပ်တယ်လို့ ပြောတယ်..။(ကိုကာကိုလာ ဘူးကြီးတန်ဘိုးက ဆေးလိပ် တဘူး စာ မရှိပါဘူး)
ညောင်ရမ်းက ကျန်းမာရေး အပိုင်းမှာ လောလောဆယ် ထင်သာ မြင်သာ မရှိသေးပေမယ့် စီးပွါးရေးအပိုင်းမှာတော့
တလကို ဒီကငွေ ၄ ထောင်ကျော်ကျော် (မြန်မာငွေ တစ်သိန်း ရှစ်သောင်း )လောက် သက်သာလာတယ်...
အဲဒီအတွက် ကျွန်တော်လည်း ၀မ်းသာမိတယ်..။

အခုဒီစာကို ရေးနေချိန်မှာလည်း ညောင်ရမ်း ကျွန်တော့်အိမ်လာလည်တော့ သူနဲ့ကျွန်တော် စကားပြောရင်းနဲ့
သူ ' ဒီနေ့ ဈေးမှာ ငါးရွှေ တကောင်တွေ့ တယ်တဲ့..တကောင်လုံးဝယ်ရင် ၁၃၀၀ လို့ ဈေးသည်က ပြောတယ်..။
ကျွန်တော်ဝယ်လာမလို့ဘဲ ဗျ..အကောင်က ကြီးလွန်းတော့ ၇၀၀ ဘိုးလောက် ပိုင်းရောင်းမလား မေးတာ
ဈေးသည်က မရောင်းတာနဲ့ မ၀ယ်ခဲ့ရဘူး' ဆိုပြီးပြောတယ်..။

ဒါနဲ့ကျွန်တော်က ဟာ အဲဒီလောက်ဈေးကြီးတာ ၀ယ်ပြီး ဘာလုပ်ဘို့လည်းမေးတော့
'ရခိုင်မုန့်တီ ချက်စားကြမယ်လေ...ငါးရွှေနဲ့ ရခိုင်မုန့်တီ ချက်စားရင် အားကြီးချိုတာဗျ' တဲ့..။
ကျွန်တော်မှာ ကမန်းကတန်း တားရသေးတယ်..။ပြောရင်း စိတ်ပါပြီး သွားဝယ်ရင် ၀ယ်မယ့်သူဗျ..။
၁၃၀၀ ဆို မြန်မာငွေ ၅ သောင်းကျော်မယ်လေ..။၅ သောင်းကျော်တန် ငါးနဲ့ ရခိုင်မုန့်တီ ချက်စားမယ်သူ့အကြံကို
ကျွန်တော့်မှာ ကြောက်အားလန့်အား တားလိုက်ရတယ်..။

ညောင်ရမ်းက ဘယ်လောက်ပင်ပင်ပန်းပန်း ရှာထားရပါစေ ..ငွေကိုလုံးဝမနှမျောတတ်တဲ့သူပါ..။
ပြောရရင် အဖြူလေးကို ခင်မင်စိတ် ၀င်ဘို့ ရက်သုံးဆယ်လောက် သီးခံပြီးပေါင်းရရင် ညောင်ရမ်းကို
ခင်ဘို့အတွက် မိနစ် သုံးဆယ်လောက်ပဲ လိုလိမ့်မယ်ထင်မိတယ်..။

ညောင်ရမ်းရဲ့ ခင်မင်ဘို့ အကောင်းဆုံး အချက်က စိတ်သဘောထား ကောင်းမွန်တာပါပဲ..။
သူ့နဲ့စကားပြောပြီးတဲ့သူတိုင်းသူ့ကို ခဏအတွင်း ခင်မင်စိတ် အလိုလို ၀င်မိကြတယ်..။
ဒါက ညောင်ရမ်း ရဲ့ စိတ်နေစိတ်ထားကို ပုံကြမ်းဆွဲပြတာပါ..။

နောက်နေ့တွေမှာ ညောင်ရမ်းရဲ့ ငယ်ဘ၀ အမှတ်တရတွေ ကို ပို့စ် အနေနဲ့ တင်ပေးပါ့မယ်...။
ကျွန်တော်တို့ ညောင်ရမ်းနဲ့ တွေ့တဲ့ အချိန်မှာ သူ့လုပ်ရပ်တွေက အနည်းငယ်ထူးဆန်းနေသလို...
ညောင်ရမ်းရဲ့ ငယ်ဘ၀ကလည်း ထူးထူးခြားခြား အဖြစ်လေးတွေ ရှိခဲ့တယ်လေ...။

ညောင်ရမ်းက သူ့ငယ်ဘ၀တွေအကြောင်း ပါးစပ်ပြော ပြောတာကို အဖြူလေးက လက်ရေးတိုနဲ့ လိုက်မှတ်ကာ
ကျွန်တော်က အကျယ်ချဲ့ပြီး တတ်နိင်သလောက် ပုံပေါ်အောင် ပြန်ရေးပါ့မယ်..။

 

Posts Comments

©2006-2010 ·TNB