Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

ပွဲတော်ညသို့သွားရာလမ်း (အပိုင်း၂)

17 May 2011

24 comments

(အပိုင်း ၁) မှအဆက်

ဈေးဆိုင်သမားများကဲ့သို ဝါးထရံငှားသည့် သူများကတော့ အနီးအနားကျေးရွာမှ ပွဲတော်လာ ပရိတ်သတ်ဖြစ်သည်။ ပွဲတော်မစတင်မှီ သုံး၊လေးရက်ခန့် အလိုကတည်းက အိုး၊ ခွက်၊ ပန်းကန်၊ နှင့် စောင်၊ ခြင်တောင်စသည့် အသုံးအဆောင် ပစ္စည်းများသယ်ကာ လှည်းများဖြင့် ချီတက်လာ ကြသူများဖြစ်သည်။ သူတို့ကိုတော့ ဘုရားပွဲကိုနှစ်နှစ်ခြိုက်ခြိုက် အားပေးသူများဟု ပြောလျှင် မှားမည်မထင်ပေ။ တစ်နှစ်ပတ်လုံး ကောက်စိုက်ပျိုးနုတ်၍ စုဆောင်းထားကြသည့် ငွေများကို ကျိုက်ခေါက်ဘုရားပွဲတော်တွင် သုံးကြတော့သည်။

ဘုရားပွဲ မစတင်မှီရက်ကတည်းက လှည်းတပ်များဖြင့် ရောက်လာကြသည့် သူတို့အတွက် ဘုရားဂေါပကအဖွဲ့မှ သတ်မှတ်ပေးထားသော နေရာတွင် တဲတန်းရှည်ကြီး ထိုးပေးထားသည်။ ထိုတဲတန်းရှည်ကြီးတွင် ထရံများကန့်ကာ အခန်းဖွဲ့၍ နေကြသည်မှာ ပွဲတော်ပြီး၍ တစ်ရက် နှစ်ရက် ကြာမှ ပြန်ကြတော့သည်။ ပြန်သည့်အခါတွင်လည်း တစ်နှစ်တာလုံး သုံးစွဲရန် ဒန်အိုးဒန်ခွက် ၊ ဖျာ၊ ခြင်ထောင်၊ စောင်များ သနပ်ခါးတုံးများ၊ သောက်ရေအိုးများ၊ အဝတ်အထည်များ တပွေ့တပိုက် ဝယ်၍ ပြန်ကြသည်။

ပွဲတော်ရက်နားနီးကပ်လာသည်နှင့်အမျှ ကွင်းပြင်ကြီးက ပို၍စည်ကားလာသည်။ ဈေးဆိုင်များလည်း တစ်ဆိုင်ပြီးတစ်ဆိုင် အလျှိုလျှို ရောက်လာကြ၏။ ပွဲတော်စတင်ဖို့ ရက်ပိုင်းအလိုတွင် ပွဲတော်ကွင်းပြင် တစ်ခုလုံးကို လျှပ်စစ်မီး သွယ်တန်းပေးပါသည်။ တစ်လတာလုံးလုံး မီးခွက်များ၊ ဖယောင်းတိုင် အလင်းရောင်များနှင့်သာနေခဲ့ရသည့် ကျွန်တော်တို့ဇာတ်ရုံများလည်း မီးရောင်တထိန်ထိန်ဖြင့် နေကြရပါပြီ။

ဘုရားပွဲမစခင် သုံးရက်ခန့်အလို၌ ဇာတ်ရုံထဲတွင် အဖိုး (အဘိုး) မြှောက်ကြရသည်။ ကွင်းပိုင်ကြီးကို ပူဇော်ပသည့်သဘောဖြစ်သည်။ ကွင်းပိုင်ကြီး တကယ်ရှိမရှိ မသိသော်လည်း ကျွန်တော်ကတော့ ထိုညရောက်လျှင် ပျော်ရပါသည်။ ကြက်တစ်ကောင်ဝယ်၍ ခြေ၊ ခေါင်း ၊ အတောင်နှင့် အတွင်းကလီစာ အစုံကို ဟင်းချက်ပြီး အရက်နှင့် တင်မြှောက်ရခြင်းဖြစ်သည်။ ဤဇာတ်ရုံအတွက် အနှောင့်အယှက် ကင်းဝေးစေရန်၊ လူဝင်များစေရန်၊ ကာကွယ်စောင့်ရှောက်ပေးရန် ဆုတောင်းကြသည်။ ပြောတတ်ဆိုတတ် သူက ဦးဆောင်၍ ကွင်းပိုင်ကြီးကို မြေနေရာအပ်ပြီး စောင့်ရှောက်ပေးရန် တိုင်တည်သည်။

“အဘိုး... အဘိုး.. အဘိုး”
“တင်ပါတယ်၊ မြှောက်ပါတယ်။ ထမင်းဦး ၊ ဟင်းဦးနဲ့ သောက်စရာများလည်း ပါပါတယ်။ တပည့်လက်သားများနဲ့ စားပါသောက်ပါ။ ဤမြေနေရာကိုလည်း စောင့်ရှောက်ပေးပါ။ အတိုက်အခိုက် ၊ အနှောင့်အယှက်များလည်း ဖယ်ရှားပေးပါ။ ရုံပွင့်ရုံလျှံ လူဝင်မစဲအောင်လည်း မှိုင်းမပါ။ ကူညီပါ။ ”

ပွဲတော်ညသို့သွားရာလမ်း (အပိုင်း၁)

14 May 2011

19 comments

“ပွဲသွားမော့မော့ ပွဲပြန်ကြော့ကြော့” ဆိုသည့်စကားပုံရှိပါသည်။ ဒီစကားပုံထဲက ပွဲ ဆိုသည့် စာလုံးလေးကို ပွဲတော်ဆိုသည့် စာလုံးလေးအဖြစ် သတ်မှတ်ပြီး ကျွန်တော်ဘဝ၏ အတွေ့အကြုံ တစ်ချို့ကို ပြန်လည်ဝေမျှချင်ပါသည်။

မြို့တိုင်းရွာတိုင်းတွင် ဘုရားစေတီများရှိသကဲ့သို့ ကျွန်တော့်မွေးရပ်မြေ သန်လျင်မြို့တွင်လည်း အထင်ကရ စေတီတွေရှိသည်။ ဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော်ဌာပနာထားသည့် ဆံတော်ရှင် ကျိုက်ခေါက်စေတီကတော့ သန်လျင်မြို့နှင့် အနီးတဝိုက်မြို့များတွင် အထင်ရှားဆုံးစေတီဖြစ်သည်။ ကျိုက်ခေါက်စေတီ ဘုရားပွဲတော်ကလည်း နှစ်စဉ်နှစ်တိုင်း ပြောစမှတ် ပြုရလောက်အောင် စည်ကားလွန်းပါသည်။ ယခုလိုစည်ကားလွန်းသည့် ပွဲတော်ဖြစ်လာဖို့အတွက် မည်သို့လုပ်ဆောင်ခဲ့ရသည်ကို ကျွန်တော်တို့ ပါတ်သတ်ခဲ့သည့် ရှုထောင့်က ရေးမှာဖြစ်ပါသည်။

ကျွန်တော့်ဖေဖေသည် ကျိုက်ခေါက်ဘုရားပွဲတော်တိုင်း နှစ်စဉ်နီးနီး ဇာတ်ပွဲသွင်းသည့် သန်လျင်မြို့၏ ငါးဦးခန့်လောက်သာရှိသည့် ဇာတ်ကန်ထရိုက်တွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်သည်။ ဖေဖေ့ အလုပ်ဆိုတော့ ကျွန်တော်အပါအဝင် မိသားစုဝင်တွေက လိုက်လုပ်ကြရပါသည်။ သို့သော် ကျွန်တော်တို့ ဇာတ်ပွဲ သွင်းရသည်ကို စိတ်မပါခဲ့ကြပါ။  စိတ်ပျက်ဖွယ်ရာ အလုပ်ဟုတောင် ဖေဖေကလွဲလျှင် တစ်မိသားစုလုံး သတ်မှတ်ထားခဲ့ကြသည်။  ထိုသို့ သတ်မှတ်ထားရသည့် အကြောင်းရင်းမှာ.......

(၁) ပွဲတော်ညသို့သွားရာလမ်း

ကျိုက်ခေါက်ဘုရားပွဲတော်ကို တပို့တွဲလဆန်း ၁၁ ရက် သို့မဟုတ် ၁၂ ရက်ခန့်မှာ စတင်ကျင်းပလေ့ရှိသည်။ ပွဲတော်ရက်က ကိုးရက်ခန့်ဖြစ်သည်။ ဘုရားပွဲတော် မစမှီ တစ်လကျော်ခန့်ကတည်းက ကျိုက်ခေါက်စေတီ ရင်ပြင်မှာ ဇာတ်ရုံမြေနေရာ လေလံပွဲ ကျင်းပသည်။  မည်သည့်နေ့ကျင်းပဖြစ်သည် ဆိုတာကို ကျွန်တော်တို့ မိသားစု ကြိုတင်ပြီး သိခဲ့ရတာမျိုး မရှိခဲ့ပါဘူး။ ထိုရက်ပိုင်းမှာ ဖေဖေ့လက်ထဲ စာချုပ်လိပ် တစ်ခုပါလာတာတွေ့မှပဲ ဒီနေ့ လေလံနေ့ပါလား၊ ထုံစံအတိုင်း ဖေဖေ မြေနေရာ လေလံဆွဲလာပါလား သိကြရမြဲဖြစ်သည်။ ထိုအခါမျိုးဆို မေမေ့ရဲ့ မြည်တွန်တောက်တီးသံလည်း အရင်နှစ်ကအတိုင်း ထွက်လာပြန်သည်။
“လုပ်လာပြန်ပြီလား”

မကျေမနပ် စကားမှန်းသိလို့ ဖေဖေကလည်း နှစ်စဉ်ပြောနေကြ စကားတစ်ခွန်းပဲ ပြန်ပြောသည်။
“အေး.. ငါ့အလုပ်ကို ဘယ်သူမှ ဝိုင်းမကူရင်လည်း ရတယ် ငါ့ဟာငါ ဖြစ်အောင်လုပ်မယ်။”

ဒါက ဖေဖေ့ရဲ့ နှစ်စဉ်ကြွေးကြော်သံပါပဲ။ အဲဒီကြွေးကြော်သံကြားပြီးတာနှင့် ကျွန်တော်တို့ မောင်နှမတွေကလည်း အချင်းချင်း တိုးတိုးတိတ်တိတ် ခေါင်းခါပြကြသည်။ မျက်စပစ်ပြကြ၏။ ထိုနေ့ကစပြီး ဘုရားပွဲ၊ ဇာတ်ပွဲနှင့် ပါတ်သတ်သည့် အကြောင်းများကို ဖေဖေ့အရှေ့မှာ မပြောမိအောင် သတိထားကြတော့သည်။ အသံတိတ် ဆန္ဒပြကြခြင်း ဖြစ်သည်။ ကျွန်တော်တို့ အနေနှင့် ဇာတ်ပွဲသွင်းရသည့် အလုပ်ကို ငြီးငွေ့လှပါပြီ။

 ကျွန်တော့်အသက် ခုနှစ်နှစ်အရွယ်မှစ၍ ကျွန်တော့်အသက် နှစ်ဆယ်ကျော်ခါစအထိနှစ်စဉ် ဇာတ်ပွဲသွင်းခဲ့သည့် အတွေ့အကြုံတွေအရ မိသားစုတွေက ဇာတ်ပွဲသွင်းရမှာ စိတ်ပျက်နေကြသည်။ မိသားစုက ဇာတ်ပွဲအလုပ်ကို စိတ်မပါမှန်း သိသိသာသာသော်လည်းကောင်း မသိမသာသော်လည်းကောင်း ပြကြသလို ဖေဖေကလည်း လေလံဆွဲလိုက်သည့် နေ့မှစပြီး သူတစ်ယောက်တည်း အားသွန်ခွန်စိုက် ကြိုးပမ်းပါတော့သည်။

ရင်ခွဲရုံမှ အဖြစ်အပျက် (နောက်ဆက်တွဲ)

21 April 2010

52 comments
ဒီပို့စ်ကို အရှေ့ပို့စ်မှာ ဆက်မရေးဘဲ အသစ်သက်သက် အနေနဲ့ ရေးဖြစ်တာ အကြောင်းရှိပါတယ်။ ပထမပို့စ် တင်ပြီးထဲက အိမ်ကို ညတိုင်းဖုန်းထပ်ဆက်ဖြစ်တယ်။ ပိုတိကျတဲ့ သတင်းသိချင်သလို ကိုယ်ရေးထားတဲ့ စာအတွက်လည်း ခိုင်လုံမှု ရှိမရှိ သိချင်တာ အဓိကပါပဲ။ မြစ်ကျိုးအင်းက ကောလဟာလ ရေးတယ်ဆိုပြီး မထင်မြင်စေချင်တာလည်း ပါ ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီသတင်းတွေ အားလုံး မှားယွင်းနေတာ ဖြစ်ချင်ခဲ့ပါတယ်။ ဟိုဟာကြောက်ရ ဒီဟာကြောက်ရ အချိန်မှာ ထပ်ပြီး မထိတ်လန့်စေချင်တာ အမှန်ပါပဲ။ လူသားစားတယ်ဆိုတဲ့ အကျင့်ဆိုးကြီးလည်း တကယ်ကို မရှိစေချင်ပါဘူး။ ဒါကြောင့် ပိုတိကျတဲ့ အဖြေရဖို့ ညတိုင်းဖုန်းဆက်ဖြစ်ပါတယ်။


အရင်ညတွေမှာ ဖုန်းဆက်တော့ ကျွန်တော့်အစ်ကိုနဲ့ မဆုံတွေ့ဖြစ်ခဲ့ဘူး။ သူက အိမ်ပြန်လာတာ နောက်ကျတတ်တော့ စကားမပြောဖြစ်တာပါ။ ဒီတော့ အစ်မဖြစ်သူနဲ့ ပြောရင်း သူသိသလောက်တွေ ပြောပြတာကို ရေးခဲ့မိတယ်။ လူသေရင်ခွဲတဲ့ အဖွားကြီး ပြန်ပြောခဲ့တာတွေကိုလည်း ရေးဖြစ်ခဲ့တယ်။ မနေ့ညကတော့ အိမ်ကို ဖုန်းထပ်ဆက်ပြီး ပိုတိကျတာသိရအောင် ကျွန်တော့် အစ်ကိုကို ဒီနေ့ စုံစမ်းခိုင်းဖြစ်တယ်။ ဒါနဲ့ အစ်ကိုဖြစ်သူလည်း ထပ်စုံစမ်းပေးတယ်။ ဒီညထပ်ဆက်တော့ အစ်ကိုဖြစ်သူက သူသိသလောက် ပြောပြဖို့ စောင့်နေရှာတယ်။ သူပြောပြတဲ့ အကြောင်းအရာတွေ မရေးပြခင် အစ်ကိုဖြစ်သူရဲ့ စရိုက်ကို နည်းနည်း ရေးပြဖို့ လိုပါတယ်။


ကျွန်တော်နဲ့ ဆန့်ကျင်ဘက် စရိုက်ရှိတဲ့ အစ်ကို ဖြစ်သူက အကြောက်အရွံ့လည်း နည်းပါတယ်။ ရပ်ကွက်ထဲမှာ လူသေလို့ ကျွန်တော် အိမ်ပြင်မထွက်ရဲတဲ့ အချိန် သူက အဲဒီလူသေကို ရေချိုးပေးတာ အခေါင်းဝိုင်းသယ် ပေးတာက အစ လုပ်ပါတယ်။ လိုအပ်ရင် အသုဘ အစအဆုံး ကူညီပေးတယ်။ အိမ်ကတော့ သူ့ကို ရွာဆော်ကြီး လို့ ရွဲ့ခေါ်ကြတယ်။ အပေါင်းအသင်းလည်း စုံပါတယ်။ ဆေးသမားနဲ့ သိသလို ရဲစခန်းနဲ့လည်း ရင်းနှီးပါတယ်။ ဒါကြောင့် ရင်ခွဲရုံထဲအထိ လိုက်ကြည့်နိင်တာပါ။ ဒါတွေကို ရေးပြနေရတာက သူ့ရဲ့ အကြောက်အရွံ့ကင်းတဲ့ စရိုက်ကို သိစေချင်တာပါ။


အဲဒီစရိုက်ကြောင့်ပဲ သန်လျင်မှာ အလောင်းတွေ ပျက်တဲ့ ကိစ္စဖြစ်တော့ သူကိုယ်တိုင် ရင်ခွဲရုံထဲထိ သွားကြည့်ခဲ့တယ်။ ရင်ခွဲရုံထဲ အပြင်လူဝင်ဖို့မလွယ်ပေမယ့် သူဝင်ကြည့်တဲ့ပုံစံက သူ့သူငယ်ချင်း တစ်ယောက်နဲ့ ကပ်လိုက်သွားတာပါ။ သူ့သူငယ်ချင်းက တာဝန်ရှိသူ တစ်ယောက် ဆိုပါတော့။ အစ်ကိုဖြစ်သူ ပြောပြတဲ့အတိုင်း အစီအစဉ်တကျ ရေးရင် ဒီလိုပါ...

ရင်ခွဲရုံမှ အဖြစ်အပျက်

19 April 2010

46 comments
သန်လျင်ဆေးရုံဝင်းထဲက ရင်ခွဲရုံမှာ ထားတဲ့ အလောင်းတွေရဲ့ ကိုယ်အင်္ဂါတွေ ပျောက်ဆုံးနေတဲ့ သတင်းတစ်ခု ဒီရက်ပိုင်းမှာ forward mail အဖြစ်နဲ့ အွန်လိုင်းမှာ ပျံ့နှံ့နေခဲ့ပါတယ်။ ဒီသတင်းထွက်ပြီး နောက်ပိုင်းမှာ နောက်ထပ် forward mail အဖြစ်နဲ့ ထပ်ရောက်လာတဲ့ သတင်းကတော့ ပျောက်ဆုံးသွားတဲ့ အသားစတွေကို အဘွားကြီး တစ်ယောက်က ဟင်းလျာ အဖြစ်စားသောက်နေတာပါ ဆိုတဲ့ သတင်းပါပဲ။

ဒါနဲ့ပဲ ဒီနေ့ အိမ်ကို ဖုန်းဆက်ဖြစ်တော့ အဲဒီ အကြောင်းကို အဓိက မေးဖြစ်လိုက်တယ်။ ကိုယ့်မြို့ကအကြောင်း ဖြစ်တာကြောင့် စိတ်ဝင်စားပြီး မေးဖြစ်ခဲ့တာပါ။ ဖြစ်ရပ်ရဲ့ တရားခံ အစစ်ကို အတိအကျ မဖော်ထုတ် နိင်သေးပေမယ့် စိတ်ဝင်စားစရာ အချက်အလက်လေးတွေ သိလာရပါတယ်။ ပို့စ်အဖြစ်ရေးဖို့ မရည်ရွယ် ထားပေမယ့် ကျွန်တော် ဘာမှ မလုပ်ဘဲ ပို့စ်တက်တယ် ဆိုတာ ထပ်ဖြစ်ပြန်တော့ စာလာဖတ်သူတွေကို အားနာပြီး ဒီအကြောင်းအရာလေးကို မြန်မြန်ရေးပြီး တင်လိုက်တာပါ။ သိမ်းထားတဲ့ ပို့စ်အဟောင်းတွေလည်း မတင်ချင်တာရယ် ဒီအကြောင်းက အနည်းငယ်တော့ စိတ်ဝင်စားဖို့ ကောင်းမယ် ထင်တာရယ်ကြောင့် တင်ဖြစ် လိုက်တာပါ။

အဲဒီအကြောင်းအရာကို ကျွန်တော် အဓိက မေးဖြစ်တာကတော့ ကျွန်တော့်အစ်မကိုပါပဲ။ သူပြောပြတဲ့ ပုံစံအရဆို ရင်ခွဲရုံက အဘွားကြီးက မသင်္ကာစရာ ဖြစ်နေပါတယ်။ ဒုတိယ forward mail ထဲက လူသားစားတယ်လို့ ရည်ညွှန်း ထားတဲ့ အဘွားကြီးပါ။ အဲဒီ အဘွားကြီး အကြောင်းက စိတ်ဝင်စားစရာတွေ ရှိနေပါတယ်။ ကျွန်တော့် အကိုရဲ့ ဇနီး သန်လျင်ဆေးရုံမှာ မီးဖွားတော့ ကျွန်တော့်အစ်မက လူနာစောင့် လုပ်ပေးခဲ့တယ်။ အဲဒီတော့ အထက်က ရည်ညွှန်းထားတဲ့ အဘွားကြီးနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီအဘွားကြီးက အသက် ၆၀ လောက် ရှိပြီး ထောင်ထောင်မောင်းမောင်း ပါပဲ။ ညစဉ် အရက်သောက်တတ် သလို စရိုက်ကြမ်းတယ်လို့ သတ်မှတ်ထားကြတယ်။ ဆေးရုံတက်တဲ့ မီးဖွားလူနာတွေရဲ့ အဝတ်အစားတွေ အဓိကကတော့ ထမိန်တွေကို အတင်းကို ယူလျှော် တတ်တယ်။ အဓိကက ငွေရဖို့ ဆိုပါတော့။ ဆေးရုံမှာ ခရမ်းရောင် ဝတ်တဲ့ သန့်ရှင်းရေး လုပ်သလို ဆေးရုံမှာလည်း သူ့အသံ အဆူညံဆုံးပါတဲ့လေ။ စရိုက်ကြမ်းတော့ အော်ကျယ်အော်ကျယ် ပြောတတ်တယ်လို့ ဆိုလိုချင်တာပါ။ သူက ဆေးရုံသန့်ရှင်းရေး လုပ်တဲ့ အပြင် သူ့ရဲ့ အဓိက ဝင်ငွေရတဲ့အလုပ်က လူသေတွေကို ရင်ခွဲတဲ့ အလုပ်ပါပဲ။

လွန်ခဲ့တဲ့ ၄ ၊ ၅ နှစ်ရဲ့ လူသေတစ်လောင်း ရင်ခွဲနှုန်းက ၂သောင်းပါ။ သူက လူသေတစ်လောင်း ရင်ခွဲပေးတိုင်း ငွေ ၂ သောင်းရပါတယ်။ အရင်က လူသေရင်ခွဲ တဲ့အလုပ်ကို သူ့ယောကျာ်း လုပ်ခဲ့တာပါ။ သူ့ယောကျာ်းဆုံး သွားတော့ သူကဆက်ပြီး လုပ်ကိုင်တယ်ပေါ့။ အဲဒီအချိန်က ဆေးရုံမှာ လူသေရင်ခွဲတဲ့သူက နှစ်ယောက်ရှိပါတယ်။ အဲဒီအဘွားကြီးရယ် နောက်ထပ် ကုလားတစ်ယောက်ရယ် ရှိတယ်။ လူသေတစ်လောင်း ခွဲတိုင်း နှစ်သောင်းရတော့ သူတို့ နှစ်ယောက်က လုပြီးတောင် ခွဲရတယ်ဆိုပဲ။ အစ်မကိုပြောရင်း ကုလားထက်ဦးအောင် သော့ဖွက်ထားရတယ်လို့ ပြောပြီးသူ့ရင်ဘတ်ထဲမှာ ဖွက်ထားတဲ့ ရင်ခွဲရုံသော့ ကိုပါ ထုတ်ပြခဲ့သေးတယ်တဲ့။ ဈေးကွက်လုရတဲ့ သဘောနဲ့ တူပါတယ်။

အသုံးချခံ

22 November 2009

41 comments


သိပ်မကြာခင်က  ခိုငှက်လေးတွေအပေါ် အသုံးချစေခိုင်းပုံကို တဏှာဇောလို့ နာမည်ပေးပြီး စာတပုဒ် တင်ခဲ့ဖူးပါတယ်။ ခိုတွေကို အသုံးချတဲ့ နောက်ထပ် နည်းလမ်းတွေကို blog မှာ ရေးဖူးတာကို သတိရပြီး ဖဘ ပေါ်က မိတ်ဆွေတွေအတွက် ပြန်ရှဲချင်ပါတယ်။ 

လူတွေနဲ့ နီးနီးနားနားမှာနေပြီး လေ့ကျင့်စေခိုင်းလို့ရတဲ့ ငှက်တွေထဲမှာ ခို ငှက်လည်းပါဝင်ပါတယ်။ ခို တွေရဲ့ အဓိက စွမ်းဆောင်ရည်က အိမ်ကို တန်းတန်းမတ်မတ် ပြန်လာတတ်တဲ့ မှတ်ဥာဏ်စွမ်းရည်ပါ။ ဒါကြောင့်လည်း ဟိုးယခင်ကတည်းက ခိုတွေရဲ့ မှတ်ဥာဏ်ကို  လူတွေက သူတို့အကျိုးစီးပွါး အတွက် အမျိုးမျိုး အသုံးချခဲ့ကြတယ်။ လေ့ကျင့်ထားတဲ့ ငှက်တွေကို အသုံးချတဲ့နေရာမှာတော့ ခို တွေက ပိုပြီး အသုံးချခံရမယ်လို့ ကျနော်ထင်မိတယ်။ ခို ဆိုတာနဲ့ မြင်မိတာက စာပို့ခို ဆိုပြီး အဓိက မြင်မိကြမှာပါ။

တကယ်ဆိုရင် စာပို့ ဆက်သွယ်ရေးမှာ အသုံးချခဲ့တဲ့ ခိုတွေအနေနဲ့ အခုလို အင်တာနက်ခေတ်မှာ အသုံးမဝင်လောက် တော့ဘူးလို့ ထင်စရာပါပဲ။ သုံးရင်လည်း တချို့နေရာတွေအတွက်လောက်ပဲပေါ့လေ။ ဒီလိုပဲ ထင်မိကြမှာပါ။ တကယ်တော့ မဟုတ်ပါဘူး။ ခိုတွေကို အခုချိန်ထိ ကောင်ရေ ထောင်ချီပြီး သုံးနေတဲ့ နေရာရှိနေပါတယ်။ ဒါပေမယ့် အခုသုံးနေတာက စာပို့ဖို့ ဆက်သွယ်ဖို့ မဟုတ်ပါဘူး။ လောင်းကြေး သန်းချီတဲ့ ပြိုင်ပွဲတွေမှာ သုံးတာပါ။ နောက်ပြီး ကိုယ့်ရဲ့ ဘုန်းကံ ဘယ်လောက်အထိ ရှိသလဲဆိုပြီး စမ်းသပ်ကြတဲ့ နေရာမှာ သုံးပါတယ်။ ကမ္ဘာပေါ်မှာ ဒီလို အသုံးချတာ တခြားနိင်ငံတွေမှာ ရှိတာကို (ကျနော်)မကြားဖူးပေမယ့် Taiwan မှာတော့ ခိုလွှတ် ပြိုင်ပွဲတွေ တိတ်တဆိတ် ကျင်းပကြတာကို သိရပါတယ်။

ထိုင်ဝမ်မှာရှိတဲ့ တချို့သူဌေးတွေရဲ့စွဲစွဲလမ်းလမ်း ၀ါသနာကတော့ လောင်းကြေးငွေ သန်းပေါင်းများစွာ ထပ်ပြီး ခိုလွှတ်ပြိုင်ကြတာပါပဲ။ အဲ့ဒါအပြင် လွှတ်တော်အတွက် အမတ်နေရာတွေ ရွေးခါနီးတွေမှာလည်း ကိုယ့်ရဲ့ ဘုန်းတန်ခိုးကို စမ်းသပ်ကြတယ်။  တနည်းအားဖြင့် ကံတရား ဘယ်လောက်အထိ ရှိနိင်သလဲ ဆိုတာကို ခိုလွှတ်ပြီး စမ်းသပ်ကြတယ်။ သူတို့ရဲ့ ငွေကြေးသန်းပေါင်းများစွာ ထပ်ထားတဲ့  လောင်ကစားတဲ့ပုံစံကဒီလိုပါ။ လောင်းကစားလုပ်မယ့် သူဌေး လေး ငါး ယောက်စုပြီး တစ်ဦးကို ခိုပေါင်း သုံးထောင်ဆိုသုံးထောင် လေးထောင်ဆိုလေးထောင် အကောင်ရေ သတ်မှတ်ပြီး ကိုယ့်အတွက် သတ်မှတ်ထားတဲ့ ကွန်တိန်နာထဲကို အဲဒီခိုတွေကို ထည့်ပါတယ်။ အဲဒီလိုနဲ့ သူဌေးငါးဦးစာ ကွန်တိန်နာ ငါးလုံးကို သဘောင်္နဲ့တင်ပြီး ပင်လယ်ထဲကို ထွက်ခွါပါတယ်။ အဲဒီသဘောင်္ပေါ်မှာ သူဌေးတွေကိုယ်တိုင်ဖြစ်ဖြစ် ကိုယ်စားလှယ်ဖြစ်ဖြစ် လိုက်ပါသွားလေ့ရှိတယ်။ အဲဒီသဘောင်္က ဖိလစ်ပိုင်နားက လူဇုံး ဆိုတဲ့ ဆိပ်ကမ်းအနီး ပင်လယ်ထဲရောက်ရင် ကွန်တိန်နာတွေကို တပြိုင်ထဲ ဖွင့်ပေးလိုက်ပါတယ်။

တံခါးဖွင့်ပေးလိုက်တာနဲ့ ကွန်တိန်နာထဲက ခိုတွေထွက်လာပြီး Taiwan ကို ပျံလာကြပါတယ်။ စုရပ်အဖြစ် လေ့ကျင့်ပေးထားတဲ့ နေရာကိုပြန်ရောက်လာတဲ့ခိုတွေကို ဒီဘက်မှာ စောင့်နေတဲ့သူတွေက စာရင်း လုပ်ပါတယ်။ ခိုတွေရဲ့ ခြေထောက်မှာ သူ့ပိုင်ရှင်သူဌေးနဲ့ ပါတ်သတ်တဲ့ အမှတ်အသား တခုခု ရှိပါတယ်။ ဥပမာ ကုဒ်(code) နံပါတ်တွေပါတဲ့ စာရွက်လေးတွေ ကပ်ပေးထားတာမျိုးပေါ့။ ရောက်လာတဲ့ ခိုရဲ့ ခြေထောက်က ကုတ် နံပါတ် ကို ကွန်ပြူတာနဲ့စစ်ပြီး အတုအစစ်ခွဲပြီး အရေအတွက် သတ်မှတ်ပါတယ်။ အတုအစစ် ဆိုတာက သဘောင်္ပေါ်က မဟုတ်ဘဲ တနေရာရာကနေ ခိုအနည်းငယ် ရောလွှတ်မှာ စိုးတာကြောင့်လို့ ထင်ပါတယ်။ ဘာကြာင့်ဆိုတော့ ခိုပေါင်း သုံးထောင်လွှတ်ပေမယ့် သုံးထောင်လုံး ပြန်မရောက်နိင်ပါဘူး...။ ရာသီဥတု ဆိုးရွားတာပဲဖြစ်ဖြစ် နာမကျန်းလို့ပဲဖြစ်ဖြစ် ခိုတွေကို ထိုးသုတ်မယ့် စွန်တွေ သိန်းငှက်တွေကြောင့်ပဲဖြစ်ဖြစ် လမ်းခရီးမှာ လျော့နည်းသွားတတ်ပါတယ်။ ဒါကြောင့် တနေရာရာကနေ ခိုအနည်းငယ် ရောလွှတ်လိုက်ရင်လည်း သိဖို့မလွယ်တာကြောင့် code နံပါတ်တွေနဲ့ စစ်ကြတာပေါ့။

အဲဒီလိုနဲ့ သတ်မှတ်ချိန် ပြည့်တဲ့အခါ ပြန်ရောက်လာတဲ့ ခိုတွေကို အကောင်ရေ ရေတွက် ပါတယ်။ ဘယ်သူဌေး ပိုင်တဲ့ခိုက ဘယ်နှစ်ကောင် ပြန်ရောက်လာတယ်ဆိုပြီး အကောင်အများဆုံး ပြန်ရောက်လာတဲ့ ခိုပိုင်ရှင်သူဌေးက အဲဒီလောင်းကစားပွဲကို အနိင်ရပါတယ်။ အဲဒီခိုတွေကိုလည်း တရာသီလုံး လေ့ကျင့်ပေးထားကြတယ်။ တချို့လေးထပ်တိုက်တွေရဲ့ အပေါ်ဆုံးမှာ ခိုအိမ်ကို အကြီးကြီးဆောက်ပြီး ညနေတိုင်း လေ့ကျင့်ကြတာတွေကို မကြာမကြာတွေ့ရပါတယ်။  ငွေကြေးလောင်းကစားအတွက်  ခိုလွှတ်ပြိုင်ကြသလို နောက်ထပ် ခိုကောင်ရေ ထောင်ချီလွှတ်တာလည်း ရှိပါသေးတယ်။

ဒီတခါက  အမတ်လောင်းတွေ လွှတ်ကြတာပါ။ အမတ်ရွေးခါနီးကာလမှာ ကိုယ့်ရဲ့ကံကို ခိုလွှတ်ပြီး စမ်းသပ်ကြတယ်။  စမ်းပုံက လောင်းကစားနည်းအတိုင်းပါပဲ။ ဥပမာ ခို ကောင်ရေ သုံးထောင်လွှတ်လို့ ချောချောမောမော ပြန်ရောက်လာတဲ့ ရာခိုင်နှုန်းကို ကြည့်ပြီး  ကံကောင်းတယ် မကောင်းဘူး သတ်မှတ်တတ်ကြတယ်။

Taiwan က ခိုတွေလေ့ကျင့်ပုံကို သေသေချာချာ မသိပေမယ့် မြန်မာပြည်မှာ စာပို့ဆက်သွယ်ရေးအတွက် ခိုတွေကို လေ့ကျင့်ပုံကိုတော့ ကြားဖူးထားတာလေး ရှိပါတယ်။ အဲဒီအကြောင်းကို တဏှာဇော ဆိုပြီး ရေးခဲ့ဖူးပါတယ်။ အတိုချုပ်ပြောရရင်တော့ စာပို့ခိုကို အဖိုအမ နှစ်ကောင် အတူတွဲထားလေ့ရှိပါတယ်။ ခိုတစ်ကောင် ခရီးထွက်ခါနီး ရောက်တဲ့အခါ အဲဒီခိုအဖိုကိုထုတ်ပြီး လှောင်အိမ်ထဲကို နောက်အဖိုတကောင်ကို ထည့်ပါတယ်။ ဒီတော့ လှောင်အိမ်ထဲ ရောက်လာတဲ့ ခိုအဖိုက အထဲက ခို မ ကို ရစ်ပါတယ်။  ကပ်ပါတယ်။ အဲဒီမှာ အပြင်ရောက်သွားတဲ့အဖိုက နေမထိထိုင်မသာဖြစ်ပြီး ယောက်ယက်ခတ် နေတော့တာပါပဲ။ စဉ်းစားကြည့်ရင် စိတ်မကောင်းစရာပါ။ ကိုယ့်ဇနီး ချစ်သူကို နောက်တကောင်က ကိုယ့်ရှေ့မှာ အရစ်ခံနေရ အကပ်ခံနေရတဲ့ မြင်ကွင်းကို လှောင်အိမ်အပြင်ကနေ ကြည့်နေရတဲ့ ဘဝမျိုးပေါ့။

ဒီတော့ ယောက်ယက်ခတ်တဲ့ စိတ်နဲ့ လှောင်အိမ်ကို ပတ်ပြေးနေရရှာတယ်။ အရူးတပိုင်းဖြစ်တာ သေချာသွားပြီဆိုရင် သူ့ကိုလှောင်အိမ်ထဲ ပြန်ထည့်ပေးပါတယ်။ ဒီလိုမျိုးဆို ခိုအထီးက သဘောပေါက်သွားပြီ။ သူခရီးက ပြန်မလာရင် သူ့နဲ့အတူနေတဲ့ ခိုအမကို နောက်အထီး တကောင်နဲ့ အတူတူနေခိုင်းမယ်ဆိုတဲ့ သဘောကိုမြင်အောင် လေ့ကျင့်တာပါ။ ဒါကြောင့် အဲဒီလို လေ့ကျင့်ခံထားရတဲ့ ခိုတွေလည်း ရောက်တဲ့နေရာကနေ အိမ်ကို ပြန်လာကြရတာပါပဲ။ ဒါကစွဲလမ်းခြင်း တဏှာနဲ့ ချုပ်ကိုင်စေခိုင်း တဲ့ပုံစံပါ။

နောက်တနည်းကတော့ အစားအစာနဲ့ ထိန်းချုပ်ထားပုံပါပဲ။ သိပ်ထွေထွေထူးထူး ကျွေးရတာမျိုးတော့ မဟုတ် ပါဘူး။ ခိုတွေ နေ့စဉ်သောက်တဲ့ ရေထဲကို ဇီးဖြူသီးထောင်းပြီး နေ့စဉ်ထည့်တိုက်တာမျိုးပါ။ ဇီးဖြူသီး ထောင်း ထားတဲ့အရည်အရသာ ဖန်သလိုလို ချိုသလိုလို အရသာကို ခိုတွေက သိပ်ကြိုက်ပါတယ်။ အဲဒီအရည်ကို ခိုတွေ စွဲစွဲ လန်းလန်းသောက်နေပြီး ရိုးရိုးရေ တိုက်လို့ မသောက်ကြတော့တဲ့ အချိန်ရောက်ရင် စာပို့ခိုတွေ အဖြစ် ခိုင်းစေလို့ ရပါပြီ။ ဘယ်နေရာရောက်ရောက် ခိုတွေက ရေငတ်နေချိန်  ရိုးရိုးရေသောက်ရင် သူတို့ အာသာ မပြေပါဘူး။ သူတို့သောက်နေကြ ဇီးဖြူသီးထောင်းပြီး ထည့်တိုက်ထားတဲ့ရေကိုပဲ သောက်ချင်ကြတော့ ရောက်ရာနေရာကနေ အိမ်ကိုပြန်လာကြရတယ်။

နောက်တနည်းကတော့ ကမ္ဘာစစ်အတွင်းကသုံးခဲ့တဲ့ နည်းပါ။ ခိုတွေကို   ဘိန်း ကျွေးပြီး စွဲလမ်းစေပါတယ်။  ဒီနည်းကလည်း ဇီးဖြူသီးထောင်းရေ နည်းအတိုင်းပါပဲ။ ဒီလိုနည်းလမ်းပေါင်းစုံနဲ့ လူတွေရဲ့ အသုံးချခြင်းကို ခိုတွေက ခေတ်အဆက်ဆက် ခံခဲ့ကြရပါတယ်။ လူတွေရဲ့ ကြံဖန်တတ်တဲ့ ဥာဏ်ရည်ကိုပဲ ချီးကျူးရမလား၊ အသုံးချခံ သတ္တဝါလေးတွေကိုပဲ သနားရမလားတွေးတော့ စိတ်တွေက နိမ့်လိုက်မြင့်လိုက်ပါပဲ။


ခိုတွေက လေ့ကျင့်ထားတဲ့ စွဲလမ်းခြင်း တစ်ခုကြောင့် အိမ်ကိုရောက်အောင် ပြန်ကြတယ်။
ကျနော်တို့က သံယောဇဉ် ကြိုး ချည်ခံထားရတာတောင် အိမ်ကို မပြန်နိင်ကြသေးဘူး။
ဒီစာအဆုံးမှာ အဲဒီလို ဆက်တွေး လိုက် မိပါတယ်။
(ကိုသုနြေ္ဒ နဲ့ ညောင်းရမ်း ပြောပြတဲ့ ဗဟုသုတလေးပါ)

။.............................................................................။

လေးစားရသောတိုင်းရင်းသားတယောက်

28 July 2009

41 comments
ဘလော့လောကကို ကိုင်လှုပ်ဘို့ တချိန်လုံးစဉ်းစားနေတဲ့ ကိုလူထွေးကြီးက တက်(တဂ်)စာတွေ ကျွေးလာပါတယ်။ လေးစားမိတဲ့ တိုင်းရင်းသားတယောက်ဆိုပြီး စဉ်းမိတဲ့ အချိန်မှာ ကျွန်တော် ကြာကြာမစဉ်းစားလိုက်ရဘဲပုဂ္ဂိုလ်တယောက် အကြောင်း ခေါင်းထဲရောက်လာပါတယ်။ လက်နက်မစွဲ ကိုင်ခဲ့ပေမယ့် ကိုယ့်ပြည်သူတွေအပေါ်စေတနာထားပြီး ဆောင်ရွက်ခဲ့တဲ့ လူပုဂ္ဂိုလ် အာဇာနည် တယောက် အကြောင်း ရေးချင်ပါတယ်...။ သူ့ကိုတော့ သိတဲ့သူတွေရှိနိင်သလို မသိတဲ့သူတွေလည်း ရှိနိင်ပါတယ်...။ သူကတော့........

ကျွန်တော်တို့ မူလတန်းကျောင်းသားဘ၀က ကျွန်တော်တို့ ကျောင်းအုပ်ဆရာကြီးက လေးတန်းကျောင်းသား တွေကို သမိုင်းဘာသာရပ် သင်ပေးတယ်...။သူစာသင်တဲ့ အချိန်တွေမှာ ကျောင်းစာအပြင် တခြားအားကျဖွယ် လူပုဂ္ဂိုလ်တွေရဲ့ ဘ၀ဇာတ်ကြောင်းကိုလည်း အလျဉ်းသင့်သလို ပြောပြလေ့ရှိတယ်...။ ဗိုလ်ချုပ်အောင်ဆန်း ဒီးဒုတ်ဦးဘချို အမျိုးသားပညာဝန်ဦးဖိုးကျား ဦးရာဇတ် အစရှိတဲ့ အမျိုးသားအာဇာနည် တွေကနေ မီးပုံးပျံဦးကျော်ရင် အထိ ဗဟုသုတရစေရန် အားကျစေရန် ရည်ရွယ်ပြီး ပြောပြခဲ့တယ်..။ဆရာကြီးပြောပြခဲ့တဲ့ အထဲက ကျွန်တော်မမေ့နိင်သေးတဲ့ မျိုးချစ်ပုဂ္ဂိုလ် တယောက်အကြောင်းကို ရေးပြချင်ပါတယ်...။

သူကတော့ မျိုးချစ်ပုဂ္ဂိုလ် မွန်တိုင်းရင်းသား ဦးနာအောက်ပါပဲ...။ လေးစားမိတဲ့ တိုင်းရင်းသားတယောက် အဖြစ်
ဦးနာအောက်ကိုရွေးရတာ အကြောင်းရှိပါတယ်...။ ဒါကတော့ ဦးနာအောက်ရဲ့ ဘ၀ဖြတ်သန်းပုံနဲ့ ဆိုင်ပါလိမ့်မယ်...။ မှတ်တမ်းတခုလို ပြောရရင် ဦးနာအောက်ကို ၁၈၃၂ခုနှစ်မှာမွေးဖွားခဲ့ပြီး အသက် ၈၁ နှစ်အရွယ်မှာ ကွယ်လွန်ပါတယ်..။ ဦးနာအောက်က ကြာသာပတေးသားပါ...။ သူ့မှာ ညီအကို မောင်နှမ ၅ယောက်ရှိပြီး သူက ၄ ယောက်မြောက်သားပါပဲ...။ ငယ်ငယ်ကတော်တော်ဆင်းရဲခဲ့ပေမယ့် ကိုယ်စွမ်း ဥာဏ်စွမ်းကို အရင်းပြုပြီး ကြိုးစားခဲ့တာ အရွယ်ရောက် ချိန်မှာ သစ်ထုတ်လုပ်ရေး လုပ်ငန်းကို ကိုယ်ပိုင် လုပ်ကိုင် လာနိင်ပြီး တဖြည်းဖြည်း ကြွယ်ဝ ချမ်းသာလာခဲ့တယ်...။

ချမ်းသာလာတဲ့ ဦးနာအောက်အနေနဲ့ အဲဒီအချိန်မှာ တောင်သူလယ်သမားတွေရဲ့ ဒုက္ခကို မြင်မိလာတယ်။ အဲဒါကတော့ တောင်သူလယ်သမားတွေခင်မျာ ချစ်တီးကုလား တွေဆီကမြင့်မားတဲ့ အတိုးနှုန်းနဲ့ ငွေချေးယူရပြီး အချိန်တန်ရင်မတန်တဆ အတိုးနှုန်းနဲ့ ပြန်ဆပ်နေကြရတာပါပဲ...။ အဲဒါနဲ့ သစ်သူဌေး ဦးနာအောက်က ငွေတိုချေး စပါးဝယ်အလုပ်ကို ချစ်တီးတွေနဲ့ အပြိုင် အသက်သာဆုံးဈေးနှုန်းနဲ့ တောင်သူလယ်သမားတွေကို ကူညီတယ်...။ အခုမှ ၀င်လာတဲ့ ဦးနာအောက်ကို ချစ်တီးတွေက လုပ်ငန်းချင်း တိုက်ခိုက်ကြပြန်တယ်....။ ပြည်သူလူထုအချင်းချင်းပေါ် စေတနာထားတဲ့အကျိုးကြောင့် အနီးပါတ်ဝန်းကျင်က တောင်သူလယ်သမား တွေက ဦးနာအောက်ဘက် ရပ်တည်ပြီး ငွေချေး စပါးရောင်းပေးကြတော့ အဲဒီနယ်မှာ ဦးနာအောက်က ချစ်တီးကုလား တွေကိုအလဲထိုး နိင်ခဲ့တယ်..။

ပြည်သူတွေဘက်က ရပ်တည်ဘို့ ပိုအားတက်သွားတဲ့ ဦးနာအောက်အနေနဲ့ နောက်ထပ် ပွဲတပွဲကို ထပ်နွဲပြန်ပါတယ်...။ ဒီတခါပွဲကတော့ ပိုကြီးပါတယ်...။ အဲဒီအချိန်က ပြည်တွင်းရေကြောင်းသွားလာရေး လုပ်ငန်းတော်တော်များများကို နယ်ချဲ့အင်္ဂလိပ်တွေပိုင်တဲ့ ဧရာဝတီကုမ္ပဏီ က ချုပ်ကိုင်ထားတယ်...။ ဦးနာအောက်က ပြည်တွင်းရေကြောင်းခရီးသွားလာရေး လုပ်ငန်းမှာ အင်္ဂလိပ်တွေနဲ့ ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။ အဲဒါနဲ့ အင်္ဂလန်ကနေ မီးသင်္ဘောတွေ မှာယူပါတယ်.။ကိုယ်ပိုင်သင်္ဘောကျင်းကိုလည်း သိန်းချီ အကုန်ခံပြီး တည်ဆောက်ပါတယ်..။ မကြာခင်မှာ နှစ်ထပ်သင်္ဘော(၇) စင်းအပါအ၀င် မီးသဘောင်္ (၉)စင်းနဲ့ စတင်ပြေးဆွဲပါတော့တယ်...။

ပြည်သူတွေ အတွက်ရည်ရွယ်ထားတဲ့အတိုင်း သဘောင်္စီးနင်းခတွေကို ဧရာဝတီ ကုမ္ပဏီထက်လျှော့ယူတဲ့အပြင် အသက်အရွယ်ကြီးမြင့်တဲ့ အဘိုးအဘွားတွေနဲ့ ခလေးတွေကို အခမဲ့စီးနင်းခွင့်ပြုပါတယ်...။ဘုန်းတော်ကြီးတွေနဲ့ သီလရှင်တွေကိုလည်း သဘောင်္စီးနင်းခ လှူဒါန်းပါတယ်...။အမျိုးသားပိုင်ဖြစ်တဲ့ အပြင် ဈေးနှုန်းလျှော့ ယူတဲ့အတွက် ဦးနာအောက်ပိုင်တဲ့ သဘောင်္အခေါက်တိုင်းမှာ ခရီးသွား ပြည်သူတွေနဲ့ ပြည့်နေခဲ့ပါတယ်။ ရေကြောင်း သွားလာရေးမှာ ကြာရှည်လက်ဝါးကြီးအုပ်ထားတဲ့ ဧရာဝတီအနေနဲ့ လတ်တလော စီးပွါးရေးအရ အရှုံးပေါ်လာတဲ့အပြင် လုပ်ငန်းသဘောအရပါ အရှက်ရစရာ ဖြစ်လာပါတယ်..။

ဒီလိုနဲ့ ဧရာဝတီကုမ္ပဏီက ဦးနာအောက်ရဲ့ လုပ်ငန်းကို အပြုတ်တိုက်ဘို့ ကြံစည်လာပါတော့တယ်..။ ဦးနာအောက်ယူတဲ့ သဘောင်္နှုန်းထားထက် လျှော့ယူရင် ခရီးသည်တွေအနေနဲ့ သူတို့သဘောင်္ကိုပဲ စီးကြမယ် အခုမှ စလုပ်တဲ့ ဦးနာအောက်ကလည်း သူတို့နဲ့ အပြိုင် အရှုံးမခံနိင်ဘူးလို့ တွေးထင်ပြီး ဦးနာအောက်ထက် ပိုပြီး သဘောင်္ခတွေ လျှော့ယူပြန်ပါတယ်...။ ဧရာဝတီ ကုမ္ပဏီ ရဲ့အတွေးဟာ တ၀က်ပဲ မှန်ခဲ့ပါတယ်။ ဈေးနှုန်းလျှော့ယူတဲ့အတွက် ခရီးသည်တွေပြန်ရလာတာ မှန်ပေမယ့် ဦးနာအောက်ရဲ့ စိတ်ဓါတ်ကိုတော့ သူတို့ မပြောင်းလဲနိင်ခဲ့ပါဘူး...။ ဆင်းရဲတဲ့ဘဝက လာသလို ဆင်းရဲတဲ့ ဘဝကို ပြန်သွားရမှာ မကြောက်တဲ့ ဦးနာအောက်ရဲ့ စိတ်ထဲမှာ နယ်ချဲ့တွေကို သူတတ်နိင်သလောက်နဲ့ တိုက်မယ် ဆိုတဲ့ စိတ်ကတော့ မပြောင်းလဲခဲ့ပါဘူး..။

ဒီတော့ဦးနာအောက်က ဧရာဝတီ ကုမ္ပဏီ ထက်ဈေးနှုန်းလျှော့ယူပြန်တယ်...။ အဲဒီလိုနဲ့ ဧရာဝတီ ကုမ္ပဏီနဲ့ ဦးနာအောက်တို့ သဘောင်္စီးခ သူ့ထက်ငါ ဈေးလျော့ယူရင်းနဲ့ နောက်ဆုံးတော့ အလကား စီးလို့ရတဲ့အထိဖြစ်သွားပါတယ်။ အဲဒီတော့ ဦးနာအောက်က သူ့သင်္ဘောစီးတဲ့ ခရီးသည်တွေကို အလကား စီးနင်းခွင့်ပြုတဲ့အပြင် လက်ကိုင်ပုဝါ တွေပါလက်ဆောင်ပေးပြန်တယ်..။

ဒီတခါတော့ ဧရာဝတီ ကုမ္ပဏီ က ဈေးလျှော့ယူတဲ့နည်းနဲ့ မယှဉ်နိင်တော့တဲ့အတွက် သူတို့နောက်တနည်း ကြံစည် ကြပြန်တယ်။ အဲဒါကတော့ သဘောင်္ဆိုက်ကပ်တဲ့ ဆိပ်ကမ်းတွေကို အခွန်ဆောင်ပြီး ၀ယ်ယူပါတယ်..။ ဆိပ်ကမ်းတွေကို သူတို့အပိုင် ၀ယ်ယူလိုက်တော့ ဦးနာအောက်ရဲ့ သဘောင်္တွေ ဆိပ်ကမ်းမှာ ဆိုက်ကပ်ခွင့် မရဘဲ ဒုက္ခတွေ့ရတော့တယ်...။

အဲဒီတော့ ဦးနာအောက် အနေနဲ့ နောက်တနည်းကြံရပြန်တယ်...။ မကြာခင်မှာပဲ အကြံပေးတွေရဲ့ ကောင်းလွန်းတဲ့ အကြံအစည် တခုကိုဦးနာအောက်ရရှိသွားတယ်။အဲဒါကတော့ ဧရာဝတီ ကုမ္ပဏီ အနေနဲ့ ဆိပ်ကမ်းတွေကို အခွန်ဆောင်ပြီး ၀ယ်ယူနိင်ရင် သူတို့ကလည်း မြစ်ချောင်းတွေကို အခွန်ဆောင်ပြီး နှစ်ကာလအပိုင်းအခြားနဲ့ ဝယ်ယူနိင်ရမှာပဲ ဆိုတဲ့ အကြံပါပဲ.။ သူတို့အကြံအစည်အတိုင်းပဲ မြစ်ချောင်းတွေကို အခွန်ဆောင်ပြီး ၀ယ်ယူလိုက်တော့ ဧရာဝတီ ကုမ္ပဏီ အုပ်စု ဒုက္ခတွေ့ တော့တာပါပဲ..။ ဆိပ်ကမ်းဆိုက်ခွင့်မရတဲ့ ဦးနာအောက်ရဲ့ သဘောင်္တွေနဲ့ မြစ်ချောင်းထဲ သွားခွင့်မရတဲ့ ဧရာဝတီ ကုမ္ပဏီပိုင်သင်္ဘောတွေကြောင့် ခရီးသည်တွေ အနေနဲ့ စီးနင်းစရာအခက်အခဲနဲ့ ကြုံကြရတယ်..။

ပြဿနာကတဖြည်းဖြည်းကြီးလာပြီး နောက်ဆုံးတော့ တရားရင်ဆိုင်ရတဲ့အထိ ဖြစ်ကုန်တော့တယ်..။ တရားရုံးအနေနဲ့ နောက်ဆုံးတော့ ဧရာဝတီ ကုမ္ပဏီ ပိုင်သဘောင်္တွေကို ခရီးစဉ်အရင်ထွက်ပြီး ရည်ရွယ်ရာ ဆိပ်ကမ်းကို အရင်ရောက်ရမယ်ဆိုတဲ့ စီရင်ချက် ချပေးလိုက်တယ်...။သဘောကတော့ ဧရာဝတီ ကုမ္ပဏီ အနေနဲ့ သဘောင်္အရင်ထွက်ခွင့် ရှိပေမယ့် လမ်းခုလပ်ရဲ့ဆိပ်ကမ်းတွေမှာ ခရီးသည်တွေကို အချိန်ဆွဲပြီး စောင့်ခေါ်ခွင့်မရှိပါဘူး...။ သတ်မှတ်တဲ့ရပ်နားချိန်အတိုင်း ရပ်နားပြီး ဆက်ထွက်ရမယ်ဆိုတဲ့ သဘောမျိုးပါပဲ။ အရှုံးအမြတ်ကို မတွက်ဘူးဆိုရင်တောင် ဒီလိုပြန်တိုက်ခဲ့တဲ့ စိတ်ဓါတ်တခုထဲနဲ့ပဲ ကျွန်တော်ကတော့ ဦးနာအောက်ကို လေးစားဖွယ် မျိုးချစ်အာဇာနည်လို့ သတ်မှတ်ပါတယ်...။

ဦးနာအောက်က အင်မတန်မှ စိတ်သဘောထားပြည့်ဝပြီး မာန်မာနမရှိတဲ့သူပါ...။ အင်္ဂလိပ်ရဲ့ စပါးဝယ်တဲ့ ကိုယ်စားလှယ်တယောက်က ဦးနာအောက်ရဲ့ ရွာကို ရောက်ရင်းနဲ့ အဲဒီအချိန်မှာ နာမည်ကြီးနေတဲ့ဦးနာအောက်ကို ဘယ်လိုပုံမျိုးလဲဆိုပြီးတကူးတက သွားကြည့်တော့ အိမ်ရှေ့ကွပ်ပစ်မှာ နှီးထိုင်ဖျာနေတဲ့ ဦးနာအောက်ကို တွေ့ရတယ်လို့ စာတအုပ်ထဲမှာ ဖတ်ခဲ့ရဖူးပါတယ်...။

ဦးနာအောက်ရဲ့ လူမှုရေးလုပ်ငန်းတွေ သာသနာအကျိုးဆောင်ရွက်တာတွေကိုတော့ ချန်လှပ်ထားခဲ့ပါတယ်...။ ဘာကြောင့်ဆိုတော့ ကျွန်တော်အဓိက ရေးပြချင်တဲ့ ရည်ရွယ်ချက်က ဦးနာအောက်ရဲ့ ကိုယ့်ပြည်သူ အချင်းချင်းဘက်က ရပ်တည်ပြီး နယ်ချဲ့အင်္ဂလိပ်တွေနဲ့ ချစ်တီးကုလားတွေကို စီးပွါးရေးနည်းနဲ့ ရင်ဆိုင်တိုက်ခဲ့တာကို သိစေချင်ရုံပါ...။ ဦးနာအောက်ကို ယခုအချိန်ထိ အကြောင်းတိုက်ဆိုင်တိုင်း သတိတရ ဖြစ်မိတဲ့ အကြောင်းတွေ ရှိပါတယ်...။ အဲဒီအကြောင်းတွေ ကြောင့်လည်း လေးစားရတဲ့ တိုင်းရင်းသား ခေါင်းဆောင်တစ်ဦး အဖြစ် ဦးနာအောက်ကို ရွေးရတာပါ..။ ဦးနာအောက်က ကိုယ့်စည်းစိမ် အပြုတ်ခံပြီး နယ်ချဲ့တွေကို စီးပွါးရေးနဲ့ ရင်ဆိုင်ခဲ့တယ် ...။ ပြည်သူတွေဘက်က ရပ်တည်ခဲ့တယ်..။

နယ်ချဲ့ခေတ်မှာတောင် အသက်နဲ့စည်းစိမ်ဥစ္စာတွေ စတေးရဲတဲ့ အာဇာနည်သူရဲကောင်းတွေ မရေနိင် လောက်အောင် ထွက်ပေါ်လာခဲ့ပြီး ကိုယ်နိင်ငံကိုယ်ပိုင်တဲ့အချိန်ရောက်မှ တရက် ငွေ နှစ်ထောင်လောက် ရရုံနဲ့ ကိုယ့်လူမျိုးအချင်းချင်း ဝါရင်းတုတ် ကိုင်ပြီးရိုက်တဲ့ လူတွေကြောင့် ဒီလိုမျိုးချစ်ပုဂ္ဂိုလ်တွေကို ပိုပြီးသတိတရ ဖြစ်မိပါတယ်...။

ဒါကြောင် လေးစားရသော တိုင်းရင်းသားတယောက်အဖြစ် မွန်တိုင်းရင်းသား ဦးနာအောက် အကြောင်းရေးဖြစ်ပါသည်..။


..............................................................................................................................................................



နေ၀င်ခဲ့သောဘ၀များ

01 May 2009

20 comments
ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ အဖြစ်ဆိုးခဲ့ရတဲ့နေ့ တသက်လုံးစာ အိမ်မက်ဆိုးတွေ ပေးခဲ့တဲ့နေ့က
နှစ်ပါတ်လည်ပြန်ရောက်လာခဲ့ပြီ..ဒီလိုနေ့ရက်တွေမှာ ကျန်ရစ်ခဲ့ရတဲ့သူတွေရဲ့ စိတ်နှလုံးတွေ
ဘယ်လောက်တောင်နာကျင်နေကြမလဲ.သတိရတမ်းတ စိတ်တွေနဲ့ ငိုကြွေးနေကြရမယ် ပူလောင်နေကြရမှပဲ...

နာဂစ်မုန်တိုင်း ၀င်မွှေတဲ့အဖြစ်ကို သတိရမိတိုင်း ယူကြုံးမရဖြစ်မိတယ်။
ဒါဟာ ငလျင်လှုပ်ခဲ့တာမဟုတ်ဘူး..မုန်တိုင်းတခု ဖြစ်ပေါ်ဘို့ အတွက် အချိန်ယူရတယ် အရှိန်ယူရမယ်..။
တိတ်တဆိတ်ရောက်လာတာ မဟုတ်ဘူး ..၀င်လာတဲ့လမ်းကြောင်းက ထင်ထင်ရှားရှား ရှိတယ်..
ဒီလောက်ရုပ်ပျက်ဆင်းပျက် မဖြစ်ခဲ့သင့်ပါဘူး။

ဘယ်မှာလဲငါတို့ လူမျိုးတွေအတွက် လုံခြုံမှု ဘေးကင်းတဲ့နေရာ ..ဘယ်မှာလဲ ကာကွယ်တာဆီးပေးမှု
ကျွန်တော်ပြန်တွေးတိုင်း စိတ်ထဲမှာ နာကျင်နေရတုန်းပါပဲ။တုတ်နဲ့ဝိုင်းရိုက်တာမျိုး ထက်အဆပေါင်းများစွာ
အဖြစ်ဆိုးခဲ့တယ်..။

ဘ၀မှာတခါမှ မကြုံဘူးတဲ့ လှိုင်းလုံးကြီးတွေ ကို အံ့သြချိန်တောင်ရခဲ့ ကြပါ့မလား။။။။။
မမျှမတနဲ့ အသက်လုရင်း ဘယ်လိုများ သေမင်းကို အရှုံးပေးခဲ့ကြမလဲ...။
ကိုယ်ကိုတိုင် ရုန်းကန်နေရချိန် ကိုယ့်ရဲ့မိသားစုအတွက် စိတ်နှလုံးတွေ ဘယ်လောက်များ လောင်မြိုက်နေခဲ့ကြမလဲ..။

ကိုယ့်မိသားစု အလောင်းကို ဘယ်လိုနာကျင်မှုမျိုးနဲ့လိုက်ရှာနေခဲ့ကြမလဲ..
ကျန်ရစ်ခဲ့တဲ့ အဖြစ်ကို မလိုချင်ဘဲအတူတူ တခါတည်းသေသွား ရင်ကောင်းမယ်ဆိုတဲ့
အနိမ့်ဆုံးစိတ်ဓါတ်တွေနဲ့ သူတွေ ဘယ်လောက်တောင် ကျန်ခဲ့ကြမလဲ..ဘ၀တလျှောက်လုံးလဲ သူတို့အတွက်
အိမ်မက်ဆိုးတွေအခါခါ မက်ကြရတော့မယ်...။


အဲဒီနေ့ ကျွန်တော်အလုပ်က ပြန်လာတော့ သတင်းဆိုးက ဆီးကြိုနေခဲ့တယ်...အမှန်အတိုင်းပြောရရင်
မြန်မာပြည်မှာ မုန်တိုင်းဝင်တယ် ဆိုပေမယ့် ဒီလောက်အထိ အခြေအနေ ဆိုးဝါးခဲ့မယ်လို့ မယုံကြည်ခဲ့ပါဘူး..
CNN မှာ စောင့်ကြည့်တော့ BREAKING NEWS မှာ ကြည့်နေရင်းနဲ့ကို ကိန်းဂဏန်းတွေ က များများလာတယ်
ရင်ထဲမှာလည်း ဆို့ကျပ်လာနေပြီ..ဟုတ်ပါ့မလား အဲဒီလောက် ဖြစ်နိင်ပါ့မလား တွေးရင်းနဲ့ အမှန်တရားကို
လက်ခံလိုက်ရတယ်။တကယ်ကို မျက်ရည်ဝဲခဲ့ရတယ်...

နောက်နေ့တွေမှာ အနိဌာရုံ ဓါတ်ပုံတွေ ပလူပျံနေခဲ့တယ်..။
ဓါတ်ပုံတွေ ကြည့်ရင်းနဲ့ မိသားစုတစု လက်တွေကို ကြိုးတွေနဲ့ ပါတ်ပြီး ပိုးလိုးပက်လက် သေနေတဲ့ဓါတ်ပုံ တပုံကို
ကြည့်မိတော့ကျွန်တော် ထိန်းမရတော့ဘူး မျက်ရည်ကျခဲ့ရတယ်..



အတူတူရှင်အောင်ကြိုးစားရင်း အတူတကွသေဆုံးသွားကြတဲ့ မိသားတစုရဲ့ နွေးထွေးတဲ့မေတ္တာ ကိုမြင်ရတယ်။
ဒီလိုဘ၀ဆိုးတွေ အများကြီးပါပဲ...အလောင်းတွေ သောင်ပြင်မှာ ပြန့်ကျဲနေတယ်။
ခွေးသေ၀က်သေ သေပြီး အစွန့်ပစ်ခံ ခဲ့ကြရမယ်လို့ ဘယ်သူကတွေးခဲ့မိမလဲ....။

လူနဲ့တူအောင် မြုပ်နှံပေးဘို့ ကြိုးစားခဲ့တဲ့သူတွေ သံတိုင်တွေ အနောက်ကိုရောက်ကုန်ကြတယ်။
ငတ်မွတ်နေတဲ့ ငါတို့လူမျိုးအချင်းချင်း တလုပ်တဆုပ် ပေးကမ်းဘို့ အားထုတ်တဲ့သူတွေ အုတ်နံရံတွေနောက်
ရောက်ကုန်တယ်..အမှောင်တိုက်တွေထဲ ရောက်ကုန်တယ်။

ပစ္စလက္ခ နိင်ငံမှာ ဖရိုဖရဲ ကြီးပြင်းလာခဲ့ကြတဲ့ သူတွေအတွက် သေခြင်းတရားက အမြဲတမ်းနီးနီးလေးမှာ ရှိနေတယ်
ငတ်မွတ်ခြင်းက ဖွားဖက်တော်ဖြစ်နေခဲ့ကြတယ်..နွေးထွေးမှု မရှိဘူး အကာအကွယ်မရခဲ့ကြပါဘူး
ဘ၀ရဲ့နိဂုံးတွေလည်း မလှခဲ့ကြပါဘူး။...အားလုံးကောင်းရာမွန်ရာ ရောက်ပါစေ..




ဒီလိုလက်ဖြန့်တောင်းရမယ်မှန်းသိရင် သူတို့ ရှင်ကျန်ရစ်ခဲ့ချင်ပါ့မလား။ငါးပါးသောရန်သူမျိုးက
သူတို့လက်တွေကို ဖြန့်တောင်းတတ်စေတယ်...။ငတ်မွတ်ခြင်းက သူတို့တွေကို လက်ဖြန့်တောင်းစေခဲ့တယ်..။
ရောင့်ရဲစွာ နေတတ်ခဲ့တာတောင် သူတို့ တောင်းစားနေရတယ်..။
ငါတို့လူမျိုးတွေ နေ၀င်ကြတော့မှာလား...

သေသွားတဲ့သူတွေ အားလုံး ဘ၀မှာလူသားဆန်ခွင့် မရခဲ့ကြဘူး..ကျွန်တော်တို့လည်း အတူတူပါပဲ..
နာဂစ်ဟာ လူတသိန်းကျော်နဲ့ တညတာ အဖြစ်ဆိုးဆိုရင် .....
လူသန်းငါးဆယ်ကျော်နဲ့ တစ်ဘ၀စာ အဖြစ်ဆိုးလည်း ကျွန်တော်တို့ မြန်မာနိင်ငံမှာ ရှိနေသေးတာတော့ မမေ့ကြပါနဲ့....။

 

Posts Comments

©2006-2010 ·TNB